Chapter-30

132 8 0
                                    

Zawgyi

ဘာလိုလိုနှင့် စာသင်ရက် တစ်ရက်ပြီးတစ်ရက်ကို ကျော်ဖြတ်လာရာ ဒီဇင်ဘာလတောင် ရောက်လာပြီဖြစ်သည်။ဆယ်တန်းစာမေးပွဲဖြေဖို့လည်း တဖြည်းဖြည်းနှင့် နီးကပ်လာသည့်အတွက် တချို့ကျောင်းသားများပင် နဂိုကထက်ပို၍ စိတ်ပင်ပန်းလာရသည်။ဒီစာမေးပွဲက သူတို့အတွက် ဘယ်လောက်တောင် အရေးကြီးလိုက်သလဲ။

တစ်ရက် တစ်ရက်နီးလာသည်နှင့်အမျှ စာသင်ချိန်ကလည်း အရင်ရက်တွေထက်ပင် ပိုများလာသည်။မဟော့်မှာ နားချိန်ဆိုတာ မရှိ၊သူကိုယ်တိုင်ကလည်း နားချင်စိတ်မရှိတာ ပါမည်ထင်သည်။သုံးလပိုင်းမှာ ဖြေရမည့် စာမေးပွဲကို ကောင်းကောင်းဖြေနိုင်မှ သူလုပ်ချင်တာတွေကို ဆက်လုပ်လို့ ရမည်မဟုတ်လား။

ကျောင်း၊အိမ်၊ကျူရှင် ထိုသုံးခုကိုသာ သွားလိုက်၊ပြန်လိုက်နှင့် သူ့နေ့ရက်တိုင်းကို ကုန်ဆုံးလေ့ရှိသည်။ငြီးငွေ့စရာ ကောင်းသလိုလို ရှိပေမယ့်လည်း ဒါက သူလုပ်ကိုလုပ်ရမယ်လို့ သတ်မှတ်ထားတဲ့ အရာပဲလေ။တခြားဘက် အာရုံစိုက်ဖို့ အချိန်မရှိသည့်အတွက် မင်းမြတ်နှင့် မတွေ့ဖြစ်တာတောင် နှစ်ပတ်လောက် ရှိနေပြီဖြစ်သည်။

ထိုကလေးက သူ့အပေါ် အတော်လေး သံယောဇဉ်တွယ်နေပြီမှန်း ခန့်မှန်းမိနေသောကြောင့် တစ်ခါတလေတွင် သူ့လုပ်ရပ်က ဖြစ်သင့်ရဲ့လားဆိုတာကို သူခဏခဏ ပြန်စဉ်းစားမိသည်။သို့ပေမယ့် နောက်ပြန်ဆုတ်ဖို့တော့ လမ်းမရှိ။အဲ့ဒီကောင်လေးက စိတ်ဝင်စားစရာကောင်းလွန်းသည်လေ။လွယ်လွယ်နဲ့ လက်လွှတ်ပေးဖို့က ထင်ထားတာထက်ကို ခက်ခဲလွန်းတယ်။

စာကြည့်စားပွဲနားမှာ တစ်ယောက်တည်း စာလုပ်နေရင်းတန်းလန်း တင်ခနဲမြည်လာကာ ချက်ချင်းပင် လင်းလာသော ဖုန်းမျက်နှာပြင်ကြောင့် သူမျက်မှောင်ကြုံ့လိုက်သည်။ခုနကတည်းက ဖုန်းကို စက်ပိတ်ထားရမှာကို တကယ် မေ့သွားတာပဲ။

အာရုံစိုက်၍ မရတော့သောကြောင့် သူ့ဆံပင်ကိုသူ လက်ဖြင့် ထိုးဖွလိုက်သည်။ထို့နောက် မကြည်မလင်ဖြစ်နေသော မျက်နှာနှင့်ပင် ဖုန်းကို လှမ်းယူလိုက်သည်။နောက်တစ်ခါဆိုရင်တော့ စာမလုပ်ခင် ဖုန်းကို အရင်ပိတ်ထားဖို့ သတိထားရပေဦးမည်။မဟုတ်ရင် အလကားနေရင်း စိတ်ရှုပ်ရဦးမှာလေ။

ConfessionWhere stories live. Discover now