မသိမသာ ဟ သွားသော နှုတ်ခမ်းများကြားမှ ပြုတ်ကျလုနီး ဆေးတံရှည်ကို မင်းနောင် လက်နှင့် ဖမ်းထိန်းလိုက်သည်။
မိမိရှေ့မှာရှိနေသူ၏ အရပ်အမောင်းသည် သူနှင့် မတိမ်းမယိမ်း။ မင်းနှစ်ပါး၏ အရိုက်အရာကိုဆက်ခံရမည့် တစ်ဦးတည်းသော သားဖြစ်နေခြင်းလည်း တူကြသည်။ သို့သော် ညစ်ပေရေနေသော မင်းနောင်နှင့် ဝတ်ရုံမှအစ ကျောက်မြှုပ်သားရေဖိနပ်အဆုံး ကိုယ်ခန္ဓာတွင် ဆင်ယင်ထားသမျှသည် ကြွယ်ဝမှုနှင့် အရှိန်အဝါကို သရုပ်ဖော်နေသော မင်းရာဇာ၏ ကွာခြားမှုက မိုးနှင့်မြေလို။
နဖူးထက် ဝဲကျနေသော ဆံစများကြားမှ စိမ်းဖန့်ဖန့် အေးစက်သော မျက်လုံးများကို ရင်ဆိုင်ကြည့်သည်။ ရေနဂါးမင်းသား မင်းရာဇာအကြောင်းကို ကြားဖူးသည်မှာ ကြာခဲ့ပြီ။ မည်သူ၏မျက်နှာကိုမှမထောက် သွေးအေးစွာ ရက်စက်မှုတွင် ပြိုင်ဖက်မရှိသူ။ ငယ်စဥ်ကတည်းက မိဘသဖွယ် စောင့်ရှောက်သင်ကြားပေးခဲ့ဖူးသည့် ဆရာရင်းကိုပင် မထောက်မညှာ ပြန်သတ်ခဲ့သူ၏ ဂုဏ်သတင်းဆိုးသည် နဂါးတိုင်းပြည်တစ်ခုလုံးသာမက နတ်များကြားမှာပင် ခြောက်ခြားစဖွယ် ကျော်ကြားနေဆဲ။ တည်ငြိမ်နေဟန် မျက်နှာဖုံးအောက်မှ သွေးဆာနေသော မိစ္ဆာကောင်တစ်ခုလို မင်းနောင် ယူဆသည်။ ထို့ကြောင့်လည်း တွေ့စဥ်ကတည်းက မျက်နှာဖုံးကွာကျလာအောင် နည်းမျိုးစုံနှင့်နှောင့်ယှက်နေခြင်းပင်။
မင်းနောင်သည် တောစောင့်တောင်စောင့်နတ်များကြားတွင် တန်ခိုးအစွမ်းအကြီးဆုံး မင်းသားတစ်ပါးသာ။ ထို့အတွက် မည်သူ့ကိုမှ ဂုဏ်မြောက်စော်ကားခဲ့ခြင်း မရှိဖူးသေးသော်လည်း မင်းရာဇာဆိုသည့် နဂါးမင်းသားနှင့်တော့ ရင်ဆိုင်ဖူးချင်သည်။ အံ့သြစရာကောင်းသည်မှာ မည်သည့်ကြိုးစားမှုကိုမဆို တည်ငြိမ်စွာနှင့် တုန့်ပြန်နေသူက မည်သည့်နည်းနှင့်မျှ ရန်ပွဲစချင်ဟန်မတူ။ ယခု ပထမဆုံးအကြိမ် ရာဇာ၏ တုန့်ပြန်မှုကို ရနိုင်ခဲ့ပြီဖြစ်သောကြောင့် မခံချင်စိတ်နှင့်အတူ ကျေနပ်သလို ခံစားရသည်ကတော့ အမှန်ပင်။
မင်းနောင်နှင့်ရာဇာကို နှစ်ဦးတည်း အတူရှိနေစေချင်ဟန်မတူသည့် လူကြီးများသည် သူတို့နှစ်ဦးအနီးသို့ ရောက်လာကြသည်။
YOU ARE READING
ဖူးစာယှဥ်
Fantasyရေနဂါးတို့အစွမ်းဟာ မိုးထစ်ချုန်းရွာစေရုံသာမဟုတ်ဘဲ မြေပြင်တောင်ကုန်းမှန်သမျှ ကန်ရေအတိနဲ့ နဂါးတိုင်းပြည်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိသလို တောင်စောင့်နတ်မင်းတန်ခိုးဟာလည်း ကန်ရေခမ်းတဲ့အထိ မြေပြိုခဲပစ် ဖုံးပစ်နိုင်သတဲ့။ ဘိုးစဥ်ဘောင်ဆက် အငြိုးကြီးပြီး စစ်...