ကောင်းကင်ပြာတွင် တိမ်မျှင်စအချို့ ရှိနေသည်။ ဥယျာဥ်ကြီးထဲမှ ငှက်ငယ်လေးများ၏ တေးသံသာကို ကြားနေရသည်။ တောတန်းတစ်နေရာမှ ပျံသန်းလာသော ကြက်တူရွေးငှက်အုပ်သည်လည်း ဆူညံသောအသံပြု၍ ဥယျာဥ်ကြီးကို ဖြတ်သန်းပြီးမှ ကျွန်းကြီးရှိရာ သစ်ပင်မြင့်များကြား ဝင်ရောက်ပျောက်ကွယ်သွားသည်။
"သူ့ရဲ့အပြစ်က တိုင်းပြည်ကို သစ္စာဖောက်မှုပဲ ရာဇာ.. ငါ့အနေနဲ့ ခွင့်လွှတ်ပေးချင်ရင်တောင် မဖြစ်နိုင်ဘူး"
ရေနဂါးမင်းကြီးသည် ဥယျာဥ်ကြီး၏ တံတိုင်းနေရာတွင် မှီရပ်နေသည်။ အဆိပ်ဒဏ်ပြေခဲ့ပြီဖြစ်သော်လည်း ညှိုးနွမ်းနေသော အသွင်အပြင်တွင် ရွှင်ပျခြင်းတို့ရှိမနေ။ မိဖုရားကြီး၏ အပြစ်ဒဏ်ကို စီရင်ရမည့်သူသည် ယခုအခါ မင်းကြီးကိုယ်တိုင် ဖြစ်၍နေပြီ။ သစ္စာဖောက်ခြင်းအတွက် အပြစ်ဒဏ်သည် အဆိုးဝါးဆုံးဖြစ်သည်ကို နားလည်ထားသည့် ရာဇာက လက်မခံနိုင်စွာ ခေါင်းခါသည်။
"ဒါဆို အရင်ဆုံး ကျွန်တော့်ကို ပြည်နှင်ဒဏ်ပေးရလိမ့်မယ်.. မဟုတ်သေးဘူး.. ဟိုးအရင်ကတည်းက ကျွန်တော့်ကို ဒီနေရာကို ခေါ်မလာရမှာ.."
"ရာဇာ.. ဒါက.."
"ကျွန်တော် ဖခင်ကို လေးစားခဲ့တယ်.. တခြားသူတွေပေါ် နားလည်ပေးတယ်.. ကွဲပြားမှုတွေအပေါ် လက်ခံပေးတယ်.. ဒါမျိုးတွေ ဖြစ်လာတာ ကျွန်တော့်အမေကို ချစ်ခဲ့လို့ မဟုတ်ဘူးလား.. ကျွန်တော်ကိုယ်တိုင်လည်း မင်းနောင်နဲ့သာ မဆုံဖြစ်ခဲ့ရင် အခုအချိန်မှာ သူတို့လို ခံယူနေဦးမှာပဲ... ကျွန်တော့်ကိုယ်ကျွန်တော်ရော.. ဘယ်လိုစိတ်ထားမျိုးနဲ့ လက်ခံနိုင်မှာလဲ.. အားလုံးလိုက်နာရမယ့် စည်းကမ်းတွေရဲ့ အပြစ်ဒဏ်ကို အားလုံးသဘောတူပြီး ပြောင်းလဲခွင့်လည်းရှိရမယ် မဟုတ်ဘူးလားဗျာ.."
ရာဇာ့စကားများသည် ပြတ်သားသော်လည်း အသွင်အပြင်သည် ဖျော့တော့နေသည်။ မည်သည့်အခြေအနေမဆို မာန်မာနကို ရှေ့တန်းတင်ခဲ့သူအတွက် ယခုအချိန်မှာ ကာရံထားသော တံတိုင်းမှန်သမျှ ဖြိုဖျက်ခံလိုက်ရသလို။ သူကိုယ်တိုင်သည် တစ်ချိန်က နိမ့်ကျသည် ယူဆခဲ့သူ၏ သွေးသားတစ်ဦးဖြစ်၍နေသည်။ တရားစီရင်ရာခန်းမကြီးထဲမှ ရေနဂါးအမျိုးသမီးကြီးနှင့် သားဖြစ်သူကို မြင်ယောင်သည်။ ထိုသူများကို သူကိုယ်တိုင် ပြည်နှင်ဒဏ်ပေးခဲ့သည်။ တောင်းပန်သံများ၊ သောကများကို အေးစက်စွာ လျစ်လျူရှုခဲ့ဖူးသည်။
أنت تقرأ
ဖူးစာယှဥ်
خيال (فانتازيا)ရေနဂါးတို့အစွမ်းဟာ မိုးထစ်ချုန်းရွာစေရုံသာမဟုတ်ဘဲ မြေပြင်တောင်ကုန်းမှန်သမျှ ကန်ရေအတိနဲ့ နဂါးတိုင်းပြည်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိသလို တောင်စောင့်နတ်မင်းတန်ခိုးဟာလည်း ကန်ရေခမ်းတဲ့အထိ မြေပြိုခဲပစ် ဖုံးပစ်နိုင်သတဲ့။ ဘိုးစဥ်ဘောင်ဆက် အငြိုးကြီးပြီး စစ်...