Chapter 3 (Zawgyi)

71 2 0
                                    

အခန်း ၃


အရုပ်အရောင်းဌာန၏ အငယ်ဆုံးကြီးကြပ် ရော်ဘတ်တာဝေါလ်စ်က မနက်ခင်း အလုပ်များနေသည့်အချိန်မှာပင် တရက်ဇ်နားတွင် လာရပ်ပြီး တိုးတိုးပြောသွားသည်။"ဒီလက်ဆွဲအိတ်က ဒီနေ့ ရောင်းထွက်ရင် ရောင်းထွက်။ မဟုတ်ရင်တော့ တနင်္လာနေ့ကျရင် ၂ဒေါ်လာလောက် အရှုံးခံပြီး ဈေးချရောင်းရတော့မယ်"ကောင်တာပေါ်က အညိုရောင်လက်ဆွဲအိတ်လေးကို ရော်ဘတ်တာက မေးဆက်ပြလိုက်သည်။ ထို့နောက် မီးခိုးရောင်ဘူးလေးတွေကို မစ္စမာတူချီလက်ထဲ ထိုးပေးပြီး၊ သုတ်ကာချီကာ ပြန်ထွက်သွား၏။လမ်းတစ်လျှောက်တွင် အရောင်းဝန်ထမ်းမလေးများက ရော်ဘတ်တာကို လမ်းဖယ်ပေးကြသည်။ ရော်ဘတ်တာက မနက်၉နာရီမှ ည၆နာရီအထိ ကုန်တိုက်တွင် တစ်ထပ်ပြီးတစ်ထပ် လိုက်လံကြီးကြပ်ပေးရသည်။ အခုလတ်တလောအတွင်း ရာထူးတိုးဖို့ ကြိုးစားနေသည်ဟုလည်း တရက်ဇ် ကြားထားသည်။ ရော်ဘတ်တာက အနီရောင်ဟာလီကွင်းမျက်မှန်မျိုးကို ဝတ်ထားပြီး၊ တခြားအမျိုးသမီးများနှင့်မတူသည်မှာ သူ့ အစိမ်းရောင်အင်္ကျီလက်ကို တံတောင်အထိ ခေါက်တင်ထားတတ်သည်။ ရော်ဘတ်တာက မစ္စစ်ဟန်ဒရစ်ဆင်ကို တွေ့၍ ခဏရပ်လိုက်၏။ အရေးကြီးကိစ္စတစ်ခုခုကို ပြောနေသည်ဟု တရက်ဇ် တွေးမိသည်။ မစ္စစ်ဟန်ဒရစ်ဆင်က ခေါင်းတညိတ်ညိတ်နှင့်၊ ရော်ဘတ်တာကလည်း သူ့ပခုံးကို ရင်းရင်းနှီးနှီး ပုတ်လိုက်သေးသည်ကို တရက်ဇ် မြင်လိုက်သည်။ တရက်ဇ်ပင် မနာလိုသဘောရှိမိသည်။ သို့သော် မစ္စစ်ဟန်ဒရစ်ဆင်က သူ့ကို မနှစ်သက်တာကိုပင် တရက်ဇ်က ဂရုမစိုက်သလို မစ္စစ်ဟန်ဒရစ်ဆင်ကို သဘောကျတာကြောင့် မနာလိုဖြစ်ခြင်းမျိုး မဟုတ်ပေ။"အော်ငိုတတ်တဲ့အရုပ်မျိုး ရှိလား။ ပိတ်စနဲ့ လုပ်ထားတာလေ"ဝယ်သူအမျိုးသမီး ပြောလာသည့်အရုပ်မျိုး ရှိသေးသလား တရက်ဇ် မသိပါ။ ထိုမိန်းမကတော့ ကြော်ငြာကို မြင်ပြီး၊ ဖရန်ကန်ဘက်တွင် ဒီအရုပ်မျိုး ရှိလိမ့်မည်ဟု ထင်၍ ‌ရောက်လာတာဖြစ်မည်။ တရက်ဇ်ကလည်း ထိုအရုပ် ရှိမည် ထင်မိသည့် ဘူးကို ဆွဲထုတ်လိုက်သော်လည်း ထိုအရုပ် မဟုတ်ပါ။"နင် ဘာရှာနေတာလဲ"အအေးမိပြီး ဖျားထားသည့် မစ္စဆန်တီနီက တရက်ဇ်ကို နှာသံဖြင့် မေးလာသည်။"ပိတ်စသားနဲ့လုပ်ထားပြီး ငိုတတ်တဲ့အရုပ်တဲ့"အခုနောက်ပိုင်းတွင် မစ္စဆန်တီနီက တရက်ဇ်အပေါ် ထူးထူးဆန်းဆန်း ဆက်ဆံလာသည်။ အခိုးခံရသည့် အမဲသားကိုပင် အမှတ်ရမိသည်။ အခုတော့ မစ္စဆန်တီနီက မျက်ခုံးကိုပင့်ရင်း နှုတ်ခမ်းနီရဲရဲဆိုးထားသည့် နှုတ်ခမ်းများကို တင်းလိုက်ကာ ပခုံးတွန့်ပြီး ထွက်သွား၏။"ပိတ်စနဲ့လုပ်ထားတာမလား။ ကျစ်ဆံမြီးလေးနဲ့လေ"ခန္ဓာကိုယ်က ကျစ်ကျစ်လျစ်လျစ်နှင့်၊ ဆံပင်တွေကတော့ စုတ်ဖွာနေပြီး၊ ဝံပုလွေတွေလို နှာခေါင်းရှည်ရှည်ရှိသည့် အီတလီလူမျိုး မစ္စမာတူချီက တရက်ဇ်ကို မေးပြန်သည်။"ရော်ဘတ်တာ မကြားစေနဲ့နော်"မစ္စမာတူချီက ဘေးဘီကြည့်ပြီး ပြောလာသည်။"ဘယ်သူမှ မကြားစေနဲ့။ အဲအရုပ်တွေက မြေညီထပ်ကဆိုင်မှာ ရှိတယ်""ဟုတ်ကဲ့"မြေညီထပ်က အရုပ်အရောင်းဌာနနှင့် တရက်ဇ်တို့ဌာနက အချင်းချင်း မတည့်ကြပေ။ ကုန်တိုက်၏ စီမံခန့်ခွဲသူများက အရုပ်တိုင်းကို ဈေးတင်ထားသည့် တရက်ဇ်တို့၏ ခုနစ်လွှာက အရုပ်အရောင်းဌာနတွင်သာ ဈေးဝယ်သူများကို ဝယ်စေချင်ကြသည်။ တရက်ဇ်က ထိုမိန်းမကို မြေညီထပ်က အရုပ်ဆိုင်များတွင် မေးကြည့်ရန် ပြောလိုက်သည်။"ဒီနေ့ ဒါကို ရောင်းထွက်အောင်လုပ်"မစ္စဒေဝီက တရက်ဇ်ရှေ့မှ ဖြတ်သွားရင်း ရော်ဘတ်တာ မှာသွားသော မိကျောင်းသားရေဖြင့် လုပ်ထားသည့် လက်ဆွဲအိတ်ကို လက်သည်းနီဆိုးထားသည့် သူ့လက်များဖြင့် ညွှန်ပြကာ ပြောသွားပြန်ပြီ။ တရက်ဇ် ခေါင်းညိတ်ပြလိုက်သည်။"ရှင်တို့ဆီမှာ မတ်တပ်ရပ်အရုပ်မတွေ ရှိလား"တရက်ဇ်ကို မေးလာသည့် ချိုင်းထောက်နှင့် သတ်လတ်ပိုင်းအမျိုးသမီးကို ကြည့်လိုက်သည်။ သူ့မျက်နှာက ထူးခြားပြီး၊ နူးညံ့တတ်ပုံ ပေါ်သည်။ အမြင်ရှိပြီး၊ ကိုယ်လိုချင်သည့်အရာကို ရွေးတတ်သည့်ပုံလည်း ရှိသည်။ တရက်ဇ်က အရုပ်မတစ်ရုပ်ကို ထုတ်ပြပေးလိုက်သည်။"အရုပ်က ကျွန်မ လိုချင်တဲ့အရွယ်ထက် နည်းနည်းကြီးနေတယ်။ အားတော့နာပေမယ့် ဒီ့ထက် နည်းနည်းသေးတာ ရှိဦးမလား""ဟုတ်ကဲ့။ ရှိမယ်ထင်ပါတယ်"တရက်ဇ်က မင်းလမ်းတစ်လျှောက်က ဗီရိုများတွင် လိုက်ရှာကြည့်သည်။ မိန်းမကြီးကလည်း သူ့ချိုင်းထောက်နှင့် တရက်ဇ်နောက်က လိုက်ကြည့်နေတာကို သူသတိထားမိသွားသည်။ တရက်ဇ်က မိန်းမကြီး၏ ဝေဒနာကို သနားသွားပြီး၊ ထိုမိန်းမကြီး လိုချင်သည့်အရုပ်ကို မြန်မြန်ရှာတွေ့သွားဖို့ ဆုတောင်းနေမိ၏။ သို့သော် တွေ့လိုက်သည့်အရုပ်က မမှန်။ ဆံပင်အစစ်နှင့် မဟုတ်ချေ။ တခြားဗီရိုတစ်ခုတွင် ရှာကြည့်လိုက်မှ ဆံပင်အစစ်နှင့် အရုပ်ကို တွေ့ရသည်။ထိုအရုပ်မက နည်းနည်းလေး ကွေးလိုက်သည်နှင့် ထအော်ငိုတတ်သည်။ မိန်းမကြီး လိုချင်သည့် အရုပ်မျိုးပင် ဖြစ်သည်။ တရက်ဇ်က အရုပ်ကို ဘူးတစ်ဘူးထဲ သေချာထည့်ပြီး၊ ပါကင်စက္ကူလှလှလေးဖြင့် ထုတ်ပေးလိုက်သည်။"အဆင်ပြေသွားပြီ""ဩစတြီးယားက ကျွန်မရဲ့သူငယ်ချင်း သူနာပြုကို လက်ဆောင်ပို့ပေးမလို့လေ။ ကျွန်မတို့နှစ်ယောက်လုံးက သူနာပြုသင်တန်းကျောင်းကပဲ ဘွဲ့ရထားကြတာ။ အရုပ်မကို ဝတ်ပေးဖို့ သူနာပြုဝတ်စုံတစ်စုံတောင် ချုပ်ထားပြီးပြီ။ ကျေးဇူးပဲနော်။ ပျော်ရွှင်စရာခရစ္စမတ်ဖြစ်ပါစေကွယ်""ရှင့်အတွက်လည်း ပျော်စရာခရစ္စမတ်ဖြစ်ပါစေ"တရက်ဇ်က ပြုံးပြီး ပြန်ပြောလိုက်သည်။ ဝယ်သူတစ်ယောက်ဆီက ပထမဆုံး ကြားရသည့် ခရစ္စမတ်ဆုတောင်းစကားလည်း ဖြစ်သည်။"အနားရပြီးပြီလား မစ္စဘဲလီဗက်"မစ္စစ်ဟန်ဒရစ်ဆင်က အပြစ်တင်သလို လေသံစူးစူးဖြင့် တရက်ဇ်ကို မေးလာ၏။ တရက်ဇ် နားချိန်မရသေးပါ။ ပါကင်ထုတ်ပေးသည့်ကောင်တာအောက်က စင်တစ်ခုတွင် သူ ဖတ်လတ်စ ဝတ္ထုစာအုပ်နှင့် လက်ဆွဲစာအုပ်တစ်အုပ်ကို ယူလိုက်သည်။ ဝတ္ထုက ရစ်ချက် အတင်း ဖတ်စေချင်နေသည့် ဂျွိုက်စ်၏ "အနုပညာရှင်လူငယ်တစ်ယောက်ကို ပုံဖော်ကြည့်ခြင်း" ဝတ္ထုဖြစ်သည်။ 'ဂျွိုက်ရဲ့ စာအုပ်တွေကို မဖတ်ဘဲနဲ့များ ဂျာထရုစတိန်ရဲ့ စာအုပ်တွေကို ဘယ်လိုဖတ်ကြလဲ မသိဘူး'ဟု ရစ်ချက် မကြာခဏ ပြောတတ်သည်။ ရစ်ချက်က စာအုပ်အကြောင်း ပြောသည့်အခါတိုင်း တရက်ဇ်မှာ သိမ်ငယ်သလို ခံစားရ၏။ ကျောင်းတက်စဉ်မှာတော့ တရက်ဇ် စာအုပ်တွေကို မွှေနှောက်ရှာဖွေကြည့်ဖူးသည်။ စိန့်မားဂရက်ကျောင်းက စာကြည့်တိုက်တွင် ကတ်သလစ်ဘာသာရေးစာအုပ်တွေအပြင် ဂျာထရုစတိန်၏ စာအုပ်တွေလည်း ရှိမှန်း သူ သတိထားခဲ့မိသည်။xxxxxဝန်ထမ်းများနားနေခန်းသို့ သွားရာလမ်းတွင် ဘူးအပြည့်တင်ထားသည့် ဈေးဝယ်လှည်းများနှင့် ပိတ်နေ၏။ လမ်းရှင်းသွားသည်အထိ တရက်ဇ် စောင့်နေရသည်။"ဟေ့ မှင်စာလေး"ဈေးဝယ်လှည်းတွေ သိမ်းနေသည့် ကောင်လေးက တရက်ဇ်ကို အော်ခေါ်လိုက်သည်။ တရက်ဇ် အနည်းငယ်ကြောင်သွားပြီး၊ ပြုံးမိသွားသည်။ နေ့ခင်းဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ်၊ မြေညီထပ်တွင် တွေ့လျှင်လည်း သူ့ကို 'မှင်စာလေး'ဟုပင် ခေါ်တတ်ကြသည်။"ဟေ့ မှင်စာလေး။ ငါ့ကို စောင့်နေတာလား"ဘူးတွေအပြည့်နှင့် လှည်းတွေကြားထဲက အသံဩဩဖြင့် အော်လာပြန်သည်။ တရက်ဇ်က ထိုကောင်လေး တွန်းပို့လိုက်သည့် လှည်းကို ရှောင်လိုက်သည်။"ဟေ့ ဒီမှာ ဆေးလိပ်သောက်လို့မရဘူးကွ"ကြီးကြပ်လူကြီးတစ်ယောက်က အမိန့်သံဖြင့် အော်လိုက်ခြင်းဖြစ်သည်။ တရက်ဇ်တို့ ရှေ့နားက ဆေးလိပ်မီးညှိပြီးသည့် မိန်းကလေးများက ဆေးလိပ်ကို ရှိုက်လိုက်ကာ အငွေ့များကို မှုတ်ထုတ်ပြီး ပြန်အော်လိုက်သည်။"ဘာလဲ။ ရှင့်ကိုယ်ရှင် မစ္စတာဖရန်ကန်ဘက် မှတ်နေတာလား""မှင်စာလေးရေ လွတ်အောင်ရှောင်ဟေ့"ဈေးဝယ်လှည်းတစ်စီးက သူ့ရှေ့ ပြေးဝင်လာပြီး၊ သံအချွန်လေးနှင့် သူ့ခြေထောက်ကို ခြစ်မိသွားသည်။ ခြေထောက်က နာကျင်မှုကို တရက်ဇ် ခံစားနေရသော်လည်း ခြေထောက်ကို ငုံ့မကြည့်လိုက်ဘဲ ရှေ့ဆက်သွားလိုက်သည်။ မိန်းကလေးများ၏ စကားသံတွေနှင့် ပွက်လောရိုက်နေပြီး၊ ပိုးသတ်ဆေးနံ့ မွှန်ထွန်နေသည့် သန့်စင်ခန်းထဲ တရက်ဇ် ဝင်သွားလိုက်သည်။ခြေထောက်က သွေးများမှာ ဖိနပ်ဘေးသို့ စီးကျလာပြီး၊ အသားကပ်ခြေအိတ်ပင် ပေါက်ပြဲသွားသည်။ လန်သွားသည့်အရေပြားကို ပြန်ဖိကပ်လိုက်ကာ နံရံတွင်မှီပြီး ရေပိုက်တစ်ခုကို အမှုမဲ့ ကိုင်ထားလိုက်သည်။ မှန်ရှေ့မှ မိန်းကလေးများက အသံတစာစာနှင့် စကားပြောတာကို နားထောင်ပြီး၊ ခဏနေလိုက်သေးသည်။ ပြီးမှ သန့်စင်ခန်းသုံးစက္ကူကို ရေစွတ်ပြီး၊ သွေးများကို သုတ်လိုက်သည်။ သို့သော် သွေးများက ထွက်နေဆဲပင်။"ဘာမှမဖြစ်ပါဘူး။ အဆင်ပြေပါတယ်။ ကျေးဇူးပါပဲ"သူ့နားကို ကပ်လာပြီး၊ သူ့ဒဏ်ရာကို ကုန်းကြည့်နေသည့် မိန်းကလေးကို ကျေးဇူးတင်စကား ပြောလိုက်၍ ထိုမိန်းကလေးက ပြန်လှည့်သွားသည်။နောက်ဆုံးမှာတော့ အလိုအလျောက်စက်တွင် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကို ဝယ်လိုက်ရသည်။ လစဉ်သုံးဂွမ်းထုတ်မှ ဂွမ်းများကို ဆွဲထုတ်လိုက်ကာ ခြေထောက်တွင် ကပ်ပြီး ပတ်တီးနှင့် စည်းထားလိုက်၏။ ထို့နောက် နားချိန်စေ့၍ ကောင်တာသို့ ပြန်သွားလိုက်သည်။xxxxxပါကင်တစ်ခုကိုဖွင့်နေရင်း ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည့်အခါ သူ့ကို စေ့စေ့စပ်စပ်ကြည့်နေသည့် အမျိုးသမီးတစ်ဦးနှင့် တရက်ဇ် ခဏအကြာ အကြည့်ချင်း ဆုံသွားမိသည်။ ထိုအမျိုးသမီးက အရပ်မြင့်မြင့်နှင့် အသားဖြူဖြူ။ သူ့မျက်လုံးများက အရောင်အဆင်းမရှိလှသည့် မီးခိုးရောင်မျိုး ဖြစ်ပေမယ့် သူ့အကြည့်မှာ တရက်ဇ် ရှောင်လွှဲ၍ မရနိုင်သည့် မီးရောင်လိုမျိုး လင်းလက်စိုးမိုးနေသည်။ ဈေးဝယ်သူတစ်ဦးက တရက်ဇ်ရှေ့တွင် ရပ်ကာ မေးခွန်းတစ်ခုကို ထပ်ခါထပ်ခါ မေးနေတာကို ကြားနေရသော်လည်း တရက်ဇ်က ပြန်မဖြေဘဲ ကြောင်တောင်ကာ ရပ်နေမိ၏။ထိုအမျိုးသမီးက တရက်ဇ်ကို သေချာကြည့်နေသည်။ ဘာပစ္စည်းပဲ ဝယ်စရာရှိရှိ၊ အရောင်းဝန်ထမ်းများကြားထဲက သူ့ဆီကိုပဲ လာပြီး မေးစမ်းလိမ့်မည်ဟု တရက်ဇ်ခံစားနေရသည်။ အမှန်ပင် တရက်ဇ်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ထိုအမျိုးသမီးက တရက်ဇ်နှင့် ပို၍နီးကပ်လာသည့်အခါ တရက်ဇ်မှာ ရင်ခုန်မိပြီး မျက်နှာပူလာသလိုပင် ဖြစ်၏။"ဒီလက်ဆွဲအိတ်တွေထဲက တခြားဟာ ပြပေးလို့ရမလား"အမျိုးသမီးက မှန်တင်ခုံအောက်ကို ငုံ့ကြည့်ကာ မေးလိုက်၏။သူ ပြသည့် လက်ဆွဲအိတ်မှာ အနာအဆာ ခပ်သေးသေး ပါနေ၍ ဖြစ်သည်။ တရက်ဇ်က သူ့အနောက်ရှိ စင်အောက်က ဘူးတစ်ဘူးကို ဆွဲထုတ်လိုက်သည်။ ထိုအမျိုးသမီးက သူ့မီးခိုးရောင်မျက်ဝန်းများနှင့် တရက်ဇ်ကို တည်တည်ငြိမ်ငြိမ်ပင် လိုက်ကြည့်သည်။ တရက်ဇ်က ထိုအကြည့်များနှင့် မရင်ဆိုင်ရဲပေမယ့် ရှောင်လွှဲ၍လည်း မတတ်နိုင်ချေ။"တကယ်က ဟိုလက်ဆွဲအိတ်လေးကို တို့ သဘောကျတာ။ ဒါပေမယ့် ရောင်းပေးလို့ မရဘူးမလား"အမျိုးသမီးက တရက်ဇ်အနောက်မှ မှန်ပုံးထဲက အညိုရောင်လက်ဆွဲအိတ်ကို မေးဆက်ပြီး ပြောသည်။ရွှေဝါရောင် မျက်ခုံးများက သူ့နဖူးပြင်ပေါ်တွင် လှလှပပ အနားသတ်ထားသလို ဖြစ်ပြီး၊ သူ့နှုတ်ခမ်းများက သူ့မျက်လုံးတွေလို ကျယ်ပြောသည်။ သူ့အသံမှာ သူ့ကုတ်အင်္ကျီလို နူးညံ့ကာ၊ ဩဇာရှိပြီး လျို့ဝှက်တတ်သည့် လေသံမျိုးဖြစ်၏။"ရပါတယ်ရှင်"တရက်ဇ်က သော့ယူဖို့အတွက် စတိုခန်းကို ဝင်သွားလိုက်သည်။ ကောင်တာသော့ကို တံခါးအနောက်ဘက်က သံတစ်ချောင်းတွင် ချိတ်ဆွဲထားကာ မစ္စစ်ဟန်ဒရစ်ဆင်ကလွဲ၍ တခြားလူ ယူခွင့်မရှိပေ။ မစ္စဒေဝီက တရက်ဇ် သော့ယူသွားသည်ကို မြင်ပြီး အံ့ဩနေသည်။ တရက်ဇ်က "ကျွန်မလိုလို့"ဟု ပြောပြောဆိုဆိုနှင့် ပြန်ထွက်လာသည်။ မှန်ပုံးသော့ကို ဖွင့်လိုက်ပြီး လက်ဆွဲအိတ်ကိုယူကာ ကောင်တာပေါ်သို့ တင်ပေးလိုက်သည်။"အလှပြထားတဲ့ နမူနာအိတ်ကို တို့အတွက် ရောင်းပေးနေတာမလား"အမျိုးသမီးက သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်သည်။ကောင်တာပေါ်တွင် သူ့လက်နှစ်ဖက်ကို တင်ထားတာ အိတ်ကို စေ့စေ့စပ်စပ် ကြည့်နေသည်။"အဲလို ရောင်းလိုက်တော့ မင်း လူကြီးတွေနဲ့ ပြဿနာဖြစ်မှာပေါ့""ကိစ္စမရှိပါဘူးရှင်""ကောင်းပြီလေ။ ဒါဆို ဒီအိတ်ကို ယူလိုက်မယ်နော်။ ပစ္စည်းရောက်မှ ငွေချေရတာမလား။ ဒီအဝတ်တွေကရော ဒီအိတ်ဝယ်ရင် တစ်ခါတည်း ပါတာလား"လက်ဆွဲအိတ်ထဲတွင် ဈေးနှုန်းကပ်ထားသည့် အရုပ်ဝတ်အင်္ကျီတချို့ ရှိနေ၏။"မဟုတ်ပါဘူး။ သက်သက်ဝယ်ရတာပါ။ ဒါပေမယ့် ရှင်လိုချင်တယ်ဆိုရင် ဟိုဘက်က အရုပ်အင်္ကျီတွေရောင်းတဲ့ဆိုင်မှာ ဝယ်လို့ရပါတယ်။ ဒီအင်္ကျီတွေက အဲဆိုင်ကဟာတွေလောက် မကောင်းလို့ပါ""ဒါနဲ့ အခုဝယ်ရင် နယူးဂျာဆီကို ခရစ္စမတ်မတိုင်ခင် အရောက်ပို့ပေးနိုင်လား""ဟုတ်ကဲ့။ တနင်္လာနေ့ဆို ရောက်ပါပြီ"အကယ်၍ မရောက်ခဲ့လျှင်လည်း သူကိုယ်တိုင် ပို့ပေးလိုက်မည်ဟု တရက်ဇ် စဉ်းစားလိုက်သည်။"မစ္စစ် အိတ်ခ်ျ အက်ဖ် အဲ့ဒ်"အမျိုးသမီးက သူ့နာမည်ကို အသံချိုချိုနှင့် ပြတ်သားစွာ ပြောလိုက်သည်။ တရက်ဇ်ကလည်း အစိမ်းရောင်ဖြတ်ပိုင်းပေါ်တွင် ရေးမှတ်လိုက်၏။ ထို့နောက် ထိုအမျိုးသမီး၏ နာမည်၊ အိမ်လိပ်စာနှင့် မြို့တို့မှာ မှတ်ဉာဏ်ထဲတွင် တံဆိပ်တုံး နှိပ်ထားလိုက်သလိုမျိုး တရက်ဇ်အတွက်တော့ ဘယ်တော့မှ မေ့မရတော့မည့် လျို့ဝှက်ချက် ဖြစ်လာသည်။"မင်း အမှားတော့ မလုပ်နိုင်ဘူးမလား"အမျိုးသမီးက မေးလာသည်။တရက်ဇ်က ထိုအမျိုးသမီး၏ ရေမွှေးနံ့ကို ပထမဆုံးအကြိမ် သတိထားမိပြီး၊ မေးတာကိုတော့ ပြန်မဖြေဘဲ ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် ဖြတ်ပိုင်းပေါ်တွင် လိုအပ်သည်များကို ဖြည့်နေရင်း 'မင်း တို့နဲ့ တွေ့ရတာ အဆင်ပြေတယ်ဆိုရင် နောက်ထပ် ဆုံကြမလား။ ဒီနေ့ နေ့လယ်စာ အတူစားကြမလား' ဆိုပြီး အမျိုးသမီး စကားဆက်ပြောလာဖို့ကို ဆုတောင်းမိသည်။သို့သော် 'အမှားတော့မလုပ်ဘူးမလား' ဆိုကာ ခရစ္စမတ်ကာလအတွက် ယာယီခန့်ထားသည့် အရောင်းစာရေးမ မှတ်၍ စိတ်မချနိုင်သည့် မေးခွန်းမျိုး မေးပြီး၊ စိတ်သက်သာရာရစေနိုင်သည့် စကားမျိုးပင် ထပ်မပြောလာချေ။ တရက်ဇ်က ထိုအမျိုးသမီး လက်မှတ်ထိုးရန် ဖြတ်ပိုင်းစာအုပ်ကို ရွှေ့ပေးလိုက်၏။ထို့နောက် အမျိုးသမီးက ကောင်တာပေါ်ချထားသော သူ့လက်အိတ်များကို ယူကာ ဖြည်းဖြည်းချင်း လှည့်ထွက်သွားသည်။ တရက်ဇ်က ထိုအမျိုးသမီးကို မြင်နိုင်လောက်သည်အထိ လိုက်ကြည့်နေမိသည်။ သားမွေးကုတ်အင်္ကျီ၏အောက်က ခြေသလုံးတိုင်လေးများမှာ ဖြူဖြူဖျော့ဖျော့နှင့် သွယ်သွယ်လျလျ ရှိလှသည်။ အနက်ရောင် သားရေဒေါက်မြင့်ကိုလည်း စီးထားသေး၏။"ဒါ ပစ္စည်းပို့ပေးရမယ့် အော်ဒါမလား"တရက်ဇ်က မစ္စစ်ဟန်ဒရစ်ဆင်၏ ရုပ်ဆိုးဆိုးမျက်နှာကို လှည့်ကြည့်လိုက်သည်။"ဟုတ်ကဲ့""အဲဒါ ဒီထိပ်က ဖြတ်ပိုင်းကို ဝယ်သူကို ပေးလိုက်ရမှာ မသိဘူးလား။ မဟုတ်ရင် ဝယ်သူက ဝယ်ထားတဲ့ပစ္စည်းကို ဘယ်လို လက်ခံလို့ရမလဲ။ အခု အဲဝယ်သူရော။ မှီရင် သွားလိုက်ပေးချေ""ဟုတ်ကဲ့"အမျိုးသမီးက ဆယ်ပေအကွာခန့်က အရုပ်အင်္ကျီဆိုင်တွင် ရှိနေသည်။ တရက်ဇ်လည်း ဖြတ်ပိုင်းကို ယူကာ သွားပေးဖို့ လုပ်လိုက်သည်။ သို့သော် အပြာရောင်စကတ်ဟောင်းတစ်ထည်နှင့် ဂွမ်းအင်္ကျီပေါ်က အစိမ်းရောင်ဝန်ထမ်းဝတ်စုံကို ဝတ်ထားသည့် သူ့ပုံကို သူ မြင်ယောင်လာကာ ရှက်ပြီး တုံ့ဆိုင်းမိသွားသည်။ ဖိနပ်အပါးကိုဝတ်ထားပြီး၊ ခြေထောက်တွင်လည်း သွေးအလိမ်းလိမ်းထွက်နေ၍ ပတ်တီးကိုလည်း စည်းထားရသေးသည်။"ကျွန်မ ရှင့်ကို ဒါပေးဖို့ မေ့သွားလို့ပါ"တရက်ဇ်က ဖြတ်ပိုင်းကို အမျိုးသမီး၏ လက်ဘေးနား ကောင်တာအစွန်းတွင် ချခဲ့ပြီး ပြန်လှည့်ထွက်လာသည်။ ကောင်တာသို့ ပြန်ရောက်လာပြီးချိန်တွင် တရက်ဇ်က ပစ္စည်းဘူးများကို လှန်လှောကြည့်နေမိ၏။ သို့သော် ထိုအမျိုးသမီး ဈေးဝယ်ပြီး ပြန်ထွက်သွားသည်အထိ စောင့်ကြည့်နေမည်ဟု တရက်ဇ်က ဆုံးဖြတ်ထားသည်။နောက်ထပ်ပြန်ရနိုင်မှန်း မသေချာသည့် ပျော်စရာများနှင့် အချိန်တွေကို ကုန်လွန်သွားမည်စိုး၍ နောက်တစ်ခေါက် ပြန်မတွေ့နိုင်လောက်သည့် ထိုအမျိုးသမီး၏ မျက်နှာကို ထပ်ပြီးမြင်ရဖို့ ဆုတောင်းနေမိသည်။ ကြိုးစား၍ သတိထားနေသော်လည်း ဈေးဝယ်သူတို့၏ အသံနှင့် သူ့ကို လှမ်းခေါ်လိုက်၊ တခြားအရောင်းစာရေးမတွေကို ခေါ်လိုက်နှင့် ဆူဆူညံညံ အသံဗလံတို့အပြင် ရထားလေး၏ တဂါးဂါးအသံက သူ့အတွေးများကို မှုန်ဝါးဝါးဖြစ်စေပြီး၊ ထိုအမျိုးသမီးနှင့် ဝေးကွာ နေစေ၏။အမျိုးသမီးက နောက်တစ်ခေါက် ပြန်လှည့်လာကာ သူ့မီးခိုးရောင်မျက်ဝန်းတို့နှင့် အကြည့်ချင်း ဆုံမိပြန်သည်။ အချိန်တွေ နောက်ပြန်ရစ်ထားသည့်အတိုင်း အမျိုးသမီးက သူ့ဆီကိုပင် တည့်တည့် လျှောက်လာနေ၏။ အမျိုးသမီးက ကောင်တာကို အသာမှီပြီး၊ အရုပ်တစ်ရုပ်ကို ပြပေးရန် ပြောလာသည်။ တရက်ဇ်က သူလိုချင်သည့်အရုပ်ကို ချောက်ခနဲမြည်အောင် ချပေးမိရာ အမျိုးသမီးက တရက်ဇ်ကို မော့ကြည့်လိုက်သည်။"အရုပ်က လွယ်လွယ်နဲ့တော့ မကျိုးနိုင်တဲ့ပုံပဲ"တရက်ဇ်က ပြုံးလိုက်၏။"တို့ ဒီဟာလည်း ယူလိုက်မယ်"ဆူညံပွတ်လောရိုက်နေသည့် အသံများကြားက အမျိုးသမီးက တိုးတိုးသာသာ ပြောလိုက်ရာ သူတို့နှစ်ဦးအတွက် ဆိတ်ငြိမ်သည့် တစ်နေရာတွင် ရောက်နေသလိုမျိုးပင် ခံစားလိုက်ရသည်။အမျိုးသမီးက သူ့နာမည်နှင့် အိမ်လိပ်စာကို ပြန်ရွတ်ပြသည်။ တရက်ဇ်ကလည်း မမှတ်မိသည့်ပုံစံဟန်ဖြင့် သူပြောသည့်နောက်မှသာ လိုက်ရေးလိုက်သည်။"ဒါ ခရစ္စမတ်မတိုင်ခင် တကယ်ရောက်မှာပါနော်""ဟုတ်ကဲ့။ အနောက်ကျဆုံးဆိုရင်တောင် ခရစ်စမတ်မတိုင်ခင် နှစ်ရက်အလို တနင်္လာနေ့ဆို ရောက်ပါပြီ""အင်း။ မင်းကို စိတ်အနှောင့်အယှက် ပေးမိပြီထင်တယ်"တရက်ဇ်က အရုပ်ကို ဘူးတွင် ထည့်ကာ ကြိုးချည်ပေးနေသော်လည်း ကြိုးက ပြန်ပြန်ပြေနေ၏။"မဟုတ်တာပါရှင်"အမျိုးသမီး၏ မျက်လုံးအောက်တွင် သူ ထုတ်ပိုးပေးနေတာဟာ ကြိုးချည်လိုက်ပြေလိုက်နှင့် ဖြစ်နေ၍ တရက်ဇ် အနေခက်နေမိသည်။ အတော်ကြာမှ ကြိုးချည်၍ ရသွား၏။"ဒီအလုပ်က စိတ်ညစ်ဖို့ကောင်းတယ်မလား""ဟုတ်တာပေါ့ရှင်"တရက်ဇ်က ကြိုးအဖြူလေးကြားတွင် ဖြတ်ပိုင်းကို ခေါက်ထည့်ပြီး၊ ပင်အပ်နှင့် တွယ်ပေးလိုက်သည်။"တို့လည်း မင်းကို ခဏခဏအထွန့်တက်နေမိလို့ အားနာပါတယ်ကွယ်"တရက်ဇ်က အမျိုးသမီးကို မော့ကြည့်မိသွားသည်။ သူ့ကို အရင်က တစ်နေရာရာတွင် မြင်ဖူးသိဖူးသည်ဟုပင် စိတ်တွင် ခံစားလိုက်ရ၏။"ရပါတယ်ရှင်။ ပစ္စည်းကလည်း အဲနေ့ဆို တကယ်ရောက်လာမှာပါ"တရက်ဇ်က အမျိုးသမီး လျှောက်လာခဲ့သည့် လမ်းဘက်ကို တစ်ချက်ကြည့်လိုက်မိပြီး၊ သူရပ်ခဲ့သည့် ကောင်တာပေါ်တွင် ဖြတ်ပိုင်းစကို တွေ့နေရသေးသည်။"အဲဖြတ်ပိုင်းကို ရှင်ယူထားဖို့ လိုပါတယ်ရှင်"အမျိုးသမီးက ပြုံးသွားပြီး၊ အပြုံးနှင့်အတူ မီးခိုးရောင်မျက်လုံးများက အရောင်တောက်လာ၏။"အရင်ကလည်း ဖြတ်ပိုင်းမရှိဘဲ ပစ္စည်းတွေကို တို့ ဒီတိုင်းယူနေကျပဲ။ အဲဖြတ်ပိုင်းတွေကို တို့က အမြဲပျောက်နေကျ'အမျိုးသမီးက ဒုတိယဖြတ်ပိုင်းပေါ်တွင် လက်မှတ်ထိုးဖို့ လုပ်လိုက်သည်။ထို့နောက် ထိုအမျိုးသမီးက အလာတုန်းကထက် ပိုနှေးကွေးသော ခြေလှမ်းများဖြင့် ထွက်သွားတာကို တရက်ဇ် သေချာလိုက်ကြည့်နေမိ၏။ အမျိုးသမီးက နောက်ထပ် ကောင်တာတစ်ခုကို ရပ်ကြည့်ရင်း သူ့အနက်ရောင်လက်အိတ်များဖြင့် လက်ဖဝါးကို နှစ်ချက်သုံးချက် ဖွဖွရိုက်နေသည်။ ပြီးလျှင်တော့ ဓာတ်လှေကားထဲ ဝင်သွားကာ အမျိုးသမီး၏ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။တရက်ဇ်က နောက်ထပ်ဝယ်သူကို ရောင်းပေးနေရ၏။ စိတ်ရှည်ရှည်ထားကာ မမောနိုင်မပန်းနိုင်ဖြင့် ဈေးရောင်းနေနိုင်သော်လည်း ဖြတ်ပိုင်းတွင် ရေးဖြည့်စရာ ရှိလာ၍ ဖောင်တိန်ကို ကိုင်ရချိန်တိုင်း လက်တုန်နေမိသည်။ခဏအကြာတွင် မစ္စတာလိုဂန်၏ရုံးခန်းကို သွားရ၏။ ရုံးခန်းတွင်ပဲ အချိန်တော်တော်ကုန်ခဲ့သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ၁၅မိနစ်ပင် ကြာခဲ့သည်။ ထို့နောက် နေ့လယ်စာစားဖို့ လက်သွားဆေးရန် လုပ်လိုက်သည်။ လက်အခြောက်ခံရင်း စိတ်နှင့်လူ မကပ်ဘဲ ကြောင်တောင်၍သာ ရပ်နေမိ၏။ မစ္စတာလိုဂန်က 'ခရစ္စမတ်ပြီးသွားလျှင်လည်း တရက်ဇ် ဆန္ဒရှိလျှင် ကုန်တိုက်တွင် အလုပ်ဆက်ဆင်းနိုင်သည်။ ဒါ့အပြင် အောက်ထပ်က အလှကုန်အရောင်းဌာနတွင် အလုပ်ဝင်နိုင်သည်'ဟု ပြောခဲ့ရာ တရက်ဇ်က ငြင်းခဲ့၏။သူ ပထမထပ်ကို ဆင်းသွားကာ လက်ဆောင်ကတ်အရောင်းဆိုင်တွင် ကတ်လေးတစ်ကတ်ကို ဝယ်လာခဲ့သည်။ လှလှပပနှင့် စိတ်ဝင်စားစရာ ကတ်မျိုးတော့ မဟုတ်ပေ။ အပြာဗြောင်အပေါ်တွင် ရွှေရောင်အမှုန်များ ရှိသည့် ကတ်တစ်ကတ်ပင် ဖြစ်သည်။ ကတ်ပေါ်တွင် ဖောင်တိန်ကို ထောက်ထားလိုက်ပြီး၊ ဘာရေးရကောင်းမလဲဟု တရက်ဇ် စဉ်းစားနေမိသည်။'ရှင်က တော်တော့်ကို ကျက်သရေရှိတာပဲ' ဒါမှမဟုတ် 'ရှင့်ကို ကျွန်မ ချစ်မိနေပြီ' ဆိုပြီး ရေးလိုက်ရင်ရော။ နောက်ဆုံးမှာတော့ ပုဂ္ဂိုလ်စွဲမပါဘဲ ရိုးရိုးရှင်းရှင်းနှင့် စိတ်ဝင်စားမကောင်းသော စာတစ်ကြောင်းသာ ရေးလိုက်သည်။'ဖရန်ကန်ဘက်ကုန်တိုက်မှ ဆုတောင်းမေတ္တာပို့သခြင်း'လက်မှတ်ထိုးရမည့်နေရာတွင် လက်မှတ်မထိုးဘဲ သူ့ဝန်ထမ်းအမှတ် ၆၄၅(က)ဟု ရေးထည့်လိုက်ပြီး၊ မြေညီထပ်မှ စာတိုက်ပုံးဆီသို့ စာထည့်ရန် ဆင်းလာခဲ့သည်။ စာထည့်ရမည့်နေရာသို့ တကယ်တမ်း ရောက်လာသည့်အခါကျ ချီတုံချတုံဖြစ်မိပြန်သည်။'ဘာတွေဆက်ဖြစ်မှာပါလဲ။ အို ... ဘာပဲဖြစ်ဖြစ် နောက်ရက်အနည်းငယ် ကြာရင် ဒီမှာ အလုပ်ဆက်လုပ်မှာမှ မဟုတ်တာ။ မစ္စစ် အိတ်ခ်ျ အက်ဖ် အဲ့ဒ်ကလည်း ဒါကို အရေးစိုက်မယ်မှတ်လို့။ ဒီစာကိုဖတ်ပြီး သူ့ရွှေရောင် မျက်ခုံးတွေက အပေါ်ကို ပင့်တက်သွားမယ်။ ပြီးရင် မေ့သွားမှာပဲ' ဟုသာ တွေးလိုက်ရင်း စာတိုက်ပုံးထဲသို့ စာကို ထည့်ခဲ့လိုက်သည်။xxxxxအိမ်အပြန်လမ်းတွင် ပြဇာတ်စင်ဒီဇိုင်းအတွက် စိတ်ကူးတစ်ခု ရမိသည်။ သိပ်တော့ မကျယ်သည့် အိမ်မြင့်မြင့်တစ်လုံးတွင် အမိုးခုံးခုံးဖြင့် အိမ်၏ တစ်ဖက်တစ်ချက်တွင်လည်း အခန်းငယ်လေးတွေ ဆောက်မည်။ ဒီညတွင် ဒီဇိုင်းပုံပေါ်လာအောင် အပြီးဆွဲမည်ဟု ဆုံးဖြတ်ထားသော်လည်း တကယ်တမ်းမှာ ခဲဖြင့်သာ အကြမ်းရေးပြီး၏။ သူ့စိတ်တွင် တစ်စုံတစ်ယောက်နှင့် တွေ့ချင်မိနေသည်။ ထိုလူက ရစ်ချက်လည်းမဟုတ်၊ ဂျက်လည်းမဟုတ်၊ အောက်ထပ်က ကယ်လီတို့စုံတွဲလည်း မဟုတ်၊ စတယ်လာကို တွေ့ချင်မိ၍ ဖြစ်မည်။ စတယ်လာဟာ သူ နယူးယောက်ကို စစရောက်ချင်း ပထမအပတ်လောက်က ခင်ခဲ့ရသည့် ပြဇာတ်စင်ဒီဇိုင်နာ ဖြစ်သည်။ ကော့တေးပါတီတစ်ခုတွင် နောက်ဆုံးတွေ့ခဲ့ရပြီး၊ နောက်ပိုင်း ထပ်မတွေ့မိတော့ပေ။ စတယ်လာက အခု သူ ဘယ်မှာနေနေမှန်း မသိရသည့် လူတွေထဲက တစ်ယောက်လည်း ဖြစ်သည်။တရက်ဇ်က စတယ်လာဆီ ဖုန်းဆက်မည်အလုပ်တွင် အိမ်ရှေ့က ဘဲလ်သံခပ်ပြတ်ပြတ်ကို ကြားလိုက်ရသည်။ ဖုန်းခေါ်လာ၍ အချက်ပေးသည်ဟု တရက်ဇ် မှတ်လိုက်သည်။ ခန်းမဆီက တယ်လီဖုန်းရှိရာသို့ ဆင်းလာ၏။"ကျေးဇူးပဲနော် ... မစ္စစ်အော့စ်ဘွန်း"၉နာရီဝန်းကျင်ဆိုလျှင် ရစ်ချက်က တရက်ဇ်ဆီ ဖုန်းဆက်နေကျဖြစ်သည်။ အခုလည်း ရစ်ချက် ဖုန်းဆက်လာခြင်းပင်။ မနက်ဖြန်ညတွင် ဆက်တွန်ရုံ၌ သူတို့မကြည့်ဖူးသည့် ရုပ်ရှင်တစ်ကားကို သွားကြည့်ဖို့ ပြောနေ၏။ တရက်ဇ်က တခြားလုပ်စရာမရှိပေမယ့် ခေါင်းအုံးစွပ်များကို ပြီးအောင် ချုပ်ချင်သေးသည်ဟု ပြောလိုက်သည်။ အဲလစ်ကယ်လီက မနက်ဖြန်ညတွင် သူတို့အထပ်ကို ဆင်းလာပြီး၊ သူ့ချုပ်စက်ကို သုံးချင်သုံးနိုင်သည်ဟု ခွင့်ပြုထား၏။ ပြီးလျှင်လည်း မနက်ဖြန်တွင် ခေါင်းလျှော်ရဦးမည်ဟု ပြောလိုက်သည်။"ဒါဆိုရင် ဒီနေ့ခေါင်းလျှော်လိုက်လေ။ ကိုတို့ မနက်ဖြန် တွေ့ရအောင်ပါနော်""ဒီနေ့က နောက်ကျနေပြီလေ။ ခေါင်းစိုနေရင် ကျွန်မမှ မအိပ်တတ်တာကို""ဒါဆို မနက်ဖြန် ကို လာပြီး ခေါင်းလျှော်ပေးမှာနော်။ ဒီတစ်ခါတော့ ရေချိုးကန်ထဲမှာ မလျှော်တော့ဘူး။ ရေပုံးနဲ့ပဲ လျှော်ပေးတော့မယ်"တရက်ဇ်က ပြုံးမိသွား၏။ ရစ်ချက်က သူ့ကို အရင်တစ်ခေါက် ခေါင်းလျှော်ပေးတုန်းက ရေချိုးကန်ထဲတွင် သူ ချော်ကျသွားသည်။ ရစ်ချက်က ရေကျသံကို လိုက်တုပြီး ဂလွတ်ဂလွတ်ဟု အသံထွက်ပြနေ၍ တရက်ဇ်က အရယ်လွန်ကာ ရေချိုးခန်းကြမ်းပြင်သို့ ချော်ကျသွားခြင်းဖြစ်သည်။"ဒါဆို စနေနေ့ကျ အနုပညာပြခန်းသွားမယ် ဆိုရင်ရော။ နေ့လယ်ခင်းလောက်ဆို ပြခန်းက ဖွင့်ပြီ""ဒါပေမယ့် စနေနေ့ကျရင် ၉နာရီအထိ အလုပ်ဆင်းရမှာ။ ၉နာရီခွဲပြီးလောက်မှ အားမှာနော်""အင်း။ အဲဒါဆို ကို ကျောင်းမှာပဲ နေနေလိုက်မယ်။ ၉နာရီခွဲလောက်ကျမှ ထွက်လာပြီး၊ လမ်းထောင့်မှာ စောင့်နေလိုက်မယ်။ ၄၄လမ်းနဲ့ အမှတ်၅လမ်းထောင့်နော်။ အဆင်ပြေတယ်မလား""အင်း""ဒီနေ့ ဘာတွေလုပ်ဖြစ်သေးလဲ""ထွေထွေထူးထူးတော့ မရှိပါဘူး။ ကိုရော""ဟင့်အင်း။ ဒါပေမယ့် မနက်ဖြန်ကျရင်တော့ လှေကိစ္စနဲ့ သွားတွေ့စရာတော့ ရှိတယ်။ ညရောက်ရင် ကို ဖုန်းပြန်ဆက်လိုက်မယ်လေ"စတယ်လာကိုတော့ သူ ဖုန်းမခေါ်ဖြစ်တော့ပါ။xxxxxမနက်ဖြန်မှာ သောကြာနေ့ ဖြစ်၏။ ခရစ္စမတ်မရောက်ခင် နောက်ဆုံးသောကြာနေ့လည်း ဖြစ်သည်။နောက်ရက်တွင် ပိုပြီးအလုပ်ရှုပ်မည်ဟု ပြောကြပေမယ့် ဒီနေ့ကသာ ဖရန်ကန်ဘက်ကုန်တိုက်တွင် သူ လုပ်ဖူးသည့် ရက်များထဲက အလုပ်အရှုပ်ဆုံးနေ့ ဖြစ်လိမ့်မည်။ဈေးဝယ်သူများက ကောင်တာများတွင် အတင်းတိုးကြိတ်နေကြ၏။ ဒီအထပ်တွင် နောက်ထပ်လူများ မတိုးလာနိုင်တော့ဘူးဟု သူ ထင်မိပေမယ့် ဓာတ်လှေကားထဲမှ လူများက ထပ်၍ထပ်၍ ရောက်လာကြသည်။"ဘာလို့ အောက်ထပ်က တံခါးတွေကို ခဏ မပိတ်ထားလဲ မသိဘူး"တရက်ဇ်က ဘူးတွေကို စင်အောက်တွင် ငုံ့ထည့်နေရင်း မစ္စမာတူချီကို လှမ်းပြောလိုက်သည်။"ဘာပြောလိုက်တာလဲ"မစ္စမာတူချီက မကြားသဖြင့် ပြန်မေး၏။"မစ္စဘဲလီဗက်"တစ်ယောက်ယောက်က ဝီစီမှုတ်ကာ အော်ခေါ်လိုက်သည်။ မစ္စစ်ဟန်ဒရစ်ဆင် ဖြစ်သည်။ ဒီနေ့တွင် လူ ဆူနေသဖြင့် တစ်ခုခုဆိုလျှင် သူ့ကို ချက်ချင်း သတိပြုမိအောင် ဝီစီကို သုံးနေခြင်းပင်။"မင်းနဲ့ ဖုန်းပြောချင်လို့တဲ့။ မစ္စဘဲလီဗက်"မစ္စစ်ဟန်ဒရစ်ဆင်က ပါကင်ပိတ်ပေးသည့်ကောင်တာနားက ဖုန်းခုံကို ညွှန်ပြသည်။ အခုလို လူစည်ကားနေသည့်အချိန်တွင် ဖုန်းပြော၊ ဖုန်းနားထောင်ဖို့က ထင်သလောက် လွယ်မည်မဟုတ်ပါ။ ရစ်ချက်က သက်သက်စနောက်ချင်၍ ဖုန်းဆက်လာသည်ဟု တရက်ဇ် ထင်လိုက်သည်။ အရင်တစ်ခါကလည်း အဲလိုမျိုး ဖုန်းဆက်ဖူး၏။"ဟယ်လို""ဟယ်လို။ အခုပြောနေတာ ဝန်ထမ်းအမှတ် ၆၄၅(က) တရက်ဇ်ဘဲလီဗက်လား""ဟုတ်ကဲ့။ ဘာကိစ္စရှိလို့လဲရှင်""ဟယ်လို"ဖုန်းလိုင်းမှာ တဂျီဂျီဖြစ်နေ၍ သူပြန်ဖြေနေတာကို တစ်ဖက်လူက မကြားနိုင်ဘဲ ရှိနေ၏။ တရက်ဇ်က တယ်လီဖုန်းကို စားပွဲပေါ်မှ စတိုခန်းလေးသို့ ရွှေ့လာဖို့ လုပ်လိုက်သည်။ ဖုန်းကြိုးမှာ တိုနေ၍ စတိုခန်းအဝင်ဝနားတွင်သာ ဆောင့်ကြောင့်ထိုင်ကာ ပြောနေရသည်။"ဟယ်လို""ခရစ္စမတ်ကတ်လေးအတွက် မင်းကို ကျေးဇူးတင်ချင်လို့ပါ""အော် ဒါဆို ရှင်က...""မစ္စစ် အဲ့ဒ်ပါ။ တို့ဆီကို ကတ်လေးပို့လိုက်တာ မင်း ဟုတ်တယ်မလား။ ဒါမှမဟုတ် ...""ဟုတ်ပါတယ်။ ကျွန်မ ပို့လိုက်တာပါ"တရက်ဇ်က သူ အပြစ်ကျူးလွန်ထားတာကို လူမိသွားသလိုပင် ခံစားလိုက်ရ၏။ မျက်လုံး မှိတ်ထားလိုက်ပြီး၊ မနေ့က တွေ့ခဲ့ရသည့် ထိုအမျိုးသမီး၏ အပြုံးကို ပြန်မြင်ယောင်လာသည်။"ကျွန်မကြောင့် အနှောင့်အယှက်ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်ရှင်"ဈေးဝယ်သူတွေကို ပြောနေကျအတိုင်း တရက်ဇ်က ပြောလိုက်သည်။အမျိုးသမီးက ရယ်မောလိုက်ပြီး ပြန်ပြောလာသည်။"မင်းက အတော်ရယ်ရတာပဲ""ရှင်။ ဘာလို့လဲ""မင်းက အရုပ်အရောင်းဌာနက မိန်းကလေးပဲ။ ဟုတ်တယ်မလား""ဟုတ်ပါတယ်ရှင်""အင်း။ တို့ဆီ လက်ဆောင်ကတ်ပို့တာ မင်းမှန်း သိရတော့ ဝမ်းသာမိပါတယ်"အမျိုးသမီးက ယဉ်ယဉ်ကျေးကျေး ဆိုလာသည်။သူ့ကို လက်ဆောင်ကတ်ပို့လာတာ တခြားကောင်တာက ယောက်ျားလေးတစ်ယောက်ဟု သူထင်နေမှန်း တရက်ဇ် သဘောပေါက်လိုက်သည်။"ရှင့်ကို ဒီလို ပို့ပေးခွင့်ရတာကိုလည်း ကျွန်မ ဝမ်းသာမိပါတယ်""ဟုတ်လား။ ဘာလို့လဲ"အမျိုးသမီးက တရက်ဇ်ကို သရော်နေသလိုမျိုး တရက်ဇ် ပြောသည့်အတိုင်းပင် ပြန်မေးလိုက်၏။"ကောင်းပြီလေ။ အခုက ခရစ္စမတ်ကာလဆိုတော့ တို့တွေ အတူဆုံပြီး၊ တစ်နေရာရာမှာ ကော်ဖီဖြစ်ဖြစ်၊ တခြားသောက်စရာတစ်ခုခုဖြစ်ဖြစ် သောက်ရအောင်လေ"အရောင်းဝန်ထမ်းတစ်ဦးက အခန်းထဲ ဝင်လာကာ သူ့ရှေ့တွင် ရပ်လာ၍ တရက်ဇ် အနည်းငယ် တွန့်ရွံ့မိသွားသည်။"ဟုတ်ကဲ့။ ရပါတယ်ရှင်""ဘယ်တော့လောက် တွေ့ကြမလဲ။ တို့ကတော့ မနက်ဖြန်မနက်ခင်းမှာ နယူးယောက်ကို လာစရာကိစ္စရှိတယ်။ ဒါမှမဟုတ် မနက်ဖြန် တို့တွေ နေ့လယ်စာ အတူစားရင်ရော။ မင်း အချိန်ရရဲ့လား""ဟုတ်ကဲ့။ ကျွန်မ မနက်ဖြန် ၁၂နာရီကနေ ၁နာရီအထိ နားချိန် ၁နာရီ ရပါတယ်"တရက်ဇ်က သူ့ရှေ့တွင် ရပ်နေသည့် အမျိုးသမီး၏ ခြေထောက် လှုပ်ရွနေတာကို ကြည့်နေမိ၏။ သားရေပျော့ရှူးဖိနပ်ကို ဝတ်ထားကာ အသားကပ်ခြေအိတ်ကပင် မထိန်းပေးနိုင်ဘဲ ဆင်ခြေထောက်လို ဖြစ်နေပြီး ခြေသလုံးအနောက်ဖက်က ကားထွက်နေသည်။"ဒါဆို ၃၄လမ်းဘက်က ကုန်တိုက်ရဲ့ ဝင်ပေါက်မှာ ၁၂နာရီလောက် ဆုံကြမယ်လေ""ဟုတ်ကဲ့။ ကျွန်မ ..."မနက်ဖြန်တွင် မနက်တစ်ခင်းလုံး အားပြီး၊ နေ့လယ်၁နာရီမှ အလုပ်သွားရမည်ကို တရက်ဇ် သတိရသွား၏။သူ့ရှေ့က အမျိုးသမီးက စင်ပေါ်မှ ကတ်ထူဘူးကို ဆွဲချရင်း ဘူးများမှာ တဟုန်ထိုး လျှောကျလာသည်။ တယ်လီဖုန်းတစ်ဖက်ဖြင့် တရက်ဇ်က လက်တစ်ဖက်နှင့် နိုင်သလောက် ဝင်ထိန်းလိုက်သည်။ ထိုအမျိုးသမီးကတော့ သူ့နောက်တွင် ယိုင်တီးယိုင်တိုင် ဖြစ်နေ၏။"ဟယ်လို"တရက်ဇ်က ပြိုကျလာသည့်ဘူးများ၏ ဆူညံသံများကြားမှ ဖုန်းပြောနေ၏။"ကျွန်မ တောင်းပန်ပါတယ်"မစ္စစ်ဇက်ဘရစ်စကီက ပြောပြောဆိုဆိုနှင့် တံခါးကိုဖွင့်ကာ ပြန်ထွက်သွားသည်။"ဟယ်လို"တရက်ဇ် နောက်တစ်ခေါက် ထပ်ထူးကြည့်၏။ဖုန်းလိုင်းကျသွားပြီဖြစ်သည်။


**********

Carol (မြန်မာပြန်)Where stories live. Discover now