"ပင်ပန်းနေပြီလား အကွေး"
သမီးကြီးကို ပေါင်ပေါ်တင်ထားရင်း ကျွန်တော့်ပခုံးပေါ်မှာ ခေါင်းတင်ပြီး မှေးစက်နေသည့် အကွေးပုံကနွမ်းလျလျ။
"ဟင့်အင်း"
အသံဖျော့ဖျော့နဲ့ ပြန်ဖြေတဲ့ အကွေးကြောင့် ကျွန်တော် အကွေးရဲ့ပခုံးလေးကို ဆုပ်ကိုင်မိသည်။မနေ့ထဲက လေယာဥ်စီးလာရပြီး မနားရပဲ ရောက်ရောက်ချင်း ကားပြောင်းစီးခဲ့ရလို့ အကွေးပင်ပန်းနေမှာကို သိသည်။ သို့သော်လည်း ဒီတစ်ခါတော့ ကောင်းရဲ့ လိုအပ်ချက်တွေကြောင့် အကွေးနဲ့ ကလေးတွေကို ပင်ပန်းစေမိပြီ။
သားနဲ့သမီးကတော့ ပေါင်ပေါ်မှာ အိပ်ပျော်နေကြသည်မို့ သိပ်တော့ပင်ပန်းမှာမဟုတ်ပါ။ သို့သော်လည်း လေယာဥ်ပေါ်မှာရော၊ ကားပေါ်မှာပါ အိပ်မပျော်တဲ့ ကျွန်တော့် လခြမ်းကွေးကြောင့် ပဲရစ်မှာ ခြံဝန်းပါတဲ့အိမ်မဟုတ်ရင်တောင်မှ၊ တိုက်ခန်းတစ်ခုတော့ ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒါမှ Provenceကို မကူးခင် အကွေးနားလို့ရမှာ။
ကားက တရွေ့ရွေ့နဲ့ဖြတ်သန်းနေသည်က နေရောင်ပင်ပေါ်လုနီးပြီ။ မာဆေးကနေ Provenceကို ကူးတဲ့ လမ်းတစ်လျှောက်မှာ လာဗင်ဒါပင်တွေနဲ့ လှချင်တိုင်းကို လှနေတော့သည်။ လှပတဲ့ ဒီမြင်ကွင်းတွေနဲ့ ဒီနေရာကို အကွေးသဘောကျမှာပါလို့ တွေးလိုက်ပြီး သူမလေးဆီသို့ ငဲ့ကြည့်လိုက်တော့ မျက်ခွံကြည်ကြည်လေးဖုံးကွယ်ထားပြီး အနားယူနေသည့် ကျွန်တော့်လခြမ်းကွေးဟာ ကြည်လင်စွာနဲ့ပင် ကျွန်တော့် ပခုံးအထက်မှာ မှေးစက်လို့နေသည်။
မနက် (၇)နာရီခွဲချိန်မှာ ကျွန်တော်တို့နေရမည့်နေရာကို ရောက်ခဲ့ပြီ။ ကားပေါ်က ဆင်းဆင်းချင်းမှာ သမီးကြီးကို အရင်ဆင်းစေပြီး သူမလေးက နောက်မှ ကားထဲကနေထွက်သည်။ မျက်လုံးလေးတွေပတ်သပ်နေပြီး ပတ်ဝန်းကျင်ကို အာရုံမစိုက်မိသေးတဲ့ ကျွန်တော့်လခြမ်းကွေးကို...
"မျက်စိတွေ နာဦးမယ် အကွေး၊
ဖယ်ပြီး ကြည့်လိုက်ပါဦး"သူမလေးရဲ့ လက်သေးသေးလေးတွေကို သူမမျက်ဝန်းဆီမှ ဖယ်ခွာပေးပြီး ပတ်ဝန်းကျင်ကို ကြည့်ဖို့ရန်တိုက်တွန်းလိုက်သည်။
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။