ကန်ရေပြင်မှ လှိုင်းခတ်သံကို ကြားနေရသည်။
ကမ်းစပ်ရှိရာ ဖြည်းဖြည်းညင်သာ ရိုက်ခတ်နေသော ရေလှိုင်းဖြူများသည် သဲသောင်ပြင်ထက် လိမ့်ကာလူးကာ ရောက်ရှိပျောက်ကွယ်သွားကြပြီ။
ကန်တစ်ဖက်ခြမ်းမှ တောတန်းညို့ရှိရာ အကြည့်ရောက်ရင်း ပြုံးရိပ်ထင်သည်။ ဘယ်နှကြိမ်မြောက် ငေးမိသည်ကို မသိချင်တော့။ ကျွန်းဆွယ်ကျောက်ဆောင်မြင့်ပေါ် တည်ရှိနေသော ရဲတိုက်နန်းတော်ဖြစ်၍ ကန်ရေပြင်ကို မည်သည့်နေရာမှမဆို မြင်ခွင့်ရှိသည်။ ယခင်အချိန်များကတော့ ကန်တစ်ဖက်ရှိ တောတန်းငယ်သည် နယ်နိမိတ်သတ်မှတ်ဖို့ရန်နှင့် စိတ်အနှောင့်အယှက်ဖြစ်စရာ ဒေသတစ်ခုသာ။
ယခုအခါမှာတော့...
ကန်ရေပြင်ရှိရာ လျှောက်လာနေသော မင်းရာဇာ၏ ခြေလှမ်းများသည် လိုအပ်သည်ထက် ပို၍ သွက်လက်နေသည်။ ညနေစောင်းချိန်ထိ မပြီးစီးနိုင်ခဲ့သော နန်းတွင်းရေးရာများအတွက် စိတ်ထဲလေးလံနေသေးသော်လည်း ယခုအချိန်သည် သူ့ကိုယ်ပိုင်ချိန် ဖြစ်ရန်သင့်ပြီ။ မဟာမိတ်ခရီးများအတွက် လဝက်ကျော်ကြာသည့်တိုင် ဝေးကွာခဲ့ရသဖြင့် နန်းတွင်းတွင် ပြီးမြောက်အောင် ဆောင်ရွက်ရမည့် ကိစ္စရပ်များသည် များပြားလွန်းနေခဲ့သည်။ နားချိန်မဆိုထားနှင့်၊ ပုံမှန်စားသောက်ချိန်များ၌ပင် လွတ်လပ်မှုဆိုတာ မရှိနိုင်ခဲ့တာ ကြာခဲ့ပြီ။ သံတမန်ရေးရာနှင့် တိုင်းပြည်ရေးရာအတွက် တခမ်းတနားစားသောက်ပွဲများတွင် ဟန်မပျက်ပြုံးရင်း အရေးကြီးဆွေးနွေးရမည်များကို ဦးစားပေးဖြစ်ခဲ့သည်။
"အစ်ကို.."
ကန်ရေပြင်ထဲ ဒူးနားထိ ရောက်မှ ခေါ်သံကြောင့် ခြေလှမ်းရပ်သည်။ ရေနဂါးမင်းသမီးလေး စန္ဒီသည် အပြေးလာခဲ့ရဟန် ချက်ချင်းစကားမပြောနိုင်။ မင်းရာဇာ၏ ဦးတည်ရာကိုလည်း သိနေ၍ ခြေဟန်လက်ဟန်ဖြင့် တားသည်။
"အစ်ကို.. မသွားနဲ့... မသွားနဲ့ဦး.."
ဟန်အမူအရာအရ အရေးကြီးသည့် အခြင်းအရာသာ ဖြစ်လိမ့်မည်။ လက်ရှိ နန်းတွင်းတွင် အလည်အပတ်ရောက်နေသူများသည် ကန်ရေပြင်နှင့် စပ်ဆက်နေသည့် မြစ်ချောင်းများပိုင် နတ်မင်းများသာ။ မပြောရဲသလို ထစ် ငေါ့နေသော်လည်း နဂါးမင်းသမီးလေး မတတ်နိုင်။ အဖြစ်မှန်ကို ပြောရသည်။
YOU ARE READING
ဖူးစာယှဥ်
Fantasyရေနဂါးတို့အစွမ်းဟာ မိုးထစ်ချုန်းရွာစေရုံသာမဟုတ်ဘဲ မြေပြင်တောင်ကုန်းမှန်သမျှ ကန်ရေအတိနဲ့ နဂါးတိုင်းပြည်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိသလို တောင်စောင့်နတ်မင်းတန်ခိုးဟာလည်း ကန်ရေခမ်းတဲ့အထိ မြေပြိုခဲပစ် ဖုံးပစ်နိုင်သတဲ့။ ဘိုးစဥ်ဘောင်ဆက် အငြိုးကြီးပြီး စစ်...