အပိုင်း ၂၁

5.5K 723 74
                                    

လွန်ခဲ့ပြီးသောအချိန်ကာလတစ်ခုတွင်ဖြစ်သည်။

ရေနဂါးနန်းတော်ကြီးရှိရာ သောင်ပြင်ထက်တွင် စစ်သည်များပြားစွာ ရောက်ရှိနေသည်။ သာမန်အားဖြင့် ငြိမ်သက်ငြိမ်းချမ်းခဲ့သော နန်းတော်ကြီးသည် ယခုရက်ပိုင်းတွင်မူ လှုပ်ရှားသွားလာသူများနှင့် ခြေချင်းလိမ်နေကြသည်။ ထိုသူအားလုံးတို့ထံတွင် ဝမ်းမြောက်ခြင်းတို့ ရှိမနေဘဲ စိုးရိမ်စိတ်နှင့် ပူပန်သောကများသာ တွေ့ရမည်ဖြစ်သည်။

ကန်ရေပြင်နေ ရေနဂါးများကြားတွင် တိုင်းပြည်ကိုသိမ်းရန် ချီတက်လာနေသော ရန်သူတပ်သည် အနီးဆုံးနေရာတွင် ရောက်နေပြီဆိုသော သတင်းဆိုးကြီး ပြန့်နှံ့လို့နေသည်။ ထိုရန်သူများသည် သူတို့ယုံကြည်နေသလို နတ်များမဟုတ်ဘဲ မျိုးတူရေနဂါးများဖြစ်နေခဲ့သည်။

စစ်သည်အားလုံးတို့သည် တူညီစစ်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ လက်နက်မျိုးစုံနှင့် နေရောင်အောက်တွင် တည်ကြည်စွာ တန်းစီရပ်နေကြသည်။ ကြံ့ခိုင်သော ခန္ဓာကိုယ်တည်ဆောက်မှုနှင့် ကျွမ်းကျင်စစ်သည်များ၏ ဂုဏ်အရှိန်အဝါကို အဝေးမှပင် မြင်နိုင်သည်။​ ကြီးကြပ်ကွပ်ကဲသူများထံမှ အမိန့်သံများကို တစ်ချက်တစ်ချက် ကြားနေရသည်။

ရေနဂါးမင်းသားငယ် မင်းရာဇာသည် သောင်ပြင်ထက်မှ စစ်သည်တော်များကို ကျောက်ဆောင်ထိပ် လှေကားနားမှ ရပ်ကြည့်နေသည်။ သွေးမရှိသလို ဖြူရော်နေသော မျက်နှာပြင်ထက် အေးစက်မှုများရှိနေသလို စိမ်းဖန့်သော မျက်ဝန်းများသည် ပင်ပန်းနေသလို ညိုနေသည်။ ရာဇာ့ဘေးနားတွင်ရှိနေသော ရေနဂါးမင်းကြီးသည် သောင်ပြင်ထက်မှ စစ်သည်များကိုကြည့်ရင်း ခေါင်းခါသည်။

"ဒီလောက်နဲ့ မလုံလောက်ဘူး"

"မဟာမိတ်တွေဆီ အကူအညီတောင်းထားတာရော ဖခင်"

"အချိန်မီ ရောက်မလာရင် ဘယ်လိုလုပ်မလဲ"

သောကမကင်းသော မေးခွန်းအတွက် ရာဇာ့ထံမှာ အဖြေမရှိ။ ကန်ရေတစ်ဖက်ခြမ်း တောတန်းများဆီ အကြည့်ရောက်သည်။

"နတ်တွေဆီက အကူအညီတောင်းကြည့်ရင်.."

"မဖြစ်နိုင်တာ .. ငါတို့နဲ့ ဘယ်တုန်းကမှ မဟာမိတ်မဖြစ်ခဲ့ဖူးဘူး"

ဖူးစာယှဥ်Where stories live. Discover now