Chapter-19

111 13 2
                                    

Zawgyi

အင်္ဂလိပ်စာအချိန်တွင် တိမ်စိုင့်မျက်နှာက ခါတိုင်းထက်ပို၍ မဲ့လို့နေသည်။သူကြည့်လို့မရတဲ့ ဉာဏ်သူရိန်နဲ့ တစ်ဖွဲ့တည်း ကျတာက ဘယ်လိုတောင် တိုက်ဆိုင်တဲ့ ဆိုးရွားမှုကြီးလဲ။ဒီကြားထဲ တေးကပါ သူတို့ အဖွဲ့ထဲပါနေသည်လေ။သူတို့နှစ်ယောက် တစ်ခဏမျှ အကြည့်ချင်းဆုံလျှင်တောင် သဘောမကျသည့် တေးထက်အတွက် ဒီအခြေအနေကြီးက တော်တော်ကို အဆင်မပြေပေ။

တခြားအဖွဲ့တွေက ဆွေးနွေးစရာရှိတာ ဆွေးနွေးပြီး စရေးနေကြပြီဖြစ်သော်လည်း သူတို့ အဖွဲ့ကတော့ ကွက်၍ တိတ်ဆိတ်နေဆဲပင်။ခုံမှာ စထိုင်ပြီးကတည်းက ခေါင်းကိုသာ ငုံ့ထားပြီး စကားတစ်ခွန်းတစ်လေမျှ မဟသေးသော သူ့မျက်နှာချင်းဆိုင်က တေးထက်ကို သူရိန်တစ်ယောက် မဝံ့မရဲကြည့်နေမိသည်။

နီးစပ်ချင်၍ အနည်းငယ်မျှ တိုးလိုက်သော ခြေလှမ်းက သူတို့နှစ်ယောက်ကြား စိမ်းသက်သက်ဖြစ်သွားစေမယ်လို့ ဘယ်သူက ထင်မှာလဲ။တစ်လလုံးနီးပါး မျက်နှာချင်းဆိုင်မိသည်နှင့် တစ်နည်းမဟုတ်တစ်နည်းဖြင့် ရှောင်တတ်သော တေးထက်ကြောင့် သူ့မှာ အကြပ်ရိုက်နေရသည်။

"အမ်၊အဟမ်း။ငါတို့ တိတ်ဆိတ်နေတာ တော်တော်လေးကြာနေပြီ။စပြီး ဆွေးနွေးကြရင် ကောင်းမလား"

သူတို့အဖွဲ့ထဲမှ ကောင်လေးတစ်ယောက်က ချောင်းဟန့်၍ ပြောလာမှ တေးထက်လည်း ခေါင်းငုံ့ထားတာကို ပြန်မော့ကာ သူ့ကို ကြည့်လိုက်သည်။တခြားသူတွေက ကိုယ်စီအလုပ်ရှုပ်နေကြသည့်အတွက် သူတို့လည်း ငြိမ်နေလို့ မဖြစ်တော့။ခေါင်းတစ်ချက်ညိမ့်လိုက်ကာ ထိုကောင်လေး၏ စကားကို ထောက်ခံလိုက်သည်။

"အင်း၊စကြတာပေါ့။မဟုတ်ရင် အလကားနေရင်း အချိန်ဖြုန်းရာ ကျမှာပဲ"

တစ်ခဏအတွင်းမှာပင် သူတို့အဖွဲ့မှာလည်း ဆွေးနွေးသံများနှင့် ဆူညံသွားတော့သည်။တိမ်စိုင်က နဂိုကတည်းက စာကျက်ရတာထက်စာလျှင် သူများတွေနှင့် စကားများပြီး စဉ်းစားရတာကို ပိုသဘောကျသည့်သူဖြစ်သောကြောင့် သူ့အတွက် အခက်အခဲဟူ၍ သိပ်မရှိ။

တေးထက်ကတော့ သူနှင့် အနည်းငယ် ကွာခြားသည်။ခင်သည့်သူတချို့နှင့်မှ လွဲလျှင် တခြားသူများနှင့် အရောဝင်ရတာ မနှစ်သက်သောကြောင့် ဒါက သူ့အတွက် အခက်အခဲရှိသည်။ဒီတစ်ခေါက် တိမ်စိုင်နှင့် တစ်ဖွဲ့တည်း ကျ၍သာ ကံကောင်းသည်ဟု ဆိုရမည်။

ConfessionWhere stories live. Discover now