အခန်း ၈
"ကဲ ... မင်းဆုတောင်းရမယ့်အလှည့်"တရက်ဇ် ဆုတောင်းလိုက်၏။ သူ ကယ်ရောအတွက် ဆုတောင်းလိုက်သည်။ရစ်ချက်က တရက်ဇ်အနောက်မှနေကာ သူ့လက်မောင်းများကို ဆုပ်ကိုင်ထားသည်။အခန်းမျက်နှာကြက်တွင် အလှဆင်ထားသည့် လခြမ်းကွေးပုံသဏ္ဌာန်နှင့် ပုတီးစေ့များ ချိတ်ဆွဲထားသော ပစ္စည်းတစ်ခုအောက်တွင် သူတို့ ရပ်နေကြ၏။ ပစ္စည်းမှာ မလှမပဖြစ်ပေမယ့် ဆမ်ကိုမိသားစုကတော့ ထိုပစ္စည်းတွင် မှော်စွမ်းအားများ သက်ဝင်နေသည်ဟု မှတ်ယူထားပြီး၊ နေ့ထူးနေ့မြတ်များတွင် ချိတ်ဆွဲထားတတ်သည်။ ဒါကို ရစ်ချက်၏ အဘိုးက ရုရှားမှ ယူလာခဲ့ခြင်း ဖြစ်သည်။"မင်း ဘာတွေ ဆုတောင်းလိုက်လဲ"ရစ်ချက်က ပြုံးပြီး မေးလိုက်သည်။ သူ့အိမ်မှာ ဖြစ်ပြီးတော့ ရစ်ချက်က ပိုင်စိုးပိုင်နင်းဖြင့် တရက်ဇ်ကို နမ်းလိုက်၏။ အခန်းတံခါးမှာ ဖွင့်လျက် ဖြစ်ပြီး၊ ဧည့်ခန်းမတွင် လူအပြည့် ရှိနေသည်။"ပြောပြလို့မရဘူးလေ""ရုရှားမှာဆိုရင် ပြောလို့ရတယ်""ဒါပေမယ့် အခု ရုရှားမှာမှ မဟုတ်တာကို"ရေဒီယိုမှ ကယ်ရိုးနာတာလူးသီချင်းသံများ ထွက်လာ၏။ တရက်ဇ်က သူ့ဖန်ခွက်ထဲတွင် ကျန်နေသေးသော ပန်းရောင်သမ်းနေသည့် ကြက်ဥကဇော်ကို မော့သောက်လိုက်သည်။"ကို့အခန်းထဲကို သွားရအောင်"တရက်ဇ်က ပြောလိုက်သည်။ရစ်ချက်က တရက်ဇ်၏လက်ကို ဆွဲကာ လှေကားပေါ်တက်ဖို့ လုပ်လိုက်သည်။"ရိ..ချက်"ဧည့်ခန်းမတံခါးနားတွင် ရပ်နေသည့် ဆေးတံကိုင်ထားသော အဒေါ်တစ်ယောက်က ရစ်ချက်ကို လှမ်းခေါ်လိုက်သည်။ ရစ်ချက်က တရက်ဇ် နားမလည်သည့် စကားလုံးတစ်လုံးကို ပြောလိုက်ပြီး လက်ပြနှုတ်ဆက်လိုက်သည်။အောက်ထပ်မှ ကခုန်နေတာများက ဒုတိယအထပ်မှာပင် တုန်ယမ်းနေသည်။ သီချင်းနှင့် အကမှာလည်း လုံးဝ မအပ်စပ်ပေ။ ဖန်ခွက်တစ်ခွက် လွတ်ကျသွားသည့် အသံကို တရက်ဇ် ကြားလိုက်ရပြီး၊ ကြမ်းပြင်တွင် ဖိတ်စင်သွားမည့် ကြက်ဥကဇော် အမြှုပ်တစီစီကို တရက်ဇ် မြင်ယောင်နေမိသည်။'ဇန်နဝါရီလ ပထမပတ်လောက်မှာ ကျင်းပတတ်သည့် ရုရှားရိုးရာပုံစံနှင့် ခရစ္စမတ်ပွဲထက်စာလျှင် ဒါ အများကြီး ပိုတော်သေးသည်'ဟု ရစ်ချက်ကတော့ ပြောသည်။ ရစ်ချက်က အခန်းတံခါးကို ပိတ်လိုက်ပြီး ပြုံးနေ၏။"ကို့ဆွယ်တာကို တကယ်သဘောကျတယ်""ဒါဆိုတော့ ကျွန်မလည်း ပျော်ပါတယ်"တရက်ဇ်က သူ့စကက်ကို ဝဲခနဲ လှည့်လိုက်ပြီး၊ ရစ်ချက်၏ ကုတင်စွန်းတွင် ထိုင်လိုက်သည်။ တရက်ဇ် ပေးဖူးသည့် နော်ဝေးဆွယ်တာအထူကိုလည်း အိပ်ရာပေါ်ရှိ သူထိုင်နေသည့်အနောက်နားက တစ်ရှူးဘူးလေး ဘေးတွင် တင်ထားတာကို တွေ့လိုက်ရသည်။ ရစ်ချက်ကလည်း သူ့ကို အရှေ့အိန္ဒိယဘက်မှ အစိမ်းရောင်ပိတ်စပေါ်တွင် ရွှေချည်များ ပါသည့် စကက်ကားကားရှည်ရှည် တစ်ထည်ကို ပေးဖူးသည်။ စကက်က လှပေမယ့် ဘယ်နေရာမျိုးမှာ ဝတ်ရမှာကို တရက်ဇ် မသိပေ။"တကယ် ထိသွားမယ့်ဟာကိုပဲ သောက်ကြတာပေါ့။ အောက်က သောက်စရာက စိတ်ညစ်စရာကြီး"ရစ်ချက်က သူ့အဝတ်ဗီရိုမှ ဝီစကီပုလင်းကို ထုတ်လိုက်သည်။"တော်ပါပြီ"တရက်ဇ်က ခေါင်းခါလိုက်သည်။"မင်း သောက်ရတာ အဆင်ပြေမှာပါ"တရက်ဇ်က ခေါင်းထပ်ခါပြလိုက်သည်။ဒီလေးထောင့်ပုံအခန်းလေးထဲမှာ မျက်နှာကြက်က ခပ်မြင့်မြင့်နှင့် မမြင်သာသည့် နှင်းဆီပန်းပုံ နံရံကပ်စက္ကူများကို ကပ်ထားသည်။ ပြတင်းပေါက်နှစ်ခုကို ပါးလွှာသည့် အဝါဖျော့ရောင် ခန်းစည်းလိုက်ကာများ ချထားသေးသည်။ တံခါးမှ ကြည့်လျှင် အစိမ်းရောင် ကော်ဇောတိုက နေရာနှစ်ခုကို လမ်းကြောင်းထား၏။ တစ်နေရာမှာ အံဆွဲပါသည့် ဗီရိုဘက်သို့ ဖြစ်ပြီး၊ နောက်တစ်နေရာမှာ ထောင့်တစ်ထောင့်က ခုံဘက်သို့ ဖြစ်သည်။ ခုံဘေး ကြမ်းပြင်ပေါ်မှာတော့ စုတ်တံထည့်ထားသည့် ဘူးတစ်ဘူးနှင့် ရေးဆွဲစရာ ကင်းဗက်နှင့် စက္ကူတို့ကို ချထားသည်။ ရစ်ချက် ပန်းချီဆွဲသည့် နေရာပင် ဖြစ်သည်။ ပန်းချီဆွဲခြင်းက ရစ်ချက်၏ ဦးနှောက်တွင် နေရာတစ်နေရာစာတော့ ယူထားသည်။ ဒီပန်းချီဆွဲခြင်းကို တခြားဝါသနာတစ်ခုနှင့် အစားထိုးပစ်ဖို့ ရစ်ချက်အတွက် အချိန်ဘယ်လောက်လိုလိမ့်မလဲဟု တရက်ဇ် စဉ်းစားနေမိသည်။ပြီးတော့ တရက်ဇ် တွေးဖူးသလို 'ရစ်ချက်က သူ့ကို နှစ်သက်ရသည်မှာ တရက်ဇ်က သူ့ရည်မှန်းချက်နှင့် ဝါသနာတွေကို သူ တွဲခဲ့ဖူးသည့် မိန်းကလေးများထက် နားလည်ပေး၍ ဖြစ်မလား'ဟု ထပ် တွေးမိပြန်သည်။ တရက်ဇ်၏ ဝေဖန်အကြံပြုမှုတွေက သူ့အတွက် အထောက်အကူဖြစ်၍လားဟု စဉ်းစားစရာပင်။တရက်ဇ်က ပြတင်းပေါက်ဘက်သို့ ထသွားလိုက်သည်။ဒီအခန်းလေးကို သူသဘောကျမိသည်။ အခန်းလေးက အမြဲတမ်း ဒီပုံစံအတိုင်း မပြောင်းလဲဘဲ ရှိနေတတ်သည်။ ဒီနေ့တော့ ခံစားချက်ချင်း မတူပါ။ လွန်ခဲ့သည့် သုံးပတ်လောက်က ဒီနေရာမှာ ရပ်နေခဲ့သည့်သူနှင့် အခု ရပ်နေသည့်သူက ကွာခြားနေသည်။ဒီမနက်တွင် ကယ်ရော၏အိမ်မှ နိုးထခဲ့ရသည်။ ကယ်ရောက သူနှင့် အမြဲအတူ ရှိနေသည့် လျို့ဝှက်ချက်မျိုး ဖြစ်သည်။ အခုလည်း ဒီအိမ်တွင် သူနှင့်အတူရှိနေပြီး၊ တခြားလူများက မမြင်ရဘဲ သူသာ မြင်နေရသလို ခံစားနေရသည်။"မင်း ဒီနေ့ ထူးဆန်းနေပါလား"ရစ်ချက်က ရုတ်ချည်း ဆိုလာ၍ တရက်ဇ် တစ်ကိုယ်လုံးပင် ကြက်သီးများ ထသွားသည်။"ဝတ်စုံကြောင့် ဖြစ်မှာပါ"တရက်ဇ်က တာဖက်တာပိုးထည်ဝတ်စုံကို ဝတ်ထားသည်။ နယူးယောက်ကို ရောက်ကတည်းက ဒီဝတ်စုံကို မဝတ်ဖြစ်တော့သည်မှာ အတော်ကြာနေပြီဖြစ်သည်။ တရက်ဇ်က အိပ်ရာပေါ်တွင် ပြန်ထိုင်ကာ အခန်းအလယ်တွင် ဝီစကီဖန်ခွက်ကို ကိုင်ပြီး ရပ်နေသော ရစ်ချက်ကို ကြည့်လိုက်သည်။ ရစ်ချက်ကလည်း သူ့အပြာရောင်မျက်လုံးများဖြင့် တရက်ဇ်မျက်နှာမှနေ၍ သူ့ဒေါက်မြင့်ဖိနပ်အမည်းအထိ ပြီးလျှင် သူ့မျက်နှာကို ပြန်ကာ ကြည့်နေ၏။"တယ်ရီ"ရစ်ချက်က တရက်ဇ်၏လက်များကို ဆုပ်ကိုင်လိုက်ပြီး လက်များကို အိပ်ရာပေါ်တွင် အသာချလိုက်သည်။ ထို့နောက် ရစ်ချက်၏နှုတ်ခမ်းပါးများက တရက်ဇ်နှုတ်ခမ်းဆီကို ရောက်လာသည်။ ဝီစကီနံ့သင်းနေသည့် ရစ်ချက်၏ လျှာဖျားကို တရက်ဇ်နှုတ်ခမ်းများ ကြားတွင် ခံစားနေမိ၏။"တယ်ရီ ... မင်းက တကယ့်နတ်သမီးလေးပဲ"ရစ်ချက်က သူ့အသံဩဩဖြင့် ဆိုလာသည်။ တရက်ဇ်ကတော့ ထိုစကားမျိုး ကယ်ရော ပြောလာတာကိုပဲ စိတ်ကူးယဉ်နေမိသည်။ရစ်ချက်က ကြမ်းပြင်တွင် ချထားသည့် သူ့ဖန်ခွက်ကို ပြန်ယူကာ ပုလင်းနှင့်အတူ အဝတ်ဗီရိုထဲတွင် ပြန်ထည့်ထားလိုက်သည်။ ရစ်ချက်နှင့်ရော၊ အောက်ထပ်မှ လူများနှင့်ရော ယှဉ်လိုက်လျှင် သူက ပို၍ သာလွန်နေသည်ဟု တရက်ဇ် ခံစားနေရသည်။ အားလုံးထက် သူက ပိုပျော်ရွှင်နေရသည်ကိုး။ ပျော်ရွှင်မှုက ဝဲပျံနေရသည့် စွန်လိုမျိုး ဖြစ်သည်။ စွန်ကြိုးမှာ ဘယ်လောက်ရှည်ရှည်၊ စွန်လွှတ်မည့်လူအပေါ်တွင်သာ မူတည်၏။"လှလား""အင်း။ လှတယ်"တရက်ဇ်က ခါးကို ဆန့်လိုက်ရင်း ပြန်ဖြေလိုက်သည်။"မနေ့ညမှ ကို လုပ်လို့ ပြီးသွားတာ။ သာသာယာယာရှိတဲ့နေ့ဆို ကိုတို့ ပန်းခြံကို သွားပြီး စွန်လွှတ်ကြဖို့လေ"ရစ်ချက်က သူ့လက်ရာကို ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြုံးရယ်လိုက်သည်။"နောက်ကျောကိုလည်း ကြည့်ပါဦး"စွန်မှာ ရုရှားစွန်မျိုး ဖြစ်သည်။ ထောင့်လေးထောင့်ရှိပြီး၊ ဒိုင်းကာသဏ္ဌာန် ကွေးညွတ်နေသည်။ ထောင့်များဆီသို့ အနားသတ်များက ကိုင်းညွတ်လာကာ အစွန်းတွင် ချည်ထား၏။ စွန်အရှေ့ဘက်တွင် အနီရောင်ကောင်းကင်ရှေ့က လိပ်ခုံးကြီးများနှင့် ဘုရားကျောင်းတော်ပုံကို ဆွဲထားသေးသည်။"စွန်ကို အခုပဲ သွားလွှတ်ရအောင်"တရက်ဇ်က ပြောလိုက်သည်။စွန်ကို အောက်ထပ်သို့ သယ်လာခဲ့ကြသည်။ ဦးလေးတွေ၊ အဒေါ်တွေနှင့် ဝမ်းကွဲမောင်နှမအားလုံးက သူတို့ကို လှမ်းမြင်ကြသည်။ ရစ်ချက်က စွန်ပျက်စီးသွားမည် စိုးပြီး၊ လေပေါ်တွင် မြှောက်ကာ ကိုင်လာ၏။ တစ်ယောက်တစ်ပေါက်နှင့် ဆူညံသံတွေက တရက်ဇ်ကို စိတ်အနှောင့်အယှက် ဖြစ်စေပေမယ့် ရစ်ချက်အတွက်တော့ အဆင်ပြေပုံ ပေါ်သည်။"ရှန်ပိန်လေး သောက်သွားပါဦးလား ... ရစ်ချက်"ရင်ဟိုက် ဖဲသားအင်္ကျီတွေကို ဝတ်ထားသည့် အဒေါ်များထဲမှ ခပ်ဝဝနှင့် အဒေါ်တစ်ယောက်က လှမ်းပြောလိုက်သည်။"မသောက်နိုင်တော့ဘူး"ဟု ရစ်ချက်က ဆိုလိုက်ကာ ရုရှားဘာသာနှင့် စကားတစ်ခွန်းကို ပြောလိုက်သေးသည်။ရစ်ချက်ကို သူ့မိသားစုဝင်များနှင့် တွေ့ရလျှင် ဝင်လာသည့် ခံစားချက်မျိုး ထပ်ပေါ်လာပြန်သည်။ ရစ်ချက်မှာ ကလေးချင်း လဲလှယ်ခံထားရသည့် မိဘမဲ့ကလေးတစ်ယောက် ဒါမှမဟုတ် ရစ်ချက်ကို သူတို့အိမ်တံခါးတွင် ပစ်ထားသွား၍ ဒီမိသားစုကပင် မွေးစားလိုက်သည်ဟု တရက်ဇ် ထင်နေမိသည်။ သို့သော် အိမ်တံခါးဝတွင် ရပ်နေသော ရစ်ချက်ထက်တော့ အရပ်ပိုရှည်ပြီး ပိုပိန်ပေမယ့် ရစ်ချက်လို အပြာရောင်မျက်လုံးများရှိသည့် သူ့အစ်ကို စတီဗင်က တရက်ဇ် ထင်တာမှားကြောင်း သက်သေပြနေသည်။"ဘယ်ခေါင်မိုးပေါ်တက်ပြီး စွန်သွားလွှတ်မလို့လဲ"ရစ်ချက်၏အမေက အသံစူးစူးဖြင့် မေးလာသည်။"ဒီအထပ်မှာ လွှတ်မှာလား"လူတစ်ယောက်က အိမ်ခေါင်မိုးပေါ်မှာ စွန်သွားလွှတ်ဖို့လားဟု မေးရာ ရစ်ချက်အမေမှလည်း ကြောင်တောင်ပြီး လိုက်မေးခြင်းဖြစ်သည်။ ပြီးမှ ထိုအိမ်တွင် လူတစ်ယောက် ရပ်စရာ အမိုးပင် မရှိတာကို သတိရပြီး အော်ရယ်တော့သည်။ ခွေးကလည်း ထိုးဟောင်နေသေး၏။"အန်တီက သမီးအတွက် ဝတ်စုံတစ်စုံ ချုပ်ပေးမလို့လေ"ရစ်ချက်အမေက တရက်ဇ်ဆီ လျှောက်လာပြီး လက်များကို ကိုင်ကာ လှုပ်ရမ်းလိုက်သည်။"လာ ... အခုပဲ ကိုယ်တိုင်း သွားတိုင်းကြည့်ရအောင်"ဧည့်ခန်းမက လက်ဆောင်ဘူးတွေ ဖွင့်သူကဖွင့်နှင့် သီချင်းတွေ အော်ဆိုနေကြသည့်လူပုံကြားမှာပင် ပေကြိုးနှင့် တရက်ဇ်ကို ကိုယ်တိုင်းကြည့်နေသည်။ယောက်ျားကြီး နှစ်ယောက်သုံးယောက်ကပင် ကူညီကြဖို့ လုပ်လိုက်သေး၏။ မစ္စစ်ဆမ်ကိုက သူ့လက်နှစ်ဖက်ဖြင့် တရက်ဇ်ခါးနောက်ကို ပတ်ပြီး ကိုယ်တိုင်းယူနေစဉ် တရက်ဇ်ကလည်း ရုတ်တရက် သူ့ကို ပွေ့ဖက်မိပြီး ပါးပြင်ကို နမ်းလိုက်မိသည်။ နမ်းလိုက်မိချိန်တွင် သူ့နှုတ်ခမ်းများက ပေါင်ဒါဖို့ထားသော ပါးပြင်ထဲသို့ နစ်ဝင်သွားသလို ခံစားလိုက်ရသည်။ တရက်ဇ်က မစ္စစ်ဆမ်ကို၏ လက်မောင်းများကို ဆုပ်ကိုင်ထားချိန်တွင်တော့ သူ့အပေါ် အမှန်တကယ် ချစ်ခင်ကြင်နာမိပေမယ့် လက်လွှတ်ချလိုက်သည့် ခဏအကြာတွင် ထိုခံစားချက်များ ပျောက်ကွယ်သွား၏။xxxxxထို့နောက် ရစ်ချက်နှင့် တရက်ဇ် နှစ်ယောက်တည်း အိမ်ရှေ့ကို လျှောက်လာခဲ့ကြသည်။ သူတို့နှစ်ယောက် လက်ထပ်ပြီး၍ အခုလို ခရစ္စမတ်နေ့မျိုးမှာ မိသားစုဆီ လာလည်လျှင်လည်း ထူးထူးခြားခြား ပြောင်းလဲမှုရှိလာမည်ဟု တရက်ဇ် မထင်ပေ။ရစ်ချက်က သူ အသက်အရွယ်ရလာလျှင်လည်း သူ့အဖိုးကဲ့သို့ စွန်တွေ လွှတ်နေဦးမည်။ သူ့အဖိုးဆိုလျှင် သူသေဆုံးသွားသည့်နှစ်အထိ ပရောစပတ်ပန်းခြံတွင် စွန်သွားလွှတ်တတ်သည်ဟု ရစ်ချက်က တရက်ဇ်ကို ပြောပြဖူးသည်။သူတို့ မြေအောက်ရထားကို စီးပြီး ပန်းခြံဆီသို့ ရောက်လာကြသည်။ အရင်က ခဏခဏလာဖူးသော သစ်ပင်တွေ မရှိသည့် တောင်ကတုံးမြင့်ဆီသို့ တက်လာခဲ့ကြ၏။ ထို့နောက် အနီးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ မြေညီကွင်းပြင်မှာတော့ ကောင်လေးတချို့က ဘောလုံးကန်နေကြသည်။ မဟုတ်လျှင် ပန်းခြံတစ်ခုလုံးက တိတ်ဆိတ်နေလိမ့်မည်။"လေက သိပ်မတိုက်ဘူး"ဟု ရစ်ချက်က ပြောလာသည်။ကောင်းကင်မှာ နှင်းကျတော့မလို ဖြူဆွတ်နေ၏။စွန်လွှတ်မရ၍ ရစ်ချက်က ညည်းညူနေပြီး၊ ပြေးပြေးလွှားလွှားနှင့် စွန်ကို မရမက လွှတ်တင်နေသည်။ တရက်ဇ်ကတော့ သူ့ဒူးခေါင်းပေါ်တွင် လက်များကို ပိုက်တင်ထားကာ ထိုင်နေရင်း လေထဲတွင် တစ်ခုခုပျောက်နေ၍ ခေါင်းမော့ကာ ရှာဖွေနေသလို ဖြစ်နေသည့် ရစ်ချက်ကို လိုက်ကြည့်နေမိသည်။"အဲမှာ ရတော့မယ်"တရက်ဇ်က ညွှန်ပြရင်း ပြောလိုက်သည်။"အင်း။ ဒါပေမယ့် လေက မငြိမ်ဘူး"ရစ်ချက်က စွန်နောက်ကို ပြေးပြေးလိုက်သည်။ တစ်နေရာမှာတော့ တစ်စုံတစ်ခုက ပင့်တင်လိုက်သလိုမျိုး စွန်မှာ အပေါ်သို့ ရုန်းထွက်သွားရင်း ဝေ့ကာဝဲကာနှင့် တစ်ဖက်သို့ တက်သွားတော့သည်။"လေကြောထဲတော့ ရောက်သွားပြီ""ဟုတ်တယ်။ ဒါပေမယ့် နှေးနေသေးတယ်""ကောင်းကင်ကလည်း မှုန်မှိုင်းနေတာပဲ။ ကျွန်မ လွှတ်ကြည့်လို့ရမလား""ကို နည်းနည်းမြင့်တဲ့ထိ လွှတ်နိုင်အောင် စောင့်ဦး"ရစ်ချက်က စွန်ရစ်ဘီးကို လက်နှစ်ဖက်ဖြင့် မြင့်မြင့်မြှောက်ပြီး လွှတ်ကြည့်သော်လည်း စွန်က လေအေးထဲက ထိုနေရာမှာပင် နေရာမပြောင်းဘဲ ရှိနေသည်။ စွန်ပေါ်က ဘုရားကျောင်း၏ လိပ်ခုံးပုံများက တစ်ဖက်နှင့်တစ်ဖက် ဝဲကာလှန်ကာနှင့် ခေါင်းခါပြီး ငြင်းနေသလိုပင်။ စွန်အမြီးမှာလည်း ရူးမိုက်စွာဖြင့် စွန်သွားရာနောက်ကို လိုက်နေသလို ဖြစ်သည်။"စွန်ကြိုးကို ဒီလောက်ပဲ လွှတ်လို့ ရတော့တယ်။ ထပ်လွှတ်လို့ မရတော့ဘူး"တရက်ဇ်မျက်လုံးများက စွန်နေရာမှ မခွာပေ။ စွန်မှာ တဖြည်းဖြည်းချင်း ပျံဝဲနေရာမှ ရပ်ရပ်သွားတတ်သည်။ အဖြူရောင်ကောင်းကင်ပြင်ကို နောက်ခံထားပြီး ရေးဆွဲထားသည့် ဘုရားရှိခိုးကျောင်းနှင့်ပင် ပိုတူသေး၏။ ကယ်ရောကတော့ စွန်တွေကို သဘောကျမှာမဟုတ်ပေ။ စွန်တွေက သူ့ကို စိတ်ကြည်နူးမှု ပေးနိုင်မှာမဟုတ်ဘူးဟု တရက်ဇ် ထင်မိသည်။ ကယ်ရောက တစ်ချက်တော့ မော့ကြည့်မည်။ ပြီးလျှင် 'ဒါ ရူးမိုက်တာပဲ'ဟု ကောက်ချက်ချလိမ့်မည်ပင်။"ယူတော့မလား"ရစ်ချက်က တရက်ဇ်လက်ထဲသို့ စွန်ရစ်ဘီးလေးကို ထိုးပေးလာသည်။ တရက်ဇ်က သေသေချာချာ ယူလိုက်သည်။ မနေ့ညက သူ ကယ်ရောနှင့်အတူ ရှိနေချိန်တွင် ရစ်ချက်က စွန်လုပ်နေလိမ့်မည်။ ဒါကြောင့်ပဲ ရစ်ချက်က သူ့ကို ဖုန်းမခေါ်ဘဲနေရာ သူ အိမ်မှာ မရှိတာကို မသိတာနေမည်ဟု တွေးလိုက်၏။ သူဖုန်းခေါ်ခဲ့လျှင်တော့ တရက်ဇ်ကို ဒီကိစ္စ မေးလာလိမ့်မည်။ တရက်ဇ်ကလည်း စလိမ်ညာရတော့မည်။ရုတ်တရက် စွန်က ကောင်းကင်ပေါ်တွင် ရုန်းလာ၍ လွင့်သွားဖို့ ဖြစ်နေသည်။ ရစ်ချက်မျက်စိရှေ့မှာပင် တရက်ဇ်က ရစ်ဘီးကို အမြန်လှည့်နေမိသည်။ စွန်က အနိမ့်ပိုင်းတွင် ရှိနေသေးပြီး ပြန်ငြိမ်သွားသည်။"ထိန်းထား။ ပြီးရင် အပေါ်ကိုရောက်အောင် တင်ကြည့်လိုက်"ရစ်ချက်က ပြောလာသည်။တရက်ဇ် ကြိုးစားကြည့်သည်။ သားရေကြိုးခပ်ရှည်ရှည်ဖြင့် ကစားရတာနှင့်ပင် တူသေးသည်။ သို့သော် စွန်ကြိုးမှာ ရှည်လွန်းပြီး အရှိန်လျော့လာ၍ စွန်လည်နေဖို့ မတတ်နိုင်ချေ။ တရက်ဇ်က စွန်ကြိုးကို ဆွဲနေရသည်။ရစ်ချက်က စွန်ဘီးကို ပြန်ယူလိုက်မှ တရက်ဇ်၏လက်များက အနားရတော့သည်။ အသက်ရှူသံမှာ ပြင်းထန်နေပြီး၊ လက်မောင်းကြွက်သားများပင် တုန်နေသည်။ မြေကြီးပေါ်ကို တရက်ဇ် ထိုင်ချလိုက်သည်။ သူ စွန်လေးကိုပင် အဆင်ပြေအောင် မလွှတ်နိုင်၊ သူ လုပ်ချင်သည့်အရာကို ကောင်းကောင်းမွန်မွန် မလုပ်နိုင်ခဲ့ပေ။"ကြိုးက တအားလေးနေလို့ဖြစ်မယ်"တရက်ဇ်က ပြောလိုက်သည်။ကြိုးမှာ အသစ်ကျပ်ချွတ်ဖြစ်ပြီး တီကောင်လို တုပ်ခိုင်နေသည်။"ကြိုးက အရမ်းပေါ့ပါတယ်။ ကြည့်ပါလား။ အခုတောင် စွန်က အပေါ်ပြန်တက်နေပြီ"စွန်က တဆန့်ဆန့်နှင့် အပေါ်သို့ တက်သွား၏။ သူ့စိတ်အတိုင်း ဆုံးဖြတ်နေသလို ဖြစ်သည်။ အခုတော့ လွတ်မြောက်ချင်လာ၍ တလွင့်လွင့် ဖြစ်နေသလိုပင်။"ကြိုးနည်းနည်း ထပ်ထုတ်လိုက်ဦးလေ"တရက်ဇ်က မတ်တပ်ထရပ်လိုက်သည်။ စွန်၏အောက်တွင် ငှက်တစ်ကောင်က ပျံသန်းသွား၏။ လေးထောင့်ပုံသဏ္ဌာန်စွန်၏ ပုံရိပ်မှာ တဖြည်းဖြည်း သေး၍သေး၍ သွားတာကို တရက်ဇ် ငေးကြည့်မိနေသည်။ သင်္ဘော၏ရွက်လိုမျိုး နောက်ကို ပြန်ပြန်ရုန်းတတ်သေးသည်။ စွန်မှာ တစ်ခုခုကို ဆိုလိုချင်သလို ဖြစ်နေသည်။"ရစ်ချက်""အင်း။ ပြောလေ"ရေလှိုင်းစီးနေသလို ရစ်ချက်၏လက်များက သူ့ရှေ့တွင် ဝပ်တုပ်နေတာကို တရက်ဇ်က မျက်လုံးထောင့်နားမှ မြင်နေရသည်။"ကို ဘယ်နှခါလောက် ချစ်ဖူးလဲ""မင်းကလွဲပြီး ကို တစ်ခါမှ မချစ်ဖူးဘူး"တရက်ဇ်မေးခွန်းကို ရစ်ချက်က ရယ်လိုက်ကာ ခပ်ပြတ်ပြတ် ပြန်ဖြေ၏။"ကို ချစ်ဖူးပါတယ်။ ကိုတောင် ကျွန်မကို နှစ်ခါလောက် ပြောဖူးတာကို""အဲဒါတွေပါ ထည့်တွက်နေရင်တော့ နောက်ထပ် ၁၂ယောက်လောက် ထည့်ပေါင်းနေရမှာပေါ့"ရစ်ချက်က တုံးတိပြောချလိုက်သည်။စွန်က အောက်ဘက်သို့ စိုက်ကျလာကာ ဝဲနေ၏။တရက်ဇ်က လေသံအနေအထားကို မပြောင်းဘဲ ထပ်မေးလိုက်သည်။"ကို ယောက်ျားလေးတစ်ယောက်ကိုရော ချစ်ခဲ့ဖူးလား""ယောက်ျားလေးကို ဟုတ်လား"ရစ်ချက်က အံ့ဩသွားပြီး မေးခွန်းပြန်မေးလိုက်သည်။ရစ်ချက်က 'မချစ်ဖူးပါဘူး'ဟု ပြန်မဖြေခင် ငါးစက္ကန့်လောက်တွင် တရက်ဇ်က 'ဟုတ်တယ်'ဟု ပြောလိုက်ရသေးသည်။အနည်းဆုံးတော့ ဒီမေးခွန်းကို ဖြေဖို့ ရစ်ချက် အခက်တွေ့သွားလောက်မှန်း သူ ခန့်မှန်းမိသည်။'အကယ်၍ ချစ်မိသွားရင်ရော ဘယ်လိုလုပ်မလဲ' ဆိုပြီး ထပ်မေးချင်ပေမယ့် မေးခွန်းမှာ ရည်ရွယ်ချက်ပျောက်နေသဖြင့် မမေးတော့ချေ။ စွန်ကိုသာ သေချာ လိုက်ကြည့်နေမိသည်။ သူတို့နှစ်ယောက်လုံးက စွန်တစ်ခုတည်းကို ကြည့်နေကြပေမယ့် နှစ်ယောက်စလုံး၏ အတွေးများကတော့ ကွဲပြားနေလိမ့်မည်။"ဒီလိုကိစ္စတွေကိုရော ကို ကြားဖူးလား""အဲကိစ္စတွေကိုလား။ မင်းပြောတာ အဲလိုလူတွေအကြောင်းလား"ရစ်ချက်က တည်တည်ငြိမ်ငြိမ်ပင် ရပ်နေပြီး၊ စွန်ရစ်ဘီးကို ဂဏန်း 'ရှစ်' ပုံသဏ္ဌာန် ရစ်ပတ်နေကာ စွန်လွှတ်နေ၏။"အဲလိုလူတွေအကြောင်းကို မေးတာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်က ရုတ်တရက် ဆုံပြီး ချစ်မိသွားတဲ့ လူနှစ်ယောက် အကြောင်းလိုမျိုးပေါ့။ ယောက်ျားလေးချင်း ဖြစ်ဖြစ်၊ မိန်းကလေးချင်းပဲ ဖြစ်ဖြစ်။ရစ်ချက်က နိုင်ငံရေးကိစ္စတွေ ဆွေးနွေးတုန်းကလိုမျိုး စိတ်ဝင်တစားရှိလှသည်။"အဲလိုတော့မသိဘူး။ မကြားဖူးဘူး"ရစ်ချက်က စွန်ကို အပေါ်မြင့်အောင် ပြန်ထိန်းနိုင်သည့်အထိ စောင့်ပြီးမှ တရက်ဇ်က ထပ်မေးလိုက်သည်။"ဒီလိုမျိုး လူတိုင်း ချစ်မိသွားနိုင်တယ်လို့တော့ ကျွန်မ ထင်တယ်။ ဟုတ်တယ်မလား"ရစ်ချက်က စွန်ကို ဆက်ထိန်းထားနေသည်။"အဲလိုတော့ မဖြစ်နိုင်ပါဘူး။ အကြောင်းအရင်းတစ်ခုခုတော့ အမြဲ ရှိနေမှာပဲ""အင်း"တရက်ဇ်က သဘောတူသည့်ဟန်ဖြင့် ဖြေလိုက်သည်။နောက်ကွယ်က အကြောင်းအရင်းများကို တရက်ဇ် လိုက်စဉ်းစားကြည့်နေသည်။ အနီးစပ်ဆုံး ထင်ရသည်မှာ မွန့်ကလဲတွင် ကျောင်းတက်တုန်းက ကျောင်းကားစီးနေရင်း တွေ့ရသည့် ကောင်လေးတစ်ယောက်ကို အဲလို ချစ်ခဲ့ဖူးသည်။ အနက်ရောင် ဆံပင်ကောက်ကောက်နှင့် မျက်နှာမှာ တည်ကြည်လွန်း၏။ သူ့ထက် အသက်ကြီးပြီး၊ အဲအချိန်က ထိုကောင်လေးမှာ အသက် ၁၂နှစ်လောက် ရှိလိမ့်မည်။ သူ့အကြောင်းကို နေ့တိုင်း တွေးဖူးသည့် အချိန်တိုလေးတစ်ခုကိုပင် သူ သတိရမိသည်။သို့သော် ထိုခံစားချက်သည် ကယ်ရောအပေါ်မှာ ထားသည့် ခံစားချက်မျိုးနှင့် လုံးဝ မတူပေ။ ကယ်ရောအပေါ်တွင် ရှိသည့် ခံစားချက်က အချစ် ဟုတ်သလား၊ မဟုတ်ဘူးလား။ သူကိုယ်တိုင်တောင် မသိသည့် ခံစားချက်ကလည်း အတော် ထူးဆန်းသည်။ မိန်းကလေးအချင်းချင်း ချစ်သွားတတ်ကြတာကို သူ ကြားဖူးသည်။ သူတို့က ဘယ်လိုလူမျိုးတွေ ဖြစ်ပြီး၊ ဘယ်လိုပုံစံ ရှိသည်ကိုလည်း သူ သိထားသည်။ ကယ်ရောနှင့်သူ နှစ်ယောက်စလုံးက ထိုပုံစံများနှင့်လည်း မတူနေ။ သို့သော် ကယ်ရောအပေါ်ထားသည့် ခံစားချက်က အချစ်အဓိပ္ပါယ်ကို ဖော်ညွှန်းသည့် အချက်များနှင့် တူညီနေပြန်သည်။"ကျွန်မရော အဲလို ချစ်မိသွားမယ် ထင်လား"မေးရဲလားဟု သူမတွေးမိခင် နှုတ်မှ ရိုးရိုးရှင်းရှင်းပင် မေးထွက်သွား၏။"ဘယ်လို"ရစ်ချက်က ပြုံးလိုက်သည်။"မင်းက မိန်းကလေးတစ်ယောက်ကို ချစ်သွားနိုင်လားလို့ မေးနေတာလား။ မဖြစ်နိုင်ပါဘူးကွာ။ ဘုရားရေ ... မင်း မိန်းကလေးချင်း ချစ်မိနေပြီလား""မဟုတ်ပါဘူး"တရက်ဇ်က မပြတ်သားသော လေသံမျိုးဖြင့် ဖြေလိုက်သည်။ ရစ်ချက်ကတော့ ထိုလေသံကို သတိမထားမိလောက်ပေ။"စွန် အပေါ်ကို တက်သွားပြန်ပြီ။ ကြည့်ပါဦး ... တယ်ရီ"စွန်က တဖြည်းဖြည်း ပို၍ ပို၍ မြန်မြန်တက်သွားသည်။ ရစ်ချက်လက်ထဲမှ ရစ်ဘီးမှာလည်း မြန်မြန်လည်နေသည်။ ယခုအချိန်တွင် အရင်ကထက် ပိုပျော်ရွှင်နေရသည်ဟု တရက်ဇ် ထင်မိ၏။ ဒါတောင်မှ အရာရာကို အဓိပ္ပါယ်ဖွင့်နေကာ ဘာလို့ စိတ်ပူနေမိပါလိမ့်။ ရစ်ဘီးက မြေပေါ်ကို လွတ်ကျသွား၍ ရစ်ချက်က မြည်တွန်တောက်တီးကာ ပြေးကောက်လိုက်သည်။"မင်း ကိုင်ထားချင်လား"သူက ရစ်ဘီးကို မြဲမြံစွာ ကိုင်ထားပြီး မေးလိုက်သည်။"မင်းကိုပါ မျောလွင့်သွားစေလိမ့်မယ်"တရက်ဇ်က ရစ်ဘီးကို ယူလိုက်သည်။စွန်ကိုပါ မမြင်ရလောက်တော့သည်အထိ ကြိုးက ရစ်ဘီးတွင် မကျန်တော့ပါ။ သူ့လက်နှစ်ဖက်ကို လေထဲတွင် မြှောက်လိုက်ချိန်မှာ စွန်က သူ့ကို အားကုန်သုံးပြီး အပေါ်ကို ဆွဲတင်နေသည့်အတိုင်း ပျော်စရာကောင်းပြီး လေပေါ်တွင် ပျံသန်းနေရသလိုပင် ခံစားနေရသည်။"လွှတ်လိုက်လေ"ရစ်ချက်က သူ့လက်များကို ဝှေ့ယမ်းပြကာ အော်ပြောသည်။ သူ့ပါးစပ်က ဟနေပြီး၊ ပါးနှစ်ဖက်က နီရဲနေ၏။"လွှတ်လိုက်တော့လေ""ကြိုးမကျန်တော့ဘူး""ဒါဆို ကို ကြိုးဖြတ်ချလိုက်တော့မယ်"တရက်ဇ်က သူကြားလိုက်တာကိုပင် မယုံနိုင်ဖြစ်ကာ ရစ်ချက်ကို စောင်းကြည့်လိုက်သည်။ ရစ်ချက်က သူ့ကုတ်အင်္ကျီမှ အိတ်ဆောင်ဓားကို ထုတ်နေသည်။"မဖြတ်နဲ့နော်"ရစ်ချက်က ရယ်ရယ်မောမောနှင့် ပြေးလာသည်။"မဖြတ်ပါနဲ့ဆို"တရက်ဇ်က ဒေါသထွက်ကာ ပြောလိုက်သည်။"ကို ရူးနေပြီလား"တရက်ဇ်၏လက်များက အတော်ညောင်းနေပြီဖြစ်သော်လည်း ရစ်ဘီးကို တင်းတင်း ကိုင်ထား၏။"ကြိုးဖြတ်လိုက်ရအောင်။ အဲဒါ ပိုပြီးပျော်ဖို့ကောင်းတယ်"ရစ်ချက်က အပေါ်ကို ကြည့်နေရင်း တရက်ဇ်ကို ဝင်တိုက်မိသွားသည်။ထူးဆန်းအံ့ဩမှုများဖြင့် ဒေါသထွက်ကာ စကားမပြောနိုင်တော့ဘဲ တရက်ဇ်တစ်ယောက် ရစ်ချက်လက်မှ လွတ်ဖို့ ရစ်ဘီးကို သူမမှီအောင် ဆွဲဖယ်နေသည်။ ရစ်ချက်တော့ တကယ်ပဲ စိတ်လွတ်သွားပြီ အမှတ်ဖြင့် တရက်ဇ် ကြောက်နေမိ၏။ ဒယီးဒယိုင်နှင့် နောက်ပြန်လျှောက်နေပြီး၊ လက်ထဲက ရစ်ဘီးမှာလည်း ကြိုးမကျန်တော့ပေ။ ရစ်ချက်က ကြိုးကို ဖြတ်လိုက်သည်။"ကိုတော့ ရူးနေပြီ"တရက်ဇ်က အော်ပြောလိုက်သည်။"ကို ရူးသွားပြီ""စွန်လေး တစ်ခုပဲကို"ရစ်ချက်က ဘာမှမရှိတော့သည့် ကောင်းကင်ကို မော့ကြည့်ကာ ရယ်ရယ်မောမော ပြောနေ၏။ တရက်ဇ်ကတော့ စွန်ကြိုးကိုပင် တွေ့လိုတွေ့ငြား လိုက်ရှာနေသည်။"ဘာလို့ အဲလို လုပ်လိုက်တာလဲ"တရက်ဇ်က ငိုသံဖြင့် ပြောလိုက်၏။"အရမ်းလှတဲ့ စွန်လေးကို""အဲဒါက စွန်တစ်ခုပါပဲကွာ"ရစ်ချက်က ထိုစကားကို ထပ်ပြောလိုက်သည်။"ကို နောက်တစ်ခု ထပ်လုပ်ပေးမှာပေါ့"
**********
YOU ARE READING
Carol (မြန်မာပြန်)
RomanceMyanmar Translation of A Romance Novel - well known as Carol on the screen. (love between the two women in 1950s)