Chapter-49

160 10 0
                                    

Zawgyi

တေးထက်နှင့် စကားများပြီးသည့်နောက်ပိုင်းတွင် တိမ်စိုင်ကိုယ်တိုင်က ရွှန်းလဲ့နှင့် သိပ်မရောဖြစ်တော့။ထိုကောင်လေး အထင်လွဲမှာကို သူမလိုချင်တော့ဘူးလေ။ပြီးတော့ တေးထက်က သူချစ်ရတဲ့သူဖြစ်နေတာကြောင့် ဒီလိုကိစ္စလေးတစ်ခုနဲ့ သူတို့နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေ ထပ်မဖြစ်ချင်တော့။

အကြောင်းအရင်းမရှိဘဲနဲ့ သူ(မ)နှင့် အနည်းငယ် အနေဝေးသွားသည့် တိမ်စိုင့်ကြောင့် ရွှန်းလဲ့၏အတွေးတို့က ဟိုရောက်ဒီရောက်ဖြစ်လို့နေသည်။သူ(မ)ရဲ့ အပြုအမူတွေက တိမ်စိုင့်အတွက် အနှောင့်အယှက်များဖြစ်နေတာလားလို့တွေးမိရင်း စိတ်ညစ်ရတာလည်း ခဏခဏပင်။

"တိမ်စိုင်"

"အင်း"

"ရွှန်းတို့ကြားမှာ အဆင်မပြေတာ တစ်ခုခုများ ရှိနေလို့လား"

သင်တန်းမှ ပြန်မလို့လုပ်စဉ် လက်ကိုဆွဲကာ မေးလာသည့် ရွှန်းလဲ့ကြောင့် တိမ်စိုင် ခေါင်းခါပြလိုက်သည်။သူတို့ကြားမှာ အဆင်မပြေစရာကိစ္စမှ မရှိတာ။ဒီတိုင်း တေးထက် အထင်လွဲမှာစိုးလို့ ဆက်မပတ်သက်ချင်ရုံပဲလေ။

"အဲ့ဒီလို မရှိပါဘူး။ဘာဖြစ်လို့လဲ"

"အခုတလော ရွှန်းကို တိမ်စိုင် ရှောင်နေတယ်ထင်လို့"

"အာ၊ဒီတိုင်းပါပဲ"

"စကားခဏလောက်ပြောဖို့ အချိန်ရလား"

ဒီနေ့ သင်တန်းစောစောဆင်းတာကြောင့် တေးထက်တို့နှစ်ယောက်က သူ့ဆီလာမည်ဟု ပြောထားသဖြင့် နာရီကို အရင်ကြည့်လိုက်သည်။နည်းနည်းစောနေတာမို့လို့ သူ(မ)စကားကို ခေါင်းညိမ့်ကာ လက်ခံလိုက်သည်။

"ရပါတယ်"

သူ့စကားကို ကြားတော့ ရွှန်းလဲ့ကပြုံးကာ ခေါင်းငုံ့သွားသည်။ခဏအကြာတွင် သူ(မ)၏နှုတ်ဖျားမှ ထွက်လာသည့် ဖွင့်ဟသံက တိမ်စိုင့်၏ မျက်ဝန်းတို့ကို အံ့ဩရိပ်ထင်ဟပ်သွားသည်အထိ လုပ်နိုင်သည်။

"ရွှန်းတို့ အစကနေ ပြန်စကြရအောင်"

"မဟုတ်..."

"တိမ်စိုင့်ကို သဘောကျတယ်"

မထင်မှတ်ဘဲ ကြားလိုက်ရသည့်စကားကို ချက်ချင်းတုံ့ပြန်ဖို့က သူ့အတွက် အနည်းငယ်တော့ ခက်ခဲနေခဲ့သည်။စဉ်းစားနေစဉ်မှာပင် သူ့နှုတ်ခမ်းကို လာရောက်ထိကပ်သည့် ရွှန်းလဲ့၏နှုတ်ခမ်းတစ်စုံ။ရုတ်တရက်ဆန်လွန်းတာကြောင့် ထိုအနမ်းကို ရှောင်ချိန်မရလိုက်။တစ်ဆက်တည်းမှာပင် မျက်လုံးထောင့်ကနေ မြင်လိုက်ရသည့် အရိပ်တစ်ခု။သူပြတ်ပြတ်သားသားဆုံးဖြတ်မှ ရတော့မည်။

ConfessionWhere stories live. Discover now