"သဘောတူချက်အတိုင်း ကျွန်တော်လာခဲ့ပါပြီ တောင်စောင့်နတ်မင်း"
တောင်စောင့်နတ်မင်းသည် တည်ငြိမ်စွာ လက်အုပ်ချီရင်း ဆိုသူကို အံ့သြစွာကြည့်နေရင်းက စကားမပြန်နိုင်။ နဂါးမင်းသားငယ်ကို မိမိတို့ပိုင်နက်ထဲတွင် ချက်ချင်းလိုလို ပြန်တွေ့ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့။
"သားရာဇာ.. ဒါ.. ဒါက.."
"အနှောင့်အယှက်ဖြစ်သွားရင် ကျွန်တော်ပြန်ပါ့မယ်"
"ဟေ.. ဟာ.. မဟုတ်တာ...ကြိုဆိုပါတယ် သားရာဇာ.. လိုက်ခဲ့ပါ.."
တောင်စောင့်နတ်မင်းမှာ ဟန်ကိုဖို့ရင်း မိမိတို့နေထိုင်ရာ တောနက်ဆီသို့ လမ်းပြကာ ခေါ်ဆောင်သွားသည်။ မထင်မှတ်ထားသည့် မင်းရာဇာ၏ လုပ်ရပ်ကြောင့် သူတို့အငိုက်မိခံလိုက်ရပြီဟု နားလည်သည်။ မည်သို့ပင်ငြိမ်းချမ်းရေးစကားဆိုစေကာမူ ရာဇာသည် သူတို့တိုင်းပြည်အတွက် အန္တရာယ်ကြီးသော ရန်သူတစ်ယောက်သာ။ သူတို့နေထိုင်ရာနေရာ၊ နေထိုင်သူဦးရေနှင့် စစ်သည်များအဆုံး ဖုံးကွယ်ထားသင့်တာတွေ၊ သတိပေးထားရမှာတွေ ဘာတစ်ခုမှ အဆင်သင့်မဖြစ်သေး။ တောင်စောင့်နတ်မင်းနှင့် မင်းနောင်ကိုယ်တိုင် ရေနဂါးပြည်သို့ ရောက်ခဲ့သော်လည်း ၎င်းတို့ဖက်မှ အားလုံးကြိုတင်ပြင်ဆင်ပြီးမှသာ လက်ခံခဲ့ခြင်းမျိုးဖြစ်သည်။ သောင်ပြင်နှင့် ဥယျာဥ်မှလွဲလျှင် မည်သည့်နေရာမှ မရောက်ခဲ့သလို အစေခံအချို့မှလွဲလျှင် မည်သူ့ကိုမှလည်း မမြင်ခဲ့ကြ။ ယခုတော့ နာမည်နှင့်လိုက်ဖက်အောင် သွေးအေးသော ရန်သူသည် သူတို့တိုင်းပြည်ထဲ တံခါးမကြီးကပင် ခပ်တည်တည် ဝင်ရောက်လာခဲ့ပြီ။
လမ်းခရီးတွင် သုံးဦးစလုံး စကားသံတိတ်နေသည်။ တောင်စောင့်နတ်မင်းကြီးသည် စိုးရိမ်မှုကို ဟန်ဆောင်ဖုံးကွယ်ဖို့ရန်ပင် ခက်ခဲနေသည်။ စိမ်းညို့နေသော တောတန်းတောင်တန်းတစ်ခုလုံး တိတ်ဆိတ်မှု ကြီးစိုးနေသည်။ ငှက်ငယ်များ၏ တေးဆိုသံကို မကြားရ။ သမင်တောက်သံ၊ ချေဟောက်သံနှင့် အကောင်ငယ်များရဲ့ တောတိုးသံများပင် ရှိမနေ။ လေတိုးသံနှင့် သစ်ရွက်ခတ်သံများကသာ ချုံနွယ်ထူထပ်သော သစ်တောကြီးကို ချယ်လှယ်နေကြသည်။
YOU ARE READING
ဖူးစာယှဥ်
Fantasyရေနဂါးတို့အစွမ်းဟာ မိုးထစ်ချုန်းရွာစေရုံသာမဟုတ်ဘဲ မြေပြင်တောင်ကုန်းမှန်သမျှ ကန်ရေအတိနဲ့ နဂါးတိုင်းပြည်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိသလို တောင်စောင့်နတ်မင်းတန်ခိုးဟာလည်း ကန်ရေခမ်းတဲ့အထိ မြေပြိုခဲပစ် ဖုံးပစ်နိုင်သတဲ့။ ဘိုးစဥ်ဘောင်ဆက် အငြိုးကြီးပြီး စစ်...