အပိုင်း ၁၀

6.8K 879 32
                                    

မိုးရေစက်များသည် အကာအဆီးမရှိသော ပြတင်းပေါက်ငယ်မှ ဝေါဒရော ကျဆင်းတိုးဝင်နေသည်။ အုတ်နံရံအက်ကြောင်းများမှ တစိမ့်စိမ့်ကျနေသော ရေစက်များကြောင့်လည်း အခန်းထဲတွင် ရေမစိုသော နေရာဆိုတာမရှိတော့။ မင်းနောင် လည်ချောင်းထဲမှ မွန်းကျပ်မှုတစ်မျိုးကို ခံစားရသည်။ လည်ချောင်းရှင်းကြည့်သော်လည်း အဆင်မပြေ။ ဒီနေရာမှာဆက်နေလျှင် အခြေအနေဆိုးလာနိုင်မည်ကို နားလည်ကာ အခန်းတံခါးကို တွန်းဖွင့်သည်။ ဥမင်နံရံသည်လည်း စိုထိုင်းနေသလို ခြေချရာတွင် ရေတွင်အိုင်ထွန်းနေပြီ။ အအေးဒဏ်က အရိုးအသားထဲထိ စိမ့်ဝင်နေသလို ခံရခက်စေသည်။

သံတံခါးကို တွန်းဖွင့်ချိန် လေပြင်းနှင့် မိုးစက်များက ကြိုဆိုနေသည်။ သစ်ကိုင်းရိုက်သံနှင့် မိုးကျသံသည် ကျယ်လောင်လွန်းသည်။ တစ်ကိုယ်လုံး ရွှဲစိုသွားစေသည်အထိ ပြင်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များအောက် အရာရာသည် မသဲကွဲနိုင်။ မကျွမ်းကျင်သောဒေသ၊ တစ်ခါမှ မရောက်ဖူးသော နေရာ။ မည်သူမှလည်း အနီးအနားတွင် မရှိ။ မျက်နှာပေါ်မှ မိုးရေစက်များကို လက်ဖြင့်သပ်ချပြီး မျက်ခုံးထက်မှာ လက်ကိုကာသည်။ မီးရောင်သဲ့ကို လှမ်းမြင်ရသည့်နေရာသို့ လျှောက်လာခဲ့သည်။

နန်းတွင်းရဲတိုက်ကြီး၏ ဝင်ပေါက်နေရာမှ အစောင့်စစ်သားများမှာ မင်းနောင်ကိုမြင်ရချိန် တအံ့တသြဖြစ်သွားပြီးမှ ဦးညွှတ်အရိုအသေပြုကြသည်။ အထဲမဝင်ဖို့ တားဆီးရမည်လား၊ ခွင့်ပြုရမည်လားမဆိုနိုင်ဘဲ အခက်တွေ့နေကြဟန်။ မင်းနောင် ဂရုမစိုက်ဘဲ ရှေ့ဆက်လာခဲ့သည်။

မိုးသည်းနေသော အပြင်နှင့် ခမ်းနားသောရဲတိုက်ကြီးတွင်းမှ အပူချိန်သည် ကွာခြားမှုမရှိ။ လက်နှစ်ဖက်ကို တင်းပိုက်ထားရင်း မင်းနောင် စိတ်ညစ်သွားသည်။ နံရံမှ အပြာရောင်မီးတိုင်များသည်လည်း နွေးထွေးမှု ပေးနိုင်စွမ်း မရှိသလို ကျယ်ဝန်းသော ခန်းမကြီးသည် အုပ်စိုးသူ ပိုင်ရှင်ကဲ့သို့ပင် အေးခဲနေသည်။ အဖိုးတန် ကျောက်စိမ်းပြားများကို သုံးမြှောင့်ပုံဖော်ရင်း စီရရီ ကပ်ထားသော တိုင်လုံးကြီးများသည် ခန့်ထည်မှုနှင့် ဖိတ်ဖိတ်လက်နေသော်လည်း နွေးထွေးမှုမရှိ။

ဖူးစာယှဥ်Where stories live. Discover now