အပိုင်း ၁၁

6.3K 871 49
                                    

လေငြိမ်သောနေ့ဖြစ်သောကြောင့် ကန်ရေပြင်သည် မှန်သားတစ်ချပ်လို ကြည်လင်လို့နေသည်။ ကြည်အေးသော ကန်ရေပြင် ရေအောက်ကြမ်းပြင်ရှိ ကျောက်ခဲငယ်များ ရေညှိမှော်ပင်များကြားတွင် ငါးပေါက်လေးများ ကူးခတ်သွားလာနေကြသည်။ အစုအဖွဲ့အလိုက် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကူးခတ်ကြသည်မှာ တိမ်စုတိမ်စိုင်များနှယ်ပင်။

ကန်ရေပြင်မှ လေပြည်လေအေးများ တဖြူးဖြူးပြန်လည်တိုက်ခတ်လာသည်။ သောင်စပ်တစ်နေရာမှ လမ်းလျှောက်လာနေသော လူတစ်ဦး၏ပုံစံသည်လည်း ပိုမိုရှင်းလင်းလာသည်။ ဖရိုဖရဲ ဆံပင်များနှင့် မသေမသပ်အဝတ်အစားများသည် ကြံ့ခိုင်သော ဥပဓိရုပ်ရည်ကို ဖျက်ဆီးစေဖို့ရန်မှာ မဖြစ်နိုင်။

ရောက်ရှိခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း မင်းနောင်အတွက် ရဲတိုက်နန်းတော်နှင့်ရော၊ ဒေသခံများနှင့်ပါ စိမ်းသက်နေသေးသည်။ မိမိကိုမြင်လျှင် တရိုတသေ နှုတ်ဆက်ကြသော်လည်း ရှောင်ထွက်သွားတတ်သည့် ရေနဂါးများကြောင့် မည်သူနှင့်မှ ရင်းနှီးဖို့ရန် မကြိုးစားတော့။

ကမ်းစပ်တစ်နေရာတွင် ရပ်တန့်လျက်ရှိသော နဂါးမင်းသမီးငယ်ကို မြင်လိုက်ရသည်။ မင်းနောင်ကိုမြင်လျှင် ရှောင်ထွက်သွားကြသူများတွင် နန်းစန္ဒီမပါ။ မည်သူမှလည်း အနားမှာရှိမနေ၍ ခပ်အေးအေးပင် မင်းသမီးငယ်နားသို့ ဆက်လျှောက်လာခဲ့သည်။

"အစ်ကိုမင်းနောင်.."

"တစ်ယောက်တည်းလား စန္ဒီ"

"အစ်ကိုရော.."

မင်းနောင် နောက်ကျောဘက်သို့ ဘယ်ညာလှည့်ကြည့်ရင်းမှ အံ့သြသွားဟန်ဆောင်လိုက်သည်။

"နောက်က အခြံအရံတွေ ဘယ်နားကျန်ခဲ့ပါလိမ့်"

စန္ဒီ့ ရယ်သံသည် ချစ်ခင်ဖွယ်ရာ။ နဂါးမင်းသမီးငယ်သည် ကန်ထဲမှ ဘဲအုပ်သားအမိကို အစာကျွေးနေခြင်းဖြစ်သည်။ မိခင်ရေဘဲမကြီး၏ ခေါ်သံ၊ တောင်ပံခတ်သံများနှင့်အတူ ဘဲပေါက်လေးများ၏ တီတီတာတာ သံများသည် နှစ်လိုဖွယ်ရာ သဘာဝတေးသံများနှင့် ပေါင်းစပ်ကာ သာယာလျက်ရှိသည်။ လက်ကျန် အစာများကို ကျဲချလိုက်ပြီးမှ လက်နှစ်ဖက်ကို ပွတ်သပ်ခါသည်။

ဖူးစာယှဥ်Où les histoires vivent. Découvrez maintenant