အပိုင်း ၁၂

6.2K 850 129
                                    

ကျောက်ခဲငယ်သည် အရှိန်ပြင်းစွာ လွင့်စင်သွားကာ ခပ်ဝေးဝေးမှာ ငြိမ်သက်သွားသည်။ အိမ်ပေါက်ဝ လှေကားရင်းနား ထိုင်နေသည့် နန္ဒသည် အနားမှ အခြားကျောက်ခဲငယ်ကို ကောက်ယူလိုက်ကာ ယခင်ပစ်လိုက်ရာ ကျောက်ခဲရှိရာ ချိန်တွယ်သည့်ဟန် မျက်လုံးများမှေးစဥ်းကြည့်သည်။ ထို့နောက်တွင်မှ လှမ်းပစ်လိုက်သည်။ တည့်မတ်စွာ ပြေးဝင်သွားသော ကျောက်ခဲ၏ ထိတွေ့မှုကြောင့် ဝမ်းသာအားရ ပြုံးလိုက်သည်။

"စွမ်းနန္ဒ"

"ဟင်.."

"နင် ဘာလုပ်နေတာလဲ.."

သဲမှုန့် ဖုန်မှုန့်များကြောင့် ခတ္တာ၏ ဆံပင်များသည် ဖုန်ရောင်ဖြစ်၍နေပြီ။ မျက်လုံးလှလှများသည် အလိုမကျစွာ။ မပွင့်တပွင့်နှုတ်ခမ်းလှများကြောင့် နန္ဒသဘောကျသည့် မသိမသာလေးကြီးချင်သယောင်ရှိသော ရှေ့သွားလေးကို မြင်နေရသည်။ နန္ဒပြုံးလိုက်သည်။

"တွေ့လား.. ငါ လက်တည့်လာပြီ.."

"နင်နော်.. ငါ့ကို လာကူဦးဟ.. အခုစိုက်ခင်းထဲက အသီးတွေ မှည့်ဖို့မပြောနဲ့.. အစိမ်းတောင်မခံဘူး.. နေ့နေ့ညည ဂရုစိုက်ပြီး စိုက်ထားရတာ.. ဘာမှမစားရဘဲ တောထဲကကောင်တွေ အလှူလာပေးသလို ဖြစ်နေပြီ.."

"ခြံခတ်လည်း ဝင်မှာပဲဟာ.."

"အို.. သေချာလုပ်ရမှာပေါ့.."

"မြေအောက်က ကျင်းတူးလာရင်ရော.. ဟိုတစ်ခါ မြေကြွက်ကြီး နင်တွေ့တယ် မဟုတ်လား.. ဘာမှမထူးဘူး"

"နင်ဟာလေ.."

ခတ္တာ စိတ်မရှည်နိုင်တော့သည်ကိုမြင်မှ နန္ဒ ရယ်မောက နေရာမှ ထသည်။

"ပြောပါ အမိ.. ကျွန်တော်မျိုး ဘာလုပ်ပေးရမလဲ"

"ခြံစည်းရိုးလုပ်ဖို့ ဝါးတွေလိုတယ်.. အကြီးကြီးတွေ ခုတ်မလာနဲ့"

ခတ္တာ ကမ်းပေးသော ဓါးကို လှမ်းယူကာ ခပ်ဆဆပြုရင်း ဆော့ကစားနေသည်။ ခြေသံတစ်ချို့ကြောင့် နောက်လှည့်ကြည့်ချိန်မှာ နန္ဒမျက်နှာ ပြုံးသွားသည်။​

"အစ်ကိုရာဇာ..."

ရာဇာသည် တောထဲနေထိုင်မှုကြောင့် ပြောင်းလဲသွားပုံရသော နန္ဒပုံကို စိုက်ကြည့်သည်။ အသိအမှတ်ပြုသည့် အပြုံးပါးကပင် ရှိရင်းစွဲခန့်ညားမှုကို ပိုမိုထင်ဟပ်စေသည်။

ဖူးစာယှဥ်Tempat cerita menjadi hidup. Temukan sekarang