အပိုင်း ၈

6.4K 856 27
                                    

စိမ်းစိမ်းစိုသော တောအုပ်ကြီးထဲမှ တောငှက်တစ်ကောင်၏ စူးရှရှ အော်မြည်သံ ထွက်ပေါ်လာချိန်တွင် ခတ္တာသည် လမ်းလျှောက်ရပ်သွားသည်။ လက်တစ်ဖက်မှ အသင့်လွယ်လာသော လေးကို ခပ်ဆဆလုပ်ရင်း ဘေးဘီဝဲယာ စူးစမ်းကြည့်သည်။

"ငှက်ပါ ခတ္တာရာ"

"အသံကြီးကလည်းဟယ်.."

"အေးဟ... ကလေးငိုသံလိုလို .. အာခေါင်ခြစ်အော်သံလိုလို.."

"နင်နော်.. တော်တော့"

ခတ္တာသည် သားရဲတိရစ္ဆာန်ကို မကြောက်သော်လည်း နာနာဘာဝ သရဲ တစ္ဆေများကို အလွန်ကြောက်တတ်သည်။ သူတို့ရှိနေရာ လူသူအရောက်အပေါက်မရှိသော တောကြီးထဲတွင် သစ်ကိုင်းနင်းသံ၊ လေတိုက်သံကပင် ခြောက်ခြားစရာကောင်းနေသည်။

"နန္ဒ .. လိုသေးလား.. ငါ မောပြီဟ"

ခြံကိစ္စ၊ အိမ်မှုကိစ္စများနှင့် ရက်ဆက်ကာ ပင်ပန်းနေပြီဖြစ်၍ မျက်လုံးသွယ်အောက်တွင် ညိုနေပြီ။ နှုတ်ခမ်းများသည်ပင် ပန်းရောင်မသွေးနိုင်တော့ပဲ ဖြူရောရော။ နန္ဒသည် ခတ္တာကို ကြည့်ရင်း သနားသလို စိတ်တိုရသည်။

"နင့်ကို နေခဲ့ပါလို့ ငါ ပြောသားပဲ.."

"နင်တစ်ယောက်တည်း ငါ ဘယ်လို စိတ်ချရမလဲ.. ဟိုတစ်ခါကလို ကျားနဲ့တိုးရင် ဘယ်လိုလုပ်မလဲ"

"ထွက်ပြေးမှာပေါ့.."

"ဘာထွက်ပြေးမှာလဲ .. သတိလစ်နေတာနဲ့ ဟိုက တစ်ခါတည်းကိုက်စားသွားမယ်"

နေပင်အတော်မြင့်နေပြီဖြစ်သည်။ တောငှက်ပျောများရှိသည့်နေရာကို သူသိပါသည်.. သွားပါရစေဟု နန္ဒက အတင်းပူဆာသောကြောင့် စိတ်မချနိုင်ဘဲ ခတ္တာလိုက်လာခဲ့သည်။ နေမစောင်းမီ အိမ်ပြန်ရောက်ဖို့ရန် စိတ်လောကြီးနေမိသည်။ တောထဲတွင် အချိန်ဆိုသည့် အရာက အဖိုးတန်ကာ ပျောက်လွယ်ရှလွယ်လွန်းသည့်အရာ။ ဘယ်လောက်ကြာခဲ့ပြီ။ ဘယ်လောက်လိုသေးသည်ကို ခန့်မှန်းဖို့ရန် မဖြစ်နိုင်။ ထို့အပြင် တစ်ချက်လမ်းမှားတာနှင့် မိမိနေရာကို ပြန်ရောက်ဖို့ရန် မဖြစ်နိုင်တော့။

"နင် လမ်းမမှားပါဘူးနော် နန္ဒ.."

"မမှားဘူး.. အစ်ကိုမင်းနောင် သေချာပြောထားတယ်"

ဖူးစာယှဥ်Tempat cerita menjadi hidup. Temukan sekarang