"အကွေးရေ..."
"ရှင်"
ကောင်းရင်ဘက်ပေါ် အိပ်ပျော်သွားရာကနေပြီး အခန်းပြင်ရှိခေါ်သံကြောင့် သူမ ချက်ချင်းပဲ နိုးလာပြီး ပြန်ထူးလေသည်။ သူမနှင့်အတူ ကောင်းကိုယ်တိုင်ကပါ အိပ်ပျော်နေသည်မို့ အခုအခါ သူမလေး၏အသံကြောင့် ကောင်းပါနိုးလာရလေသည်။
မွ!!!!
ဖွင့်လာခါနီး ကောင်းမျက်လုံးတွေဟာ ညာဘက်မျက်လုံးပေါ်ရောက်လာပါသော အနမ်းတစ်ပွင့်ကြောင့် ပြန်လည်လို့ မှိတ်သွားရလေသည်။
"လေးလေးတို့ အိမ်လည်သွားမို့။ လိုက်ပို့ဦးလေ..."
လင်မယားနှစ်ယောက် အပြုံးပန်းတွေဝေဆာနေကြစဥ်မှာပဲ အပြင်ဘက်က လေးလေးရဲ့ အပြောကို အကွေးက ချက်ချင်းပဲ ထ,ပြီး....
"လိုက်မယ်" ဟု ဆိုကာ တံခါးဖွင့်လေသည်။"မောင်ကောင်းက အိပ်နေတာလား။ Sorry ကွယ်။ လေးလေးတို့ကလည်း ရွာထဲကအမျိုးအိမ်သွားမို့ အကွေးကို လိုက်ပို့ခိုင်းချင်လို့။ ပြန်အိပ်ချင်လည်း အိပ်ပါကွယ်။ မအိပ်ချင်တော့ဘူးဆိုလည်း လေးလေးတို့နဲ့ လိုက်ခဲ့လေ"
"လိုက်ခဲ့မလား ကောင်း။ ညနေဘက်ဆိုတော့ ဒန်ပေါက်စားလို့ရမယ်ထင်တယ်။ ရောင်းသေးလားပဲ။"
"ရောင်းတယ်တဲ့ လေးလေးတိုလည်း အဲ့ဘက်ကို သွားမလို့။ သွားရအောင်..."
"လာလေ ကောင်း...."
သူမလေးက ကောင်းလက်ကို ဆွဲလို့ ရှေ့ကနေ ဦးဆောင်သွားသည်မို့ ကောင်းလည်း သူမနောက်ကို လိုက်ရသည်။ အကွေးတို့ အိမ်ကိုလာတိုင်း အိမ်ကနေ ဘယ်မှသိပ်မသွားဖြစ်သည်မို့ အကွေးတို့ပြောတဲ့ ရွာထဲဆိုတာက ကောင်းနဲ့ အစိမ်းသပ်သပ်ရှိသည်။
"ကြည်းမေ တူမတွေ လာ၊ ဝင်ခဲ့ဦး..."
အရှေ့ဘက်လမ်းကြားထဲဝင်ဝင်ချင်းမှာပဲ ကြည်းမေဆိုသည့် အသားညိုညိုနှင့် ခပ်ဝဝ၊ ခပ်ပုပု အမျိုးသမီးကြိီးက မီးဖိုအိမ်သေးသေးထဲမှနေ၍ အိမ်ထဲကိုဝင်ဖို့လှမ်းခေါ်သည်။
"ပျားရည်နဲ့ ပေါင်မုန့်နဲ့ပဲ ယူခဲ့ ကြည်းမေ။ ဒါနဲ့ မိသိန်းဘယ်သွားလဲ...."
YOU ARE READING
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poetryအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။