အပိုင်း ၁

23.4K 1.4K 47
                                    

စိမ်းပြာလဲ့နေသော ရေကန်ကြီးသည် အဆုံးအစမရှိနိုင်သလို ကျယ်ပြန့်လှသောကြောင့် ကန်တစ်ဖက်မှ အခြားကမ်းစပ်ကို မမြင်ရနိုင်။ ကန်ကြီးပတ်လည်တွင် သိပ်သည်းထူထပ်သော တောင်တန်းတောစပ်များရှိသည်။ ရေကန်ကြီး၏ အလယ်တွင်မူ ကျောက်ဆောင်မြင့်များ၊ သစ်တောများ ဖုံးလွှမ်းနေသည့် ကျွန်းကြီးတစ်ခု။ ကန်ရေပြင်ရိုက်ခတ်ရာ ကျွန်းကြီး၏ ကမ်းစပ်တစ်နေရာတွင် သဲသောင်ပြင်အချို့ ဖွေးလျလျ ရှိနေပြန်သည်။

သောင်ပြင်ဆုံးရာ အစွန်းတစ်ဖက်သည် ကျောက်ဆောင်မြင့်များ မညီမညာ။ ထို ကျောက်ဆောင်များအား ကွေ့ရစ်ကာ သပ်ရပ်လှပစွာ ပုံဖော်ထုဆစ်ထားသော လှေကားထစ်များသည် ရဲတိုက်ကြီးဆီ ဖိတ်ခေါ်လို့နေသည်။ စိမ်းညို့သောတောတန်းနောက်ခံ ခမ်းနားလှသော ရဲတိုက်နန်းတော်ကြီးသည် မိုးတိမ်များကြား တိုးဝင်တော့မည့်အလား ကန်ရေပြင်ထက်တွင် ဟိန်း၍နေသည်။ ရေနဂါးနတ်မင်းရုပ်ကို ရွှေချည်မျှင်များနှင့် ပုံဖော်ထားသော အလံသည် တလူလူလွင့်နေသည်။

ရွှေရောင်သန်းသော ကြေးတံခါးဝင်ပေါက်ဘေးတစ်ဖက်တစ်ချက်တွင် အစောင့်စစ်သား နှစ်ယောက်သည် လက်နက်တန်ဆာအပြည့်အစုံနှင့် စောင့်နေသည်။ လှုပ်ရှားသွားလာသူများသည် တစ်စုံတရာကို စိုးထိတ်သည့်အလား။ ယခင်နေ့ရက်များကလို အချင်းချင်း နောက်ပြောင်ကျီစယ်သံများကို မကြားရ။ ထို့အပြင် ရဲတိုက်ကြီး၏ အရေးပါဆုံးနှင့် အလှပဆုံး ဖြစ်သော နဂါးနတ်ကန်တွင်လည်း ရေကစားနေသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။

နဂါးမင်းသမီးလေး နန်းစန္ဒီသည် ရေပန်းရေမှုန်များဖြင့် တန်ဆာဆင်ထားသော ထိုရေကန်ကြီးရှေ့တွင် ငြိမ်သက်ရပ်တန့်နေသည်။ ဝေခွဲမရသလို၊ ဆုံးဖြတ်ရခက်သလို လေးကိုင်းသဏ္ဌာန်မျက်ခုံးနှစ်ခုမှ ထိစပ်လုနီးနီး။ နီရောင်သွေးသော အောက်နှုတ်ခမ်းများကို ဖိကိုက်ထားသည်။ သူမနားမှ ဖြတ်သန်းသွားလာသော အစေခံတစ်ဦးကို လှမ်းမေးလိုက်သည်။

"အစ်ကို ရာဇာရော"

"ခင်ဗျာ.."

"သူ အခုဘယ်မှာလဲ"

ဖူးစာယှဥ်Where stories live. Discover now