အပိုင်း ၂၇

5.7K 737 66
                                    

ရေနဂါးတို့၏နန်းတော်ကြီးတွင် ပြုံးရယ်သံများ ပျောက်ဆုံးနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဥယျာဥ်ကြီးထဲရှိ ရေကန်ကြီးတွင်လည်း ရေနဂါးမင်းသမီးငယ်များ၏ ပျော်ပါးမြူးတူးသံများ မကြားရ။ ရေပန်းများမှ ရေစက်ရေပေါက်များ ဖြာကျသံသည်သာ အထီးကျန်စွာ ထွက်ပေါ်လျက်ရှိသည်။

နန်းတော်ကြီး၏ အတွင်းအပြင် နေရာမလပ်ရအောင် အစောင့်စစ်သည်များ ထူထပ်စွာ ချ, ထားသည့် အခြေအနေတွင် မည်သူမျှ စိတ်အေးချမ်းသာခြင်းမရှိ။ မိဖုရားကြီးသည် ရေနဂါးမင်းကြီး မကျန်းမာသည်ကို အကြောင်းပြုကာ အုပ်ချုပ်ရေး အရေးကြီးနေရာများအတွက် ဆွေမျိုးတော် သမုဒ္ဒရာရေနဂါးများကို ဆင့်ခေါ်ထားသည်ဟူသော သတင်းကြောင့်လည်း စိတ်လက်မကြည်လင်စွာ ဖြစ်နေရသည်။ ထို့အပြင် နဂါးတိုင်းပြည်ကို ကာကွယ်ရန်နှင့် စစ်ရေးမြှင့်တင်ရန် တူတော် သမုဒ္ဒရာမင်းကြီးဆီမှ စစ်အင်အားအကူအညီကိုပါ တောင်းခံထားသည်။ ထိုသူများ ရောက်လာခဲ့ပါလျှင် ကန်ရေပြင်မှ ရေနဂါးတိုင်းပြည်သည် သမုဒ္ဒရာရေနဂါးများ၏ လက်အောက်ခံသာ ဖြစ်သွားတော့မည်ကို နားလည်ကြသော်လည်း ယခုအချိန်တွင် တစ်ဦးတည်းအာဏာတည်နေသော မိဖုရားကြီးကို မည်သူမှ မလွန်ဆန်ရဲကြ။

ရေနဂါးမိဖုရားကြီးသည် ကန်ကြီးဘေးတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း တောတန်းနေရာသို့ လှမ်း, ကြည့်သည်။ ထို့နောက် ကောင်းကင်ယံဆီသို့ မော့ကြည့်သည်။ ဖြူအိသော ဝတ်ရုံလိပ်များသည် စိတ်မရှည်စွာ လျှောက်လှမ်းနေသော ခြေလှမ်းများနှင့်အတူ လွင့်ပျံဝဲကျနေသည်။ ရွှေသားအတိ ခါးပတ်သည် သေးသိမ်ပုံကျသော ခန္ဓာကို ပုံပေါ်စေသည်။ နီစွေးနေသော နှုတ်ခမ်းကို ကိုက်ရင်း တောတန်းရှိရာ နောက်တစ်ကြိမ် ပြန်ကြည့်သည်။

ကောင်းကင်ပြာတွင် အခိုးအငွေ့တစ်ခုသဖွယ် ပျံသန်းလာသော ငှက်မည်းတစ်ကောင်ကို မြင်လိုက်ရသည်။ မာနရောင်တောက်သော မျက်လုံးများသည် စောင့်မျှော်နေသူကို တွေ့လိုက်ရသလို ကျေနပ်သွားသည်။ ငှက်မည်းကြီးသည် တည့်မတ်စွာ ပျံလာပြီးမှ မိဖုရားကြီးရှေ့တွင် နတ်မိစ္ဆာအသွင် ဦးညွှတ်အရိုအသေပြုသည်။ ထိုသူသည် ဒေဝ မကြာခဏ ခိုင်းစေတတ်သည့် နတ်မိစ္ဆာဖြစ်သည်။ ဒေဝခိုင်းသည့်အတိုင်း နန္ဒတို့ရှိရာသို့ သွားရောက်စုံစမ်းစဥ် မင်းနောင်တို့နှင့် ဆုံပြီး လွတ်အောင်ပြေးနိုင်ခဲ့သည်။

ဖူးစာယှဥ်Where stories live. Discover now