ဥယျာဥ်ကြီးထဲရှိ နားနေဆောင်ကြီးထဲတွင် နေ့လယ်စာ စားပွဲဝိုင်းကြီးကို ဖွယ်ရာစွာ ပြင်ဆင်ထားသည်။ မွှေးကြိုင်သင်းပျံ့နေသည့် အမျိုးမျိုးသော စားသောက်ဖွယ်ရာများကိုလည်း ချထားပြီးဖြစ်သည်။ အသုံးအဆောင်များမှအစ စားပွဲထိုင်ခုံများအဆုံး အဖိုးတန်ဆုံး ကျောက်မျက်များနှင့်ဖြစ်သည်။ ကြည်လင်သော နေရောင်သည်ပင် ရတနာများဖြင့် တောက်ပနေသော စားပွဲဝိုင်းကြီးပေါ် ဖြန့်ကျက်နိုင်ခြင်း မရှိတော့။
အဖိုးတန်ဝတ်စုံများ သပ်ရပ်စွာ ဝတ်ဆင်ထားသော ရေနဂါးမင်းကြီးနှင့် မိဖုရားကြီးတို့မှာ စားပွဲတစ်ဖက်တစ်ချက်ထိပ်များတွင် အသီးသီးထိုင်လိုက်ကြသည်။ မိဖုရားကြီးက ထိုင်ကြပါ ဟု ဖိတ်ခေါ်သည့်ဟန် သွယ်ပျောင်းသော လက်များကိုဖြန့်ရင်း ထိုင်ခုံနေရာများကို ညွှန်ပြသည်။ လူကြီးနှစ်ဦး ထိုင်ပြီးမှသာ နန်းစန္ဒီ၊ မင်းရာဇာနှင့် ဒေဝတို့ မိမိတို့နေရာအသီးသီးကို ဝင်ထိုင်ကြသည်။
ဒေဝသည် နှာခေါင်းကို ယောင်ကုတ်ရင်း မနေတတ်သလို အနေရခက်နေသည်။ သူများအပြောနှင့်သာ ကြားခဲ့ဖူးသော ရေနဂါးတိုင်းပြည်၏ ခမ်းနားမှုကို မြင်ရသည်မှာ အံ့သြလို့မဆုံးနိုင်။ နေရာတိုင်းတွင် တင့်တယ်ခမ်းနားမှုနှင့်ပြည့်စုံသည်။ ဒီလောက်တန်ဖိုးရှိပြီး ဒီမျှ များပြားသည့် အဖိုးတန်ကျောက်မျက်ရတနာများကို သူ၏ နတ်သက်တမ်းတစ်လျှောက် မြင်ဖို့မဆိုထားနှင့် ရှိလိမ့်မည်ဟု တွေးပင် မတွေးထားမိ။ ထို့အပြင် စစ်သည်ရဲမက်ကအစ နန်းတွင်းသူ နန်းတွင်းသားအဆုံး မိမိတို့နေထိုင်စားသောက်ပုံစံမျိုးနှင့် ယှဥ်လျှင် အဆင့်အတန်းက မိုးနှင့်မြေလို ကွာ၍နေသည်။
ခြောက်ယောက်စာထိုင်ခုံနေရာ ပြင်ဆင်ထားခြင်းဖြစ်သောကြောင့် ရာဇာနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတစ်နေရာသည် လွတ်နေသည်။
"မင်းနောင် မလာဘူးလား"
မိဖုရားကြီးထံမှ အမေးစကားဖြစ်သည်။ သားဖြစ်သူရှိရာသို့ ငဲ့ကြည့်ချိန်မှာ ရွှေသရဖူသည် လင်းလက်၍သွားသည်။
"ကျွန်တော် မခေါ်ထားဘူး"
ရာဇာသည် မည်သူ့ကိုမျှမကြည့်ဘဲ ဖြေသည်။ မိဖုရားကြီး မျက်နှာပျက်သွားသော်လည်း ချက်ချင်းလိုပင် ဟန်ဆောင်ပြုံးလိုက်သည်။
STAI LEGGENDO
ဖူးစာယှဥ်
Fantasyရေနဂါးတို့အစွမ်းဟာ မိုးထစ်ချုန်းရွာစေရုံသာမဟုတ်ဘဲ မြေပြင်တောင်ကုန်းမှန်သမျှ ကန်ရေအတိနဲ့ နဂါးတိုင်းပြည်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိသလို တောင်စောင့်နတ်မင်းတန်ခိုးဟာလည်း ကန်ရေခမ်းတဲ့အထိ မြေပြိုခဲပစ် ဖုံးပစ်နိုင်သတဲ့။ ဘိုးစဥ်ဘောင်ဆက် အငြိုးကြီးပြီး စစ်...