Chapter(1.1)အရံဇာတ်ကောင်

4.4K 385 1
                                    

Unicode

Chapter(1.1)အရံဇာတ်ကောင်

ဧကရာဇ်ကျန်းဝူနန်းတက်ပြီး နှစ်ဆယ့်နှစ်နှစ်မြောက်သောအချိန် ဖြစ်သည်။ နှစ်သစ်ကာလကျော်လွန်ပြီးသော်လည်း အပူချိန်ကား အေးစက်နေဆဲပင်။ဤဆောင်းရာသီကား ရှည်လျား၍ မှောင်မိုက်လွန်း၏။ ပြက္ခဒိန်တွင် ဒုတိယမြောက်လသို့ ရောက်ရှိပြီးဖြစ်သော်လည်း ရာသီဥတုသည်ကား မည်သို့မျှပင် နွေးထွေးခြင်းမရှိ။

ယမန်နေ့ညက နှင်းထပ်မံ၍ ကျဆင်းခဲ့၏။ မနက်ခင်းအစောပိုင်းတွင် မြို့တော်တစ်ခွင်လုံး အဖြူရောင်ဖုံးလွှမ်းနေ၍ ခမ်းနားလှသောအဆောက်အဦးများ၏ အနီရောင်ခေါင်မိုးနှင့် အစိမ်းရောင် အုတ်ချပ်များအား ဖြိုးဖြိုးဖျဖျ မြင်ရ၏။

မြို့တော်၏အရှေ့ပိုင်းတွင် ရီချွမ်း အမတ်မင်းအိမ်တော် တည်ရှိ၏။ အညိုဖျော့ရောင် အပေါ်ဝတ် ဝတ်ဆင်ထားသည့် အစေခံအမျိုးသမီးကြီးသည် ကျင်းနင် ခြံဝန်းအတွင်းသို့ ခပ်သုတ်သုတ်ပြေးလာ၏။ သူမသည် တံခါးပေါက်ရှေ့ရှိလှေကားထစ်များကို ကျော်လာပြီး သကာလ တိုင်ပေါ်သို့လက်တင်ကာ ခဏအမောဖြေပြီးသည်နှင့်
"အကြီးဆုံးသခင်မလေး၊ သတင်းဆိုးရှင့်" ဟူ၍ ကြောက်လန့်တကြား အော်လေတော့သည်။

ဆံထုံးသပ်ရပ်စွာထုံးထားသည့် အစေခံမိန်းမပျိုလေးက ကန့်လန့်ကာကို ပင့်တင်လိုက်သည်။ သူမသည် အသက်ဆယ့်လေးငါးနှစ်အရွယ်၊ တိတိကျကျဆိုသော် မိန်းကလေးတစ်ဦး၏ အကောင်းဆုံးသော အသက်အပိုင်းအခြားတစ်ခုတွင် ရောက်နေသော်လည်း သူမ၏မျက်ခုံးကိုပင့်ကာကြည့်ချိန်၌ သူမထုတ်လွှတ်သည့်အရှိန်အဝါတို့မှာ အနည်းငယ်မျှပင် ဟိတ်ဟန် ကင်းမဲ့နေခြင်းမျိုး မရှိချေ။
"ဘာတွေ လုပ်နေတာလဲဒီအချိန်မှာကို ဆူညံနေရလား။ မမလေးအနားယူနေတာ ရှင်မမြင်ဘူးလား"

အဘွားကျိန်းက "မိန်းကလေးလျန်ချောင်အာ...
ဒီအစေခံအိုကြီးက သခင်မလေးအတွက် အရေးကြီးတဲ့ သတင်းဆိုး ပါလာပါတယ်" ဟု အော်လေသည်။ ထို့နောက် အခန်းထဲသို့ အလျင်စလိုဝင်လာကာ "သခင်မလေး၊ သတင်းဆိုးရှင့်" ဟု ပြော၏။

အကြီးဆုံးသခင်မလေးသည် စည်းကမ်းတင်းကြပ်လှ၏။ ရိုးရိုးအစေခံများနှင့် အဘွားကျိန်းတို့ကဲ့သို့ အသက်ကြီးသောအစေခံများကို အပြင်ဘက်ခြံဝန်းသာလျှင် ဝင်ရောက်ခွင့်ပြုသည်။ ဒုတိယအဆင့်အစေခံများသည် အိမ်အတွင်းသို့ဝင်ရောက်ခွင့်ပြုသည်။ သခင်မလေးနေထိုင်သည့် အိပ်ဆောင်သို့  ပထမအဆင့်အစေခံများသာ ဝင်ရောက်ခွင့်ရှိသည်။ယခုအဘွားကျိန်း အိမ်ထဲသို့ဝင်ရန်ကြိုးစားနေသည်ကို လျန်ချောင်တွေ့လိုက်သော်အခါ စိတ်ဆိုးစွာဖြင့် တံခါးပေါက်တွင် အလျင်အမြန် ပိတ်ရပ်လိုက်သည်။
"ရိုင်းစိုင်းလိုက်တာရှင် စည်းကမ်းတွေကိုသိဘူးလား။ ရှင်ကအိမ်ထဲကို စိတ်ရှိသလို ဝင်နိုင်တယ် ထင်နေတာလား"

လျန်ချောင်သည် ပထမအဆင့်အစေခံဖြစ်ပြီး သခင်မလေး ယုံကြည်မှုကို ရရှိသည့်သူဖြစ်သည်။ ဤခြံဝန်းအတွင်းတွင် သူသည် အလွန်လေးစားခံရသည့်သူဖြစ်သည်။ အဘွားကျိန်းသည် များသောအားဖြင့် ဤဗျောက်အိုးလေးကို ကျော်၍မသွားရဲပါ။သို့သော် ဘာကြောင့်မှန်းမသိ ယနေ့သူမထံတွင် လျန်ချောင်နှင့်တိုက်ရဲနေသည်။သူမသည် လျန်ချောင်၏လက်မောင်းကို တွန်း၍ ပြောသည်။
"မိန်းကလေးလျန်ချောင်ဒီအစေခံအိုကြီးဆီမှာ တကယ် အရေးပေါ်သတင်းရှိလို့ပါ"

"လျန်ချောင်"

လျန်ချောင်က သူမအသံကို ကြားလိုက်သည်နှင့်ရုတ်တရက် ရပ်တန့်လိုက်သည်။ ဆူညံနေသည့် အဘွားကျိန်းပင် ငြိမ်ကျသွား၍ နာနာခံခံပင် တံခါးရှေ့တွင် ဒူးထောက်လိုက်သည်။
"အကြီးဆုံးသခင်မလေးဒီအစေခံအိုကြီးမှာ တကယ်အရေးကြီးတဲ့ အရာ တင်ပြစရာရှိနေပါတယ်..."

အိမ်၏အတွင်းပိုင်းသည် အပ်ပန်းထိုးလက်ရာများနှင့်ပြည့်နှက်နေပြီး နွေဦးကဲ့သို့ နွေးထွေးလှ၍ အထက်တန်းလွှာ ဇိမ်ကျလှသည့်ပုံရိပ်အမှန်ပင်။အတွင်းအိပ်ဆောင်ကို ကန့်ထား၍ အပြင်မှကြည့်လို့မရနိုင်အောင် ပိတ်ဆို့ထားသည်။ သိပ်မကြာခင်အချိန်တွင် ပန်းခရမ်းဖျော့ဖျော့အပေါ်ဝတ် ဝတ်ဆင်ထားသည့် မိန်းမပျိုလေးထွက်လာ၍ ငြင်သာစွာပြောလေ၏။
"သခင်မလေးကခွင့်ပြုချက်ပေးလိုက်တယ်ရှင်ဝင်နိုင်ပါပြီ"

"အာဟုတ်ပါပြီ"

အဘွားကျိန်းက ဧည့်ခန်းကို အလျင်အမြန်ဖြတ်သန်းပြီး အရောင်စိုလှသည့် ကန့်လန့်ကာဆီ လမ်းလျှောက်သွားခဲ့သည်။ ဒါက သူမအတွက် သခင်မလေးရဲ့ အိပ်ဆောင်ကို ပထမဆုံးဝင်ရောက်ဖူးခြင်းပင်။ လှပပြီး တန်ဖိုးကြီးလှသည့် အပြင်အဆင်များက သူမကို မူးဝေစေသည်။ အခန်းအလယ်တွင် လှပတဲ့ အရိပ်လေးကို သူမဝိုးတဝါးမြင်ရသည်။ အဘွားကျိန်းသည် သူမကို တိုက်ရိုက်မကြည့်ဝံ့၍ လျင်မြန်စွာဒူးထောက်လိုက်သည်။
"အကြီးဆုံးသခင်မလေး"

"ပြော"

သူမ၏ အရိပ်ပင်ဖြစ်သော်လည်း မိန်းမပျိုလေးသည် လှပလွန်း၏။ ယခု သူမ၏အသံမှာ ကျောက်စိမ်းခေါင်းလောင်းလေးသဖွယ်။
"ဘာဖြစ်တာလဲ"

အဘွားကျိန်းသည် မပြောပြတတ်သည့် ခံစားချက်မျိုး ရုတ်တရက်ခံစားလိုက်ရသည်။ မကြာသေးမီက ကြားခဲ့ရသည့်ထိုကိစ္စသည် အရမ်းအံအားသင့်စရာကောင်း၍ သူမ၏မျက်လုံးများတောင် ပြုတ်ကျထွက်မတတ်ပင်။ ထို့ကြောင့်လည်း နှင်းများဖုံးနေသည့်လမ်းကိုပင် မမှုဘဲ အကြီးဆုံးသခင်မလေးထံ သတင်းပို့ရန် အပြေးပြန်ခဲ့ခြင်းဖြစ်သည်။ သတင်းမပြန့်လောက်သေးဖြစ်၍ သခင်မလေးလည်း ကြိုသိလောက်မည်မဟုတ်။ ထို့ပြင် သူမ ဒီနေ့ ခြံဝန်းထဲမှ မခွာရသေးဖြစ်၍ အရှေ့ဘက်ခြံဝန်းမှ ကိစ္စကို ယခုထိ မသိသေးပေ။

သို့သော် သခင်မလေး၏အသံအရ သူမ......
အဘွားကျိန်း ရုတ်တရက် ပေါက်ကရအတွေးပင် တွေးမိ၏။သူမ ဘာလို့သခင်မလေးက ကြိုသိထားသည်ဟု ခံစားနေမိပါလိမ့်။

"သခင်မလေးကျင်းယုံ အမတ်မင်းအိမ်တော်က စေ့စပ်ပွဲဖျက်ဖို့ ရောက်လာပါတယ်"

ချိန်ယွီကျင် မှန်ထဲမှ ချောမောလှပ၍ အသရေတင့်သော မျက်နှာအား လှုပ်ရှားမှုမရှိဘဲ စိုက်ကြည့်နေသည်မှာ ပန်းချီကားသာဖြစ်ပါက ပြီးပြည့်စုံလွန်းလှသည်။ ဖြည်းညှင်းစွာဖြင့် သူမပြုံးလာ၏။

သူ သူတို့စေ့စပ်ပွဲကိုလာဖျက်တာ သေချာပြီပဲ။

ဤသတင်းသည် နေသာသောနေ့တွင် မိုးကြိုးပစ်ခြင်းပင်။ အကြီးဆုံးသခင်မလေးသည် ကျင်းယုံအမတ်မင်းနှင့် စေ့စပ်ထားသည်မှာ ယခင်နှစ် ဆယ့်နှစ်လပိုင်းတွင် ဖြစ်သည်။ ယခု နှစ်သစ်သို့ ကူးစပင်ရှိသေးသည်ကို သူတို့က ရုတ်တရက်ကြီး ပယ်ဖျက်ချင်ပါသတဲ့လား။ သူတို့ပျက်လုံးလုပ်သည်ကို ဘေးချိတ်ထားလိုက်လျှင်ပင် ဤစေ့စပ်ပွဲဖျက်သိမ်းသည့်ကိစ္စသည် တကယ်ပင် ထိတ်လန့်ဖွယ်ဖြစ်သည်။

မိန်းမတစ်ယောက်အတွက် စေ့စပ်ပွဲဖျက်သိမ်းမှုသည် သတို့သမီး၏အမှားကြောင့်ဖြစ်ပြီး နောက်ဆက်တွဲများမှာ ရစရာမရှိပေ။ သူမ၏ ဂုဏ်သတင်းမှာ လုံးဝပျက်စီးသွားပြီး အနာဂတ်တွင် မိသားစုကောင်းနှင့် လက်ထပ်နိုင်ရန် ခက်ခဲသွားမည်ဖြစ်သည်။

အဘွားကျိန်းသည်အမှန်တကယ်ထိတ်လန့်သွား၏။ သူမထင်ထားသည်မှာ သခင်မလေးသည် ထိတ်လန့်၍ လက်ခံနိုင်ရန်ခက်ခဲနေလိမ့်မည် ဟူ၍ပင်။ သို့သော် အချိန်အတော်ကြာပြီးနောက်တွင် သခင်မလေးသည်မှန်ကိုကြည့်၍ တဖြည်းဖြည်းပြုံးလာသည်ကို မြင်ရလေသည်။

လျန်ချောင် နှင့် တုရော့ သည်လည်း ဤသတင်းကို မမျှော်လင့်ထားပေ။ သူတို့နှစ်ဦးလုံး ရုတ်တရက် သတိလွတ်သွားလေ၏။ သူတို့ အသိစိတ်ပြန်ဝင်လာပြီးနောက်တွင် "သခင်မလေးဒါက ဒါက" ဟူ၍ အမြန်အော်ပြောနေမိသည်။

လျန်ချောင်၏ နူတ်ကပိုမြန်လေ၍ အဘွားကျိန်းအား အမြန်ပင် စစ်ဆေးမေးမြန်းလေသည်။
"ဘယ်ကနေ နားကြားမှားလာတာလဲဒီလိုစကားမျိုးကို သခင်မလေးရှေ့မှာပြောရဲတယ်ပေါ့လေရှင် အသက်ဆက်ရှင်ချင်သေးတယ်လား!

အဘွားကျိန်းသည် မှားစွပ်စွဲခံရသည်ဟု ခံစားရလေသည်။သို့သော် သူမပြန်၍ အပြစ်ပြောရန် အခွင့်အရေးမရသေးခင်တွင် အခြားသောအသံသည် သူတို့ကို ရပ်တန့်စေလိုက်၏။

"သူပြောတာမှားဘူး"

"မမလေး"

ချိန်ယွီကျင်သည် မှန်ကို အောက်သို့ချလိုက်သည်။သူမသည် ချောသည်၊မပြုံးသောအခါ ပိုတောက်ပလွန်း၍ ကြည့်ရှူသူအပေါင်းကို အိပ်မွေ့ချသကဲ့သို့ပင်။ သူမ ပြတင်းပေါက်အပြင်မှ နှင်းတို့ကို ဝေ့ကြည့်လိုက်သည်။ သူမမျက်နှာသည် တည်ငြိမ်နေ၏။ သို့သော်အဓိပ္ပါယ်မဖွင့်ဆိုနိုင်သည့် လှောင်ရိပ်လဲ သန်းနေသည်။

"သူတကယ် လာတာပဲ"

ချိန်ယွီကျင်သည် ရီချွမ်းအမတ်မင်းအိမ်တော်မှ အကြီးဆုံးသခင်မလေး ဖြစ်သည်။ သူမ၏ တိ မိခင်သည် နင်းဝမ် ၏ သမီးဖြစ်၍ ချင်းဖူကျွမ်းကျူ ဘွဲ့အပ်နှင်းခံရသူဖြစ်သည်။ သူမ၏ဖခင်သည် ရီချွမ်း အမတ်မင်းအိမ်မှ ရှိဇိ*ဖြစ်သည်။ အမတ်မင်းအိမ်တော်၏ အဓိကအိမ်တော်အခွဲမှ အကြီးဆုံး တိ သမီးအဖြစ် မွေးဖွားလာသည့်သူမကို ရွှေဇွန်းကိုက်၍ မွေးလာသည်ဟု ဆိုပါက ချဲ့ကားသည်ဟု ဆို၍မရနိုင်ပေ။

သူမနာမည်ဖြစ်သည့် ယွီကျင် ဆိုသည့် အတိုင်းပင် ထူးချွန်၍ လင်းလက်တောက်ပလှသည်။ ချိန်ယွီကျင် သည်လူကြီးများ၏ ပါးစပ်ဖျားတွင် သူမသည် "အခြားအိမ်မှ ကလေး" အဖြစ်သတ်မှတ်ခံရကာ ကြီးပြင်းလာရသည်။ အသက်ခုနှစ်နှစ်အရွယ်တွင် စာတတ်မြောက်ပြီး ဖြစ်သည်။ စစ်တုရင်ထိုးခြင်း၊ လက်ရေးလှရေးခြင်း၊ ပန်းချီဆွဲခြင်းတို့တွင် ထူးချွန်လှ၍ အပ်ချုပ်ပန်းထိုးမှုအတတ်တွင် ပါရမီပါလွန်းလှသည်။ သူမနှင့်အဆင့်အတန်းတူသည့်မိန်းမပျိုများသည် သူမနှင့်နှိုင်းယှဥ်ခံရလေ့ရှိပြီး သူမ၏နာမည်ကြားရလျှင် မသက်မသာခံစားရသည်။

သူမ၏ဘဝ ဖြောင့်ဖြူးမှုက  လူတွေကို စိတ်ကူးယဥ်ဝတ္ထု သဖွယ် ခံစားလာစေရသည်။ အများစုက ချိန်ယွီကျင် မည်သို့သောယောကျ်ားမျိုးကို လက်ထပ်လိမ့်မည်နည်းဟု အမှောင်ထဲတွင် စောင့်ကြည့်နေကြသည်။ သူမ၏ဘဝက ဆက်လက်၍ အဆင်ပြေဖြောင့်ဖြူးနိုင်ပါဦးမည်လား။

ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာခင်တွင် သူတို့ အဖြေရရှိပါတော့မည်လေ။


*****

တိ သမီး- တရားဝင်ဇနီးမယားမှ မွေးသော ပဏာမသမီး
တိသားသမီးများသာ အရာရာမှာဦးစားပေးခံရပြီး တိ သားများသည်သာ မိသားစုအရိုက်အရာကို ဆက်ခံပိုင်ခွင့်ရှိသည်။
ကိုယ်လုပ်တော်များမှ မွေးသောသမီးများကို ရှု သမီးဟုခေါ်သည်။

ဝမ်- မင်းသားဘွဲ့ချီးမြှောက်ခြင်းခံရသူ
များသောအားဖြင့် ဘုရင်၏ဆွေမျိုးတော်စပ်သူများဖြစ်သည်။ဘုရင့်မြေး၊မြစ်များရရှိလေ့ရှိသော ဂုဏ်ပုဒ်ဖြစ်သည်။

ကျွမ်းကျူ- တတိယအဆင့်မင်းသမီးဘွဲ့(မြို့စားမင်းသမီး)
ဘုရင့်သမီးတော်ဖြစ်သော ကုန်းကျူ ထက်တစ်ဆင့်နိမ့်သည်။
မင်းသားများ၏ သမီးများ ဤရာထူးကိုရလေ့ရှိသည်။

ရှိဇိ- တရားဝင်အမွေဆက်ခံခွင့်ရရှိသူ

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Where stories live. Discover now