Chapter-27

106 10 0
                                    

Zawgyi

တေးထက် သူ့အခန်းထဲ ဝင်ဝင်ချင်းပင် အိပ်ရာပေါ်တွင် အခန့်သားလှဲအိပ်ပြီး သူ့ဖုန်းကို ယူသုံးနေသော တိမ်စိုင့်ကြောင့် ထိုနားသို့ သွားလိုက်ကာ ဖုန်းကို ဆွဲယူလိုက်သည်။ခွင့်ပြုချက်မရဘဲ သူများဖုန်းကို ကိုင်နေတာကြီးက ဘယ်လိုတောင် မဖြစ်သင့်တဲ့ ကိစ္စလဲ။

"ဟာ၊ငါသုံးနေတာကို ပြန်ပေးစမ်းကွာ"

"ငါ့ဖုန်းလေ။မင်းဖုန်းလည်း မဟုတ်ဘဲနဲ့ကို"

"ဘာပဲဖြစ်ဖြစ် မင်းပစ္စည်းလည်း ငါ့ပစ္စည်းပဲလေ။အခုမှ အထူးအဆန်းတွေ လာလုပ်နေတယ်"

"မင်း ငါ့ခေါင်းကို ခေါက်သွားတာလည်း ထည့်ပြောဦးလေ"

"ဖြည်းဖြည်းလေးပဲ ခေါက်တာပါ။အခုတလော ဘာလို့ အဲ့ဒီလောက် ဆတ်ဆတ်ထိမခံဖြစ်နေရတာလဲ"

အိပ်ရာပေါ်မှာ လှဲနေရင်းနှင့်ပင် တေး၏လက်ကို ဆွဲကာ ပြောလိုက်တော့ တေးထက်လည်း အိပ်ရာပေါ်တွင် ဝင်ထိုင်လာသည်။သူ့လက်ဖဝါးနှင့် အံဝင်ခွင်ကျဖြစ်နေသော တေးထက်၏ လက်က သူသဘောအကျဆုံးဟု ပြောလျှင်လည်း မမှားပေ။

ထိုလက်အား ဆွဲယူလိုက်ကာ ဖိကိုက်လိုက်တော့ ခပ်တိုးတိုးသည်းသံနှင့်အတူ မျက်စောင်းတစ်ချက်က တိမ်စိုင့်ဆီသို့ တန်းတန်းမတ်မတ်ရောက်ရှိလာသည်။သူကတော့ ပြုံးသာ ပြုံးနေရင်း ထိုလက်ကို လွှတ်မပေးနိုင်သေး။

"ဖယ်စမ်းဗျာ။ကလေးလည်း မဟုတ်ဘဲနဲ့"

"ဘာဖြစ်လို့လဲ။ငါသဘောကျလို့လေ"

တိမ်စိုင်က ဒီတိုင်းပြောလိုက်သော်လည်း တေးကတော့ မျက်နှာခပ်ရဲရဲဖြစ်သွားကာ တစ်ဖက်သို့ လှည့်သွားသည်။အတန်ကြာအောင်အထိ နှစ်ယောက်သား စကားပြန်မစမိကြ။တိမ်စိုင့်၏ အာရုံက တေးထက်၏ လက်တွင်သာ ရောက်နေပြီး တေးထက်၏ စိတ်အစဉ်ကတော့ ရောက်တတ်ရာရာ ဖြစ်လို့နေသည်။

"ဒီနှစ်လည်း မုန့်ဖိုးတွေ အများကြီးရမှာပေါ့။ကိုယံက ရှိသမျှ လူကြီးတွေ အကုန်လိုက်ပတ်ကန်တော့နေတာဆိုတော့"

"ဖြစ်ရမယ်။အဟမ်း၊ရထားတဲ့ မုန့်ဖိုးတွေကို အားနာပေမယ့် အမှန်တိုင်းပြောရရင် လူကြီးတွေက တအားကပ်စေးနှဲတာကွ။စကားကလည်း များသေးတယ်"

ConfessionWhere stories live. Discover now