Zawgyi
မဟော်နဲ့မင်းမြတ်တို့ မတွေ့ဖြစ်ကြတာ အခုဆို နှစ်လနီးပါးတောင် ရှိနေပြီဖြစ်သည်။အရင်တစ်ခေါက် စိတ်ဆိုးတုန်းကဆိုရင် ဖုန်းတစ်ခါတလေပြောဖြစ်ပေမယ့် ဒီတစ်ခေါက်ကတော့ ဆက်သွယ်လိုက်တိုင်း ကိုင်တောင်မကိုင်ဘဲ ဖုန်းချသွားတတ်သည်။
ကျောင်းချိန်နှင့်ကျူရှင်ချိန်ကို အလွတ်ရနေပြီဖြစ်သည့်အတွက် သူရှိလောက်မယ့်အချိန်ကို ခန့်မှန်း၍ သွားစောင့်နေတတ်ပေမယ့် တမင်ပင်လုပ်နေသလားလို့ ထင်ရသည်အထိ ဘယ်တော့မှ မျက်နှာချင်းဆိုင်မတွေ့ဖြစ်ကြ။ဒီတစ်ခေါက်ကရော ဘာကိစ္စကြောင့် သူ့ကို စိတ်ဆိုးသွားရပြန်တာလဲ။အိမ်ပြန်လိုက်ပို့တဲ့နေ့ကလည်း သူတို့နှစ်ယောက် အဆင်ပြေပြေရှိနေကြတာ မဟုတ်ဘူးလား။
တစ်ယောက်တည်းအတွေးလွန်နေပြီး ကျောင်းခေါင်းလောင်းထိုးသံကြားတော့မှ ကျောင်းရှေ့ရောက်နေမှန်း အသိပြန်ဝင်လာတော့သည်။ကျောင်းပေါက်ဝနားသို့ အကြည့်ပြန်ပို့လိုက်ကာ မင်းမြတ်ကို စောင့်နေမိပြန်သည်။ဆယ်မိနစ်နီးပါးလောက် စောင့်နေပေမယ့် အရင်နေ့တွေကလိုပင် မတွေ့တာကြောင့် သက်ပြင်းချလိုက်မိသည်။
အကြည့်လွှဲမလို့လုပ်စဉ် ကျောင်းထဲမှ ထွက်လာသည့် တေးထက်ကို မြင်လိုက်တာကြောင့် အနားသို့ ပြေးသွားလိုက်သည်။မင်းမြတ် ဘာကိုစိတ်ဆိုးနေလဲဆိုတာ သိရဖို့က အဲ့ဒီကောင်လေးကို မေးကြည့်မှာပဲ သိရတော့မှာလေ။
"ညီလေး"
ကိုယံနှင့်အတူ အိမ်ပြန်မလို့လုပ်တုန်း အနောက်မှ ခေါ်သံကြောင့် ခြေလှမ်းများက တုံ့ခနဲရပ်သွားကာ လှည့်ကြည့်မိသည်။မဟော်ဖြစ်နေတာမို့လို့ သက်ပြင်းချလိုက်သည်။ကြည့်ရတာ ဒီနေ့လည်း မင်းမြတ်ကို လာစောင့်နေပုံရသည်။ဟိုကောင်ကဖြင့် သူ့ကို မတွေ့ချင်လို့ မုန့်ဈေးတန်းဘက်ကနေ ပြန်သွားတာလေ။
ကြားရဲ့သားနဲ့ ပြန်မထူးလျှင် ယဉ်ကျေးမှုမရှိသလို ဖြစ်မည်စိုးတာကြောင့် လှည့်ကြည့်လိုက်သည်။တိမ်စိုင်ကလည်း မဟော့်ကို အရင်ကတည်းက ကျောင်းမှာ မြင်ဖူးနေကျမို့လို့ ဘာမှမပြောဘဲ တေးထက်၏ ဘေးနားတွင်သာ ငြိမ်ငြိမ်လေး ရပ်လို့နေသည်။
YOU ARE READING
Confession
RomanceIs it OK to fall in love with your best friend? Note-This fiction is just my imagination.Thank you. Start date-1/7/2021 End date-31/10/2021