ချစ်စရာ့ ပျံလွှားငှက်လေးတစ်ကောင်သည် ကန်ရေပြင်နှင့် ထိခတ်မိသည့်အလား ပျံသန်းနေပြီးမှ ကောင်းကင်ပေါ် တည့်မတ်စွာ ထိုးတက်သည်။ ပိုးကောင်ငယ်များကို ဖမ်းယူစားသောက်ပြီး ကျောက်ဆောင်မြင့်ကြီးနား ဝဲကာ ဝိုက်ကာ ပျံသန်းနေပြန်သည်။ အခြား အခြားသော ပျံလွှားငှက်ငယ်များသည်လည်း ၎င်းနည်းတူပင်။ ညနေဆည်းဆာ၏ အေးချမ်းသော နေရောင်အောက်တွင် တပျော်တပါး ရှိနေကြသည်။
ပန်းပွင့်မျိုးစုံ၊ သီးပင်မျိုးစုံနှင့် သာယာလှသော ဥယျာဥ်ကြီးထဲတွင် ရှိနေသူ ရာဇာသည် ကန်ရေပြင်ကြီး၏ အလှအပကို သတိထားမိဟန်မတူ။ ကန်ရေပြင်တစ်ဖက်ခြမ်းမှ တောတန်းရှိရာ ငေးကြည့်နေသည်။ ထားရစ်ခဲ့ရသူကို နောက်တစ်ကြိမ် ဘယ်တော့ပြန်ဆုံရမည်မသိ။ ပြန်လာစဥ်ကတည်းက သူ့အတွေးများသည် ကမ်းခြေတစ်ဖက်မှာ ကျန်ရစ်ခဲ့သလို အာရုံစုစည်း၍ မရနိုင်။
"ရာဇာ"
ဆည်းဆာချိန်တွင် အလှကြွယ်နေသော ရေနဂါးမိဖုရားကြီး၏ နက်မှောင်သော ဆံရှည်များသည် အိစင်းနေကာ အဆုံးသတ်နားတွင်မှ လှိုင်းတွန့်များသဖွယ် လိပ်ခွေလျက်ရှိသည်။ မိခင်နှင့်သားဆိုသော်လည်း အသက်အရွယ်ကွာခြားမှု ထင်ဟပ်ခြင်းလုံးလုံးမရှိသလိုပင်။ ရွှေနားကွပ် အနီရောင် ပိုးသားဝတ်စုံဝတ်ဆင်ထားပြီး လှပသော ကိုယ်နေဟန်ထားကြောင့် ကျက်သရေရှိစွာ စူးစူးရဲရဲ လှပနေသည်။ အခမ်းအနားများမှာသာ ဝတ်ဆင်လေ့ရှိသော သရဖူကို မမြင်ရ။ ခေါင်းကို သိုင်းပတ်ထားသော ရွှေကြိုးလေးသည် နဖူးမြင့်မြင့်နှင့် လိုက်ဖက်စွာ မဟာဆန်ဆန် လှနေပြန်သည်။
"ဟိုဖက်ကမ်းမှာ မင်းနေခဲ့တဲ့အကြောင်းတွေ ဘာမှသိပ်မပြောပါလား"
ရာဇာသည် အမည်ပေးရခက်သော အကြည့်နှင့်အတူ ခေါင်းငုံ့နေမိသည်။ မိခင်ထက်စာလျှင် ဖခင်နှင့်ပိုပြီးရင်းနှီးသည်။ ကန်ရေတိုင်းပြည်ကို ပိုင်စိုးသော ဖခင်ထက် သမုဒ္ဒရာရေနဂါးပြည်မှဖြစ်သော မိခင်သည် မာနနှင့်ဂုဏ်အရာတွင် ယှဥ်နိုင်သူမရှိလောက်အောင် ပိုမိုခက်ထန်တတ်သည်။
"ဘာတွေဖြစ်ခဲ့လဲရာဇာ.. မယ်မယ်တို့မေးလိုက်တိုင်း မင်း သေချာမဖြေဘူး.. တစ်ခုခုကို ဖွက်ထားသလိုပဲ"
BẠN ĐANG ĐỌC
ဖူးစာယှဥ်
Viễn tưởngရေနဂါးတို့အစွမ်းဟာ မိုးထစ်ချုန်းရွာစေရုံသာမဟုတ်ဘဲ မြေပြင်တောင်ကုန်းမှန်သမျှ ကန်ရေအတိနဲ့ နဂါးတိုင်းပြည်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိသလို တောင်စောင့်နတ်မင်းတန်ခိုးဟာလည်း ကန်ရေခမ်းတဲ့အထိ မြေပြိုခဲပစ် ဖုံးပစ်နိုင်သတဲ့။ ဘိုးစဥ်ဘောင်ဆက် အငြိုးကြီးပြီး စစ်...