Chapter-12

158 15 0
                                    

Zawgyi

စာမေးပွဲက တစ်ရက်ကို နှစ်ဘာသာဖြေရသည့်အတွက် ကျောင်းသား၊ကျောင်းသူများအတွက် နည်းနည်းတော့ ဝန်ပိသည်။သို့သော်လည်း တစ်လအတွင်းမှာ ကျောင်းက သေသေချာချာလေ့ကျင့်ပေးထားသည်က ရှိသည်မို့ သိပ်တော့ စိတ်ပူစရာမလို။

ဝင်ခွင့်စာမေးပွဲဆိုသည့်အတိုင်းပင် သေချာစီစစ်၍ ရွေးချယ်ရမည်ဖြစ်သည့်အတွက် တချို့မေးခွန်းတွေက သာမန်ကျောင်းသားများအတွက် ဖြေဆိုဖို့ ခက်သည်။သို့သော်လည်း တချို့အတွက်တော့ အဲ့ဒီလောက် ခက်ခဲခြင်း မရှိပေ။

နောက်ဆုံးဘာသာဖြေပြီးသည့်နေ့တွင်တော့ အကုန်လုံးလည်း အတော်လေးပင်ပန်းနေပြီဖြစ်သည်။စာမေးပွဲ ဖြေဖြေပြီးချင်း အိမ်ပြန်ရလို့ပင် တော်သေးသည်ဟု ပြောရမည်။နောက်တစ်ပတ်လောက်နေရင် အမှတ်စာရင်းထွက်မှာဖြစ်သည့်အတွက် အချိန်ကတော့ အတော်လေးမြန်သည်ဟု ပြောရမည်။

ကြားထဲက အမှတ်စစ်သည့်နေ့တွင်တော့ ကျောင်းမတက်ရ၊အိမ်မှာသာ နေရသည်။တေးထက်တစ်ယောက်ကတော့ နေ့ရက်တိုင်းကို စိတ်လှုပ်ရှားစွာနှင့် ကုန်ဆုံးနေရသည်။ဒီဝင်ခွင့်က သူ့အတွက် တကယ်ကို အရေးကြီးသည်။ဒီကိုယ်ပိုင်ကျောင်းက သူအရင်ကတည်းက တက်ချင်နေတာဖြစ်သည့်ကျောင်း မဟုတ်လား။

ဒီနေ့က အမှတ်စာရင်းထွက်မယ့်နေ့ဖြစ်သည်။မနက်ကတည်းက တေးတစ်ယောက် ထိုင်မရ၊ထမရနှင့်။စာမေးပွဲနှင့် ပတ်သက်လျှင် တခြားသူများထက် နှစ်ဆပို၍ serious ဖြစ်တတ်သောကြောင့် ဒီနေ့မှာလည်း သူတကယ်ကို ကြောက်ရွံ့နေသည်။

"မေမေ၊ကျောင်းက ဖုန်းမဆက်သေးဘူးလား။ကြာလိုက်တာနော်"

"အခုမှ ဆယ့်တစ်နာရီကျော်ကျော်ပဲ ရှိပါသေးတယ်၊သားရယ်။ဆက်မှာပေါ့"

"သား ဝင်ခွင့်အောင်မှာပါနော်"

"ဟော၊ဒိကလေးနှယ်။တအားကြီး စိုးရိမ်မနေပါနဲ့"

ထိုအချိန်မှာပဲ ဖုန်းက အသံမြည်လာသောကြောင့် သူ့မှာ အသက်ပင်အောင့်ထားမိသည်။သူ့အမေကတော့ အေးအေးဆေးဆေး ဖုန်းသွားပြောလို့။ခဏအကြာတွင် သူ့နားကို လျှောက်လာသောကြောင့် အသံတိတ်မေးခွန်းထုတ်မိသည်။ပြုံး၍ ခေါင်းညိမ့်ပြလာမှသာ သက်ပြင်းချနိုင်တော့သည်။သူတကယ်ကို ကြောက်နေခဲ့တာ။

ConfessionWhere stories live. Discover now