အပိုင်း ၁၇

6K 810 145
                                    

အရှေ့အရပ်မှ ရောင်ခြည်တို့ ထွက်ပေါ်လာချိန်။ မြူစိုင်းသော တောတန်းသည် မိုးတိမ်ပင်လယ်ကြားမှ နိုးထလာခဲ့ပြီ။ ကန်ရေပြင်ကို မမြင်ရတော့။ သစ်ပင်မြင့်များ ပေါ်သည်ဆိုရုံ တိမ်ဖုံးနေသော ချိုင့်ဝှမ်းအလှသည် သာယာသော ကျေးငှက်သံများနှင့် လိုက်ဖက်၍နေသည်။

မင်းနောင် အညောင်းဆန့်ရင်း မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်သည်။ အိပ်ချင်စိတ် မပြေသေးချိန်မှာ ဆာလောင်မှုနှင့် နိုးထလာရသောကြောင့် စိတ်မကြည်နိုင်။ ချက်ချင်းလိုလိုပင် မိမိနားမှ ကွက်လပ်ကို သတိထားမိသည်။

တောင်စောင်းထိပ် ကျောက်ဆောင်မြင့်ပေါ် ရပ်နေသူ၏ ကျောပြင်သည် ခန့်ညားခြင်းနှင့် အချိုးကျမှု ပေါင်းစပ်ထားသည်။ ကြံ့ခိုင်သော ပခုံးနှစ်ဖက်သည် စိတ်အေးသောပုံစံ တောင့်တင်းခြင်းမရှိ။ လက်နှစ်ဖက်ကို နောက်ပစ်ရပ်နေသူ၏ အဖိုးတန်ဝတ်ရုံတွင် ရွှံ့စက်များကို မြင်ရချိန်မှာ မပြုံးဘဲမနေနိုင်။ ပြည်တန်ပတ္တမြားကို ရွှံ့နွံထဲ ခေါ်လာမိသူက မိမိကိုယ်တိုင်။

နောက်ကျောဆီမှ အကြည့်စူးကို ခံစားရဟန် တူသည်။ ခေါင်းငဲ့ကြည့်ရင်း ပြုံးရိပ်ထင်သည်။ မည်သည့်စကားကိုမှမဆို။ ခေါင်းတစ်ချက်ညိတ်ရုံ အသိအမှတ်ပြုသည်။

"ဘာထူးသေးလဲ ရာဇာ"

"မင်း နိုးလာတယ်လေ"

ရုပ်တည်နှင့် ဖြေသူကြောင့် ရုတ်တရက် ဆွံ့အရပြန်သည်။ ဘယ်တုန်းက ဒီလူ ဒီလိုနောက်ပြောင်ဖူးလို့လဲ။ အမြဲမြင်နေကြ နဖူးလယ်မှ အတွန့်အချိုးတွေ ရှိမနေ။ အကြည့်ချင်းဆုံချိန်မှာ မည်သူကမှ အကြည့်လွှဲရန် မကြိုးစားမိ။ ခန္ဒာကိုယ်အနှံ့မှ ကြက်သီးစ ကို ခံစားရချိန် ယခုအချိန်မှာ ကျားပုံစံ ဖြစ်မနေသည်ကို မင်းနောင် ကျေးဇူးတင်ရသည်။

လျှပ်စီးမိသလို အမွှေးထောင်နေမည့် ကိုးတောင်ကျားမျိုးတော့ သူ မဖြစ်ချင်။

"ညက ကောင်ရော.."

အဖြေကို မရ။ မသိမသာ ခေါင်းယမ်းလိုက်သည့် ရာဇာ့အမူအရာက မည်သည့်ထူးခြားမှုမှ မရှိသည်ကို နားလည်စေနိုင်သည်။ မည်သူပင် ဖြစ်စေကာမူ သူတို့နှစ်ယောက်ရှိနေသော ဒီနေရာကို ပြန်လှည့်လာမှာ မဟုတ်တာတော့ သေချာသည်။ ဒီမှာဆက်နေ၍လည်း ဘာမှမထူးနိုင်။

ဖူးစာယှဥ်Where stories live. Discover now