Chapter-11

155 15 0
                                    

Zawgyi

"ဟယ်၊သား။အိမ်လာတာလား"

ခြံရှေ့မှာ စက်ဘီးရပ်၍ အိမ်ထဲသို့ ဝင်လာသော တိမ်စိုင့်ကို တွေ့တော့ တေး၏အမေက ခြံထဲမှာ အဝတ်လှမ်းရင်း မေးလာသည်။ခေါင်းညိမ့်ပြလိုက်ပြီး အိမ်ထဲသို့ ဝင်သွားတော့ ဘာမှမပြော၊သူဒီကိုလာတာ တေးနှင့်တွေ့ဖို့ဆိုတာကို သိနေပြီသား မဟုတ်လား။

လမ်းမှာ စက်ဘီးနင်းလာရင်း ငိုထားသောကြောင့် မျက်ခမ်းစပ်တို့က မို့အစ်လို့နေသည်၊မျက်လုံးများကလည်း နီရဲလို့။လှေကားမှ တစ်ဆင့်ချင်းတက်လာရင်း တေး၏ အခန်းရှေ့အရောက် ကြားလိုက်ရသည်က ရယ်သံသဲ့သဲ့။သူမျက်မှောင်ကြုံ့ကာ ခဏလောက် ရပ်လိုက်သည်။ဒါက တေးရဲ့ အသံမှ မဟုတ်ဘဲ။

အခန်းတံခါးကို ဖြည်းဖြည်းချင်းဖွင့်ကာ အထဲကို ကြည့်လိုက်တော့ ခေါင်းချင်းဆိုင်၍ စာလုပ်နေကြသော တေးထက်နှင့်သူရိန်။တေး၏ မျက်နှာက မဲ့နေပြီး သူရိန့်ကို အံကြိတ်ကာ ကြည့်နေသည်။သူရိန်ကတော့ သူ့ဘေးက တေးကို အသည်းတယားယားကြည့်ရင်း အော်ရယ်လို့နေသည်။ထိုမြင်ကွင်းက သူ့ညစ်ညူးနေသောစိတ်တို့ကို ပို၍ ဆိုးရွားသွားစေသည်ကတော့ အမှန်ပင်။

"မင်းကို မရယ်နဲ့လို့ ပြောနေတာကို။ရှင်းပြတာကိုကျ နားမထောင်ဘဲနဲ့ နားမလည်ဘူးလို့ ဘာလို့ ခဏခဏပြောနေရတာလဲ ဉာဏ်!"

"ဒီတစ်ခေါက်ပဲလေ၊တေးထက်ရာ။ဒီတစ်ခေါက် ရှင်းပြပြီးရင် တကယ်နားလည်သွားမှာ။ငါကောင်းကောင်းနားထောင်မယ်လေနော်"

"မင်းကလေ ကိုယံ့လိုပဲ၊တအားကို ဆိုးလွန်းတယ်။ဒီတစ်ခေါက်ပဲနော်။မင်း နားလည်အောင် လိုက်မကြည့်ရင် မင်းအိမ်မင်းပြန်ပြီး တစ်ယောက်တည်း သွားလုပ်တော့။ငါလည်း အဲ့ဒီလောက် စိတ်မရှည်တော့ဘူး"

နောက်အပတ် ဝင်ခွင့်စာမေးပွဲ ဖြေရမည်ဖြစ်သောကြောင့် လေ့ကျင့်ပြီးသားဖြစ်အောင် ကျောင်းက သူတို့ကို သင်္ချာပုစ္စာတချို့ကို တွက်ခိုင်းလိုက်သည်။သူရိန်က ဘယ်လိုတွက်ရမလဲ နားမလည်သောကြောင့် တေးထက်ဆီကို လာ၍မေးနေခြင်းဖြစ်သည်။

မျက်နှာကို မော့၍ သူ့ကို ရန်ရှာနေသော တေးထက်က လူကြီးပေါက်စလေးနှင့်ပင် တူနေသည်။ခေါင်းတဆတ်ဆတ် ညိမ့်ပြလိုက်တော့ တေး၏အကြည့်တို့က သူ့လက်ရေးများဖြင့် ရှုပ်ရှက်ခက်နေသော အကြမ်းစာအုပ်ပေါ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။နှစ်ယောက်သားက အခုချိန်ထိ တိမ်စိုင်ရောက်နေသည်ကို မသိကြသေး။

ConfessionWhere stories live. Discover now