Chapter 19.2 (Zawgyi)

30 2 0
                                    

"ကျွန်မ မောင်းပေးရမလား""ကောင်းပြီလေ"ကယ်ရောက ပင်ပန်းနွမ်းလျစွာဖြင့် အလျှော့ပေးလိုက်သလို ဖြေလျှော့လိုက်၏။ ကားကို ခပ်မြန်မြန်ပင် ချရပ်လိုက်သည်။ကားထဲမှာပင် တရက်ဇ်နှင့် ကယ်ရော နေရာချင်း လဲလိုက်သည်။"အခု မနက်စာစားဖို့ ဒီမှာပဲ ရပ်လိုက်ကြရင်ရော""တို့ မစားနိုင်သေးဘူး""တစ်ခုခုသောက်ဖို့ရော""အိုမားဟားရောက်တော့မှပဲ"တရက်ဇ်က ကားကို ၆၅မိုင်နှုန်းထိ အရှိန်တင် မောင်းလာကာ ၇၀မိုင်နှုန်းမကျော်အောင်တော့ ထိန်းမောင်းခဲ့သည်။ အမှတ် ၃၀ အဝေးပြေးလမ်းမပေါ်မှာ ဖြစ်၏။ ထို့နောက် အိုမားဟားသို့ ၂၇၅မိုင်အလိုတွင် ရောက်လာခဲ့သည်။ ကားလမ်းက အလွန်ချောမွေ့နေတာမျိုးတော့ မဟုတ်ပေ။"နယူးယောက်ကို အသံဖမ်းမှတ်တမ်းတွေ ရောက်နေပြီဆိုတာကို ရှင် မယုံဘူးမလား""ပြောမနေပါနဲ့တော့။ ဒါကြီးကို အရမ်းစိတ်ပျက်နေပြီ"တရက်ဇ်လည်း စတီယာရင်ကို အတင်းဆုပ်ကိုင်လိုက်ပြီးမှ ပြန်ဖြေလျှော့လိုက်သည်။ သူတို့ရှေ့ဆက်သွားနေသော အစွန်းတစ်ဖက်ကို ဖော်ပြနေသည့် အစတစ်ခု ဝမ်းနည်းမှုက သူတို့နှင့်တွဲ၍၊ သူတို့ရှေ့မှာနေ၍ပင် လွှမ်းမိုးနေတာကို သူ ခံစားနေရသည်။ ကြေးစား၏ မျက်နှာကို သူ ပြန်မြင်နေမိသည်။ သူ့ပုံစံက မလိုမုန်းထားစိတ်ရှိနေမှန်း သူ သဘောပေါက်လိုက်သည်။ ကြေးစားက ဘယ်သူ့ဘက်ကမှ မဟုတ်ဘူးဟု ပြောပေမယ့် ထိုလူ၏အပြုံးမှာ သူတို့ကို ဒုက္ခတွေ့စေချင်သည့် စိတ်ရှိမှန်း သူ သိမိသည်။ ​တကယ်တော့ ထိုလူဟာ သူတို့နှစ်ယောက် အတူနေနေမှန်း သိတာကြောင့် ခွဲချင်နေသည့် ဆန္ဒရှိမှန်း သူ သိသည်။ တစ်လောကလုံးက သူတို့၏ ရန်ဘက်ဖြစ်လာပြီး၊ သူနှင့် ကယ်ရောကြားမှာ ချစ်ခြင်းတရား၊ ပျော်ရွှင်စရာတွေ ရှိတော့မှာမဟုတ်မှန်း၊ သူတို့နှစ်ယောက်လုံးကို လက်ခုပ်ထဲတွင် ဖမ်းမိသွားနိုင်သည့် မကောင်းဆိုးဝါးတစ်ကောင်သာ ရှိနေမှန်း သူ ယခင်က တွေးဖူးသည့် အရာတွေကို အခုလေးတင် သဘောပေါက်မိလာ၏။"တို့ ချက်လက်မှတ်ကို တွေးနေတာ"ကယ်ရောက ပြောလာ၏။နောက်ထပ် ကျောက်ခဲတစ်တုံး သူ့ရင်ထဲ ကျလာသလိုပင်။"သူတို့ အိမ်ထဲ ဝင်မွှေသွားမယ်လို့ ရှင် ထင်လား""ဖြစ်နိုင်တယ်၊ ဝင်မွှေသွားနိုင်တယ်""ဒါပေမယ့် သူတို့မတွေ့လောက်ပါဘူး။ စားပွဲခင်းအောက်မှာဆိုတော့"သို့ပေမယ့် စာအုပ်ထဲမှာက စာရှိနေ၏။ သိချင်စိတ်ပြင်းပြလာမှုနှင့် မာန်ကလေးက သူ့စိတ်ဝိညာဉ်ကို စိုးမိုးထားပြီး၊ ပြန်ပျောက်ကွယ်သွားသည်။ လှပသည့် စာလေးတစ်စောင် ဖြစ်သည်။ ဒါကို ထိုလူတွေက ကောက်ကျစ်ယုတ်မာပြီး သက်သေပစ္စည်းအဖြစ် ယူထားနိုင်ပေမယ့် တရက်ဇ်က သူတို့ကို ချက်လက်မှတ်ထက်ပင် စာလေးအား ရှာတွေ့သွားစေချင်သေး၏။ သူ ဘယ်တော့မှ မပေးဖြစ်မည့် စာတစ်စောင်နှင့် ဘယ်တုန်းကမှ မစုတ်ဖြဲဖြစ်ခဲ့သည့် ချက်လက်မှတ်ပင်။ သူတို့တွေ စာကို သေချာပေါက် ရှာတွေ့သွားနိုင်ချေ များသည်။ ကယ်ရောကိုတော့ စာအကြောင်း ထပ်မပြောနိုင်ပါ။ သတ္တိနည်းခြင်းသက်သက်လား၊ ကယ်ရောကို စိတ်ပူစရာတွေ ထပ်ပြီး မမျှဝေချင်တော့သည့် ဆန္ဒကြောင့်လား ... သူ မသိချေ။ ရှေ့က တံတားလေးကို သူ တွေ့လိုက်၏။"ဟိုမှာ မြစ်တစ်မြစ်ပဲ"တရက်ဇ်က ပြောလိုက်သည်။"အဲမှာဆိုရင်ရော""ကောင်းတယ်"ကယ်ရောက ဘူးလေးတွေကို တရက်ဇ်ဆီ ကမ်းပေး၏။ သူလည်း တစ်ဝက်မျှ လောင်ကျွမ်းပြီးသော တိပ်ခွေကို ဘူးထဲ ထည့်လိုက်သည်။တရက်ဇ် ကားထဲမှ ထွက်သွားပြီး၊ တံတား၏သတ္တုလက်ရန်းလေးမှပင် လွှတ်ပစ်လိုက်သည်။ အပေခံ အပေါ်ရုံကုတ်နှင့် လူငယ်လူရွယ်လေးက တံတားတစ်ဖက်မှ လမ်းလျှောက်လာတာကို ကြည့်နေမိပြီး၊ ထိုလူကို အဓိပ္ပာယ်မရှိ ကြည့်မရဖြစ်နေတာကြောင့်ပင် သူ့ကိုယ်သူ မုန်းတီးနေမိသည်။XXXXXကယ်ရောက အိုမားဟားမှ ဟိုတယ်တစ်ခုမှာ ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်နေ၏။ အက်ဘီက အိမ်မှာ ရှိမနေပေ။ အက်ဘီ ပြန်လာလောက်မည်ဟု မျှော်လင့်ရသည့် ညနေခင်း ၆နာရီမှာ ကယ်ရောက ဖုန်း ထပ်ခေါ်လာမည်သာ မှာခဲ့လိုက်သည်။ အခုနေ သူ့ရှေ့နေကို ဖုန်းခေါ်လျှင်လည်း အကျိုးရှိမှာ မဟုတ်ဘူးဟု ဆိုသည်။ သူတို့အချိန် ၂နာရီကျော်လျှင် သူ့ရှေ့နေက နေ့လယ်စာ ထွက်စားနေမှာကြောင့်ဟု ပြော၏။ ကယ်ရောက ကိုယ်လက်မျက်နှာ ဆေးကြောပြီး၊ သောက်စရာတစ်ခုခု သောက်ချင်မိသည်။သူတို့နှစ်ယောက် ဟိုတယ်က ဘားတွင် အိုးဒ်ဖက်ရှင်ကော့တေးကို တိတ်ဆိတ်စွာပင် သောက်ဖြစ်ခဲ့ကြ၏။ ကယ်ရော သောက်ပြီးချိန်မှာ တရက်ဇ်ကို ခဏစောင့်နေပေးဖို့ ပြောရာ ကယ်ရောက သူ့ကို တစ်ခုခုစားနှင့်ဖို့ ပြောလာသည်။ စားပွဲထိုးက ဘားမှာ အစားအစာ ဝန်ဆောင်မှု မပေးကြောင်း ဆို၏။"သူက ဆာနေပြီလေ"ကယ်ရောက ခပ်တည်တည်ပင် ပြောလိုက်သည်။"စားသောက်ဆိုင်က ဧည့်ခန်းမကို ဖြတ်ရင် ရောက်ပါပြီ ... မဒမ်။ အဲမှာ ကော်ဖီဆိုင်တစ်ဆိုင် ရှိ...""ကယ်ရော ... ကျွန်မ စောင့်ပေးလို့ ရပါတယ်"တရက်ဇ်က ပြော၏။"ကျေးဇူးပြုပြီး ... ကျွန်မကို မီနူး ယူလာပေးလို့ ရမလား"ကယ်ရောက စားပွဲထိုးကို စေ့စေ့စပ်စပ် ကြည့်ကာ ပြောလိုက်၏။စားပွဲထိုးက တုံ့ဆိုင်းသွားသည်။ ထို့နောက် "ရပါတယ် ... မဒမ်"ဟု ဆိုကာ စားသောက်ဖွယ်စာရင်းကို သွားယူပေး၏။တရက်ဇ်က ကြက်ဥမွှေကြော်နှင့် အသားချောင်းကို စားနေစဉ် ကယ်ရောက သုံးခွက်မြောက်ကော့တေးကို သောက်နေသည်။ နောက်ဆုံးမှာတော့ ကယ်ရောက မျှော်လင့်ချက်မဲ့သည့် လေသံမျိုးဖြင့် ဆိုလာသည်။"ဒါလင်ရယ် ... တို့ကို ခွင့်လွှတ်ပေးဖို့ မင်းကို တောင်းဆိုလို့ ရမလား"မေးခွန်းထက်ပင် ကယ်ရော၏လေသံက တရက်ဇ်ကို နာကျင်စေရ၏။"ကျွန်မ ရှင့်ကို ချစ်တယ် ... ကယ်ရော""ဒါပေမယ့် တို့ ဘာကို ဆိုလိုချင်တယ်ဆိုတာ မင်း သိရဲ့လား""သိပါတယ်ရှင်"ကယ်ရော တယ်လီဖုန်းရုံသို့ သွားပြန်သည်။ ၃နာရီ အချိန် ဖြစ်၏။ ပြေစာကို တရက်ဇ်က ယူထားပြီး၊ ဒီကိစ္စက ပြီးဆုံးသွားတော့မလား ... ကယ်ရော၏ ရှေ့နေ ဒါမှဟုတ် အက်ဘီဆီမှ စိတ်ချလက်ချ နေရတော့မည့် စကားလုံးများ ကြားရတော့မလား ... အခြေအနေတွေ မကောင်းလာသေးခင် ပိုဆိုးသွားမလားဟု တွေးတောနေရင်းပင် ထိုင်စောင့်နေလိုက်သည်။ ကယ်ရော ဖုန်းပြောတာ နာရီဝက်မျှပင် ကြာသွား၏။"တို့ရှေ့နေက ဘာမှ မကြားမိသေးဘူးတဲ့"ကယ်ရောက ပြောလာသည်။"တို့လည်း သူ့ကို ဘာမှ မပြောပြလိုက်ဘူး။ မပြောပြနိုင်ဘူးလေ။ စာပဲ ရေးပို့လိုက်တော့မယ်""ရှင် ပြောပြလိမ့်မယ် ထင်တာ""အိုး ... အဲလိုထင်တယ်ပေါ့"ထိုနေ့မှာ သူ၏ ပထမဆုံး ပြုံးလာသည့်အပြုံးနှင့် ပြောလိုက်သည်။"အခုတော့ ဒီမှာပဲ တို့တွေ အခန်းတစ်ခန်း ငှားနေကြရင်ရော။ တို့ ခရီးမဆက်ချင်သေးဘူး"ကယ်ရောက နေ့လယ်စာကို သူတို့အခန်းသို့သာ ပို့ခိုင်းလိုက်၏။ သူတို့နှစ်ယောက်လုံး နေ့ခင်းတစ်ရေး အိပ်စက်လိုက်ကြသည်။ တရက်ဇ် နိုးလာတော့ ငါးနာရီမတ်တင်း ဖြစ်နေပြီး၊ ကယ်ရောက အခန်းထဲ ရှိမနေပေ။ အခန်းထဲကို တရက်ဇ် လှည့်ပတ်ကြည့်လိုက်သည့်အခါ အလှပြင်စားပွဲပေါ် ရှိနေသည့် ကယ်ရော၏ အနက်ရောင် လက်အိတ်များနှင့် လက်တင်ပါ ကုလားထိုင်ဘေးက သူ့သားရေဖိနပ်လေးကို သတိထားမိလိုက်သည်။ အိပ်ရာမှ နိုးထလာရပေမယ့် မလန်းမဆန်းပင် ရင်မှာ ထိတ်လန့်မိသွားပြီးမှ သက်ပြင်းချရတော့သည်။ သူတို့အထပ်ဟာ ၇လွှာလား၊ ၈လွှာလားဆိုတာ သူ မမှတ်မိချေ။ ဓာတ်ရထားတစ်စီးက ဟိုတယ်ရှေ့မှ ဖြတ်သွားပြီး၊ စင်္ကြံပေါ်မှ လူများကလည်း ဦးတည်ဘက်ကိုယ်စီ အသီးသီး လျှောက်လှမ်းနေကြသည်။ ခုန်ချကြည့်ကြည့်ဖို့ အတွေးမျိုး သူ့ စိတ်ထဲ ဝင်ရောက်လာ၏။ မီးခိုးရောင်အဆောက်အဦးများ၏ အရောင်မှောင်မှိုင်းမှိုင်း အနားသတ်မျဉ်းတို့ကို သူ ကြည့်နေမိသည်။ ထို့နောက် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ တစ်ဖက်ကို လှည့်ကြည့်လိုက်ချိန်မှာတော့ ကယ်ရောက သူ့ကို ကြည့်နေပြီး တံခါးဝနားမှာ ခဏ ရပ်နေကာ အခန်းထဲသို့ လျှောက်လာသည်။"ရှင် ဘယ်တွေ သွားနေတာလဲ""စာ သွားရေးနေရတာ"ကယ်ရောက အခန်းထဲသို့ ဖြတ်လျှောက်လာကာ တရက်ဇ်ကို သူ့လက်များဖြင့် ပွေ့ဖက်လိုက်သည်။ သူ့ဂျာကင်အင်္ကျီနောက်မှ ကယ်ရော၏ လက်သည်းများကို သူ ခံစားမိနေ၏။ကယ်ရော တယ်လီဖုန်းပြောဖို့ ထွက်သွားချိန်မှာ သူလည်း ဓာတ်လှေကားမှတဆင့် ဧည့်ခန်းမဆီသို့ ဆင်းလျှောက်လာသည်။ ဧည့်စောင့်ခန်းမဆီသို့ ရောက်လာပြီး၊ ပြောင်းပင်စိုက်ပျိုးသူများ၏ ပြန်တမ်းမှ ကောက်နှံစားပိုးများအကြောင်းကို သူ ထိုင်ဖတ်ကြည့်နေမိ၏။ အက်ဘီလည်း နှံစားပိုးကောင်များအကြောင်း သိမလားဟု သူ စဉ်းစားနေမိသည်။ သူ နာရီကို ကြည့်လိုက်ပြီး၊ ၂၅မိနစ်အကြာမှ အပေါ်ထပ်အခန်းသို့ ပြန်တက်သွားလိုက်သည်။ကယ်ရောက စီးကရက်ဖွာနေရင်း အိပ်ရာပေါ်တွင် လှဲနေ၏။ တရက်ဇ်လည်း သူနှင့် စကားပြောဖို့ စောင့်ဆိုင်းနေလိုက်သည်။"ဒါလင် ... တို့ နယူးယောက်ကို ပြန်ရတော့မယ်"တရက်ဇ် ဒါကို သေချာသိနေခဲ့သည်။ သူ အိပ်ရာခြေရင်းသို့ သွားထိုင်လိုက်သည်။"အက်ဘီက ဘာပြောလို့လဲ""သူ ဘော့ဘ်ဟေဗာရှန်ဆိုတဲ့လူနဲ့ ထပ်တွေ့ဖြစ်တယ်တဲ့"ကယ်ရောက တံတောင်ကို အားပြုကာ ထလာ၏။"အဲလူက ဒီကိစ္စကို တို့ သိသလောက်တော့ သေချာမသိဘူး။ ဒုက္ခများလာတော့မှာကလွဲပြီး ကျန်တဲ့ကိစ္စတွေကို ဘယ်သူမှ သိပုံမပေါ်ဘူး။ တို့ အဲကို မရောက်သွားမချင်း ကိစ္စတွေ အများကြီး မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အဲကို သွားရမှ ဖြစ်မယ်""အင်းပေါ့"ဘော့ဘ်ဟေဗာရှန်ဆိုသူက နယူးဝပ်က ဟာ့ဂ်ျ၏ လုပ်ငန်းမှာ အလုပ်လုပ်နေသည့် အက်ဘီ၏ မိတ်ဆွေဖြစ်သည်။ အက်ဘီရော၊ ဟာ့ဂ်ျရော၏ ရင်နှီးလွန်းသည့် မိတ်ဆွေတော့ မဟုတ်ပေ။ သူတို့နှစ်ယောက်ကြားက အချိတ်အဆက်လေးပင်။ ဟာ့ဂ်ျ ဘာတွေလုပ်နေသလဲဆိုတာ သိနိုင်သည့် လူတစ်ယောက်လည်း ဖြစ်သည်။ သူလျှိုက ဘယ်သူလဲ၊ ဒါမှမဟုတ် ဟာ့ဂ်ျ၏ရုံးခန်းမှာ တယ်လီဖုန်းပြောနေတာကို နားစွန်နားဖျား ကြားခဲ့သလား။ သို့သော် ဒါဟာ အသုံးမဝင်တော့ပေ။"အခု အက်ဘီက ချက်လက်မှတ်ကို သွားရှာမလို့"ကယ်ရောက အိပ်ရာပေါ်မှ ထလာကာ သားရေဖိနပ်ကို စီးနေ၏။"သူ့မှာ သော့ ရှိလို့လား""ဖလောရင့်စ်ဆီကနေ သွားယူလို့ ရတယ်။ အဆင်ပြေမှာပါ။ တို့ဆီ ပို့ပေးစရာတွေ ပို့ပေးခိုင်းထားလို့လို့ ဖလောရင့်စ်ကို ပြောခိုင်းလိုက်တယ်""သူ့ကို စာတစ်စောင်ပါ ယူခိုင်းပေးဖို့ ပြောပေးပါလား။ ကျွန်မ အခန်းထဲက စာအုပ်တစ်အုပ်မှာ ရှင့်အတွက်ဆိုပြီး ရေးထားတဲ့စာ ရှိတယ်။ ရှင့်ကို ကြိုပြီး မပြောပြမိတာ တောင်းပန်ပါတယ်။ ရှင် အက်ဘီကို အဲ သွားခိုင်းမယ်မှန်းလည်း မသိလို့"ကယ်ရောက သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။"တခြားရော""မရှိတော့ပါဘူး။ ကျွန်မ ကြိုမပြောမိတာ တကယ် တောင်းပန်ပါတယ်"ကယ်ရောက သက်ပြင်းချလိုက်ပြီး၊ မတ်တပ်ထရပ်လာသည်။"ကဲပါ ... ဒါကို စိတ်ပူမနေနဲ့တော့။ သူတို့တွေ အိမ်ကို မွှေလှော ရှာကြည့်မလားပဲ တို့ စိတ်ပူတာ။ ဒါပေမယ့် အက်ဘီကို စာကိစ္စအကြောင်း ပြောလိုက်ပါမယ်။ ဘယ်မှာ ထားထားတာလဲ""အင်္ဂလိပ်လင်္ကာ အောက်စဖို့ဒ်စာအုပ်မှာ။ စာရေးဗီရိုစားပွဲရဲ့ အပေါ်ထပ်မှာ ထားခဲ့မိတယ် ထင်တယ်"ကယ်ရောက အခန်းကို လှည့်ပတ်ကြည့်လိုက်ပြီး၊ သူ့ကို ကြည့်လာသည်။"ဒီညတော့ တို့ ဒီမှာ မနေချင်ဘူး"ကယ်ရောက ပြောသည်။XXXXXနာရီဝက်ကြာပြီးနောက် အရှေ့ဘက်သို့ ပြန်မောင်းနှင်လာခဲ့ကြသည်။ ထိုညမှာပင် ကယ်ရောက ဒဲမွင်းစ်သို့ ရောက်သွားချင်၏။ တစ်နာရီကျော်ကြာ တိတ်ဆိတ်ပြီးသည့်နောက် ရုတ်တရက် ကယ်ရောက လမ်းအစွန်းတစ်ဖက်တွင် ကားကို ချရပ်ကာ ခေါင်းကို ငုံ့လိုက်ပြီး ကျိန်ဆဲလိုက်သည်။"သေလိုက်ပါတော့"ဖြတ်သွားသော ကားများ၏ ခပ်စူးစူး မီးအလင်းရောင်များကြောင့် ကယ်ရော၏ မျက်ကွင်းမှာ ညိုမည်းပြီး ချိုင့်ဝင်နေတာကို သူ တွေ့လိုက်ရသည်။ မနေ့ညတစ်ညလုံး ကယ်ရော မအိပ်ရသေးပေ။"ရှေ့ တစ်မြို့ကိုပဲ ပြန်သွားကြမယ်လေ"တရက်ဇ်က ပြောလိုက်သည်။"ဒဲမွင်းစ်ကို ရောက်ဖို့က ၇၅မိုင်တောင် လိုသေးတယ်""မင်း အရီဇိုးနားဘက် သွားချင်လား"ကယ်ရောက သူတို့ ပြန်လှည့်သွားဖို့သာ လုပ်ရတော့မလို ပြောလာသည်။"အိုး ... ကယ်ရော။ ဘာလို့ အဲလို ပြောနေတာလဲ"စိတ်မှိုင်လက်မှိုင်ကျသည့် ခံစားချက်မျိုး ရလာသည်။ သူ စီးကရက်ကို မီးညှိနေစဉ်မှာပင် လက်များက တုန်ရီနေ၏။ ကယ်ရောကို စီးကရက်ပေးလိုက်သည်။"ဘာလို့လဲဆိုတော့ တို့ ပြောမှဖြစ်မယ်လေ။ မင်း နောက်ထပ် ၃ပတ်လောက် ခွင့်ယူလို့ ရလား""ရတာပေါ့"ဖြစ်တာပေါ့။ ဖြစ်တာပေါ့။ ကယ်ရောနှင့်သာဆိုလျှင် ဘယ်နေရာမှာဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဘာကိစ္စရှိမလဲ။ ဟာကီဗီပြပွဲကတော့ မတ်လတွင် ရှိ၏။ ဟာကီဗီက တစ်နေရာရာက အလုပ်တစ်ခုခုကို အကြံပေးနိုင်သည်။ သို့သော် အလုပ်များက မသေချာမရေရာ။ ကယ်ရောကတော့ အဲလို မဟုတ်ပေ။"တို့ နယူးယောက်မှာ အများဆုံး တစ်ပတ်ထက်ပိုပြီး မနေရပါဘူး။ ကွာရှင်းဖို့ အားလုံး အသင့်ပြင်ပြီးသားပဲ။ ဒီနေ့ တို့ရှေ့နေ ဖရက်ဒ်လည်း အဲလိုပဲ ပြောတယ်။ အဲတော့ တို့တွေ အရီဇိုးနားမှာဖြစ်ဖြစ်၊ နယူးမက်ဆီကိုမှာဖြစ်ဖြစ် နောက်ထပ်ရက်သတ္တပတ်နည်းနည်းလောက် ထပ် နေကြတာပေါ့။ တို့တော့ ကျန်တဲ့ ဆောင်းတွင်းကို နယူးယောက်မှာပဲ တဝဲလည်လည် လုပ်မနေချင်ဘူး"ကယ်ရောက ခပ်ဖြည်းဖြည်းချင်း မောင်းနှင်လာ၏။ အခု သူ့မျက်လုံးများက ပြောင်းလဲလာသည်။ သူ့အသံကဲ့သို့ပင် သူတို့တွေဟာ အသက်ဝင်ခဲ့ကြ၏။"ဒါပေါ့။ ကျွန်မလည်း အတူတူပဲ။ ဘယ်နေရာပဲဖြစ်ဖြစ် ရတယ်""ကောင်းပြီလေ။ ခုတော့ ဒဲမွင်းစ်ကို သွားကြတာပေါ့။ မင်း ခဏလောက် ကားမောင်းပေးရင်ရော"သူတို့ နေရာချင်း လဲလိုက်ကြသည်။ ဒဲမွင်းစ်မြို့သို့ ဉာဥ့်မနက်ခင် အနည်းငယ်မျှ စောရောက်ခဲ့ကြပြီး၊ ဟိုတယ်ခန်းတစ်ခုကို ရှာတွေ့ခဲ့ကြသည်။"မင်း နယူးယောက်ကို ဘာလို့ လိုက်ပြန်မလဲ"ကယ်ရောက သူ့ကို မေး၏။"ကားယူသွားပြီး၊ တုစွန်မှာ ဒါမှမဟုတ် ဆန်တာဖီမှာ တို့ကို စောင့်နေပေါ့။ တို့ လေယာဉ်နဲ့ ပြန်လာနိုင်တာပဲကို""ရှင့်ကို ထားခဲ့ရမှာလား"သူ ဆံပင်ဖြီးသပ်နေရင်း ကြည့်နေသည့် မှန်မှ တရက်ဇ်က လှည့်ကြည့်လိုက်၏။ကယ်ရောက ပြုံးလိုက်သည်။"တို့ကို ထားခဲ့ရမှာလားက ဘာကို ပြောချင်တာလဲ"အံ့ဩမှုများဖြင့်ပင် ပြန်ဖြေဖို့ကို တရက်ဇ် အချိန်ယူနေရသေးသည်။ ကယ်ရောက သူ ဆွံ့အသွားစေအောင်ပင် မမှိတ်မသုန် ကြည့်နေ၏။ သို့ပေမယ့် ကယ်ရောက သူ့စိတ်အတွေးထဲမှ သူ့ကို ရှင်းထုတ်ပစ်ဖို့ အဝေးကို တွန်းပို့လိုက်သလိုမျိုး ကယ်ရောမျက်နှာမှ ထုတ်ဖော်ပြသမှုတစ်ခုကို သူ မြင်နေမိသည်။"ရှင့်ကို ထားခဲ့ရမှာလားလို့ပဲ ပြောချင်တာပါ"မှန်ဘက်သို့ ပြန်လှည့်ရင်း တရက်ဇ်က ဖြေလိုက်သည်။"မဟုတ်လည်း ဒါက အကြံကောင်းပဲမလား။ ရှင့်ကိစ္စက ပိုမြန်မှာပဲကို""တို့တွေးတာက ... မင်း အနောက်ဘက်ပိုင်းမှာပဲ ဆက်နေလေ။ ဒီရက်တွေထဲ နယူးယောက်မှာ လုပ်ချင်တာ မရှိရင်ပေါ့"ကယ်ရော၏အသံက လေးလေးနက်နက်မရှိချေ။"မနေချင်ပါဘူး"ကယ်ရောက သူ့ကို တွေ့ဖို့ပင် အတော် အလုပ်များနေလိမ့်မည့် မဟ်ဟတန်က အေးလွန်းလှသော နေ့ရက်တွေကို တရက်ဇ် ပူပန်နေမိသည်။ ပြီးလျှင် သူလျှိုအကြောင်းကိုလည်း စဉ်းစားမိသည်။ ကယ်ရောသာ ပြန်သွားလျှင်တော့ သူ့နောက်ကို ခြေရာခံလိုက်နေမှာကို သူ စိုးကြောက်နေစရာ မလိုတော့ပေ။ အရှေ့ဘက်သို့ ကယ်ရောတစ်ယောက်တည်း ပြန်ရောက်သွားပြီး၊ ကြိုတင်ပြင်ဆင်ဖို့လည်း မဖြစ်နိုင်သော သူ မသိသေးသည့် ပြဿနာတွေကို ရင်ဆိုင်နေရမှာကိုလည်း သူ စဉ်းစားကြည့်လိုက်သည်။ သူလည်း ဆန်တာဖီမှာ ကယ်ရောဆီက ဖုန်းခေါ်လာမှာ၊ စာပို့လာမှာကို စောင့်နေရမည့် သူ့အဖြစ်ကို သူ တွေးကြည့်၏။ သို့သော် ကယ်ရောနှင့် မိုင်၂၀၀၀ မျှ အဝေးကြီး ဝေးနေရမှာကိုတော့ အလွယ်လေး မတွေးကြည့်နိုင်ပေ။"တစ်ပတ်ပဲလား ... ကယ်ရော"သူ ဆံပင်ခွဲကြောင်းအတိုင်း ခေါင်းဆက်ဖြီးနေပြီး၊ သူ့ဆံပင်ရှည်ကို တစ်ဖက်သို့ လှန်လိုက်ကာ သူ မေးကြည့်လိုက်သည်။ သူ့ ကိုယ်အလေးချိန်မှာ တိုးလာပြီး၊ မျက်နှာကတော့ ပိုပိန်ပါးလျသွားမှန်း ရုတ်တရက် သတိထားမိသွားသည်။ သူ ကျေနပ်မိသွားသည်။ ပိုပြီး အသက်ကြီးလာပုံလည်း ပေါ်လာ၏။ကယ်ရောက သူ့အနောက်ကို လျှောက်လာမှန်း မှန်ထဲမှ သူ မြင်နေရသည်။ မေးခွန်းကိုတော့ မဖြေသေးဘဲ သူ့ကို မတွေးမတောစေနိုင်တော့အောင်ပင် ကျေကျေနပ်နပ်ရှိသွားသည့် ကယ်ရော၏ လက်များက သူ့ကို ပွေ့ဖက်လာသည်။"တစ်ပတ်ပဲလားလို့""တို့ ပြောခဲ့သလိုပဲပေါ့"ကယ်ရောက သူ့မျက်ဝန်းများမှ အပြုံးကလေးဖြင့် ပြန်ဖြေလာသည်။ သို့သော် အချင်းချင်း၏ စိန်ခေါ်မှုများကို ဖလှယ်နေရသလိုမျိုးပင် သူ့မေးခွန်းမှာတင် ခက်ခဲမှုတချို့ကို သူ ပြန်ကြားနေရသည်။"မင်း ကားမယူထားချင်ဘူးဆိုရင် တို့ အရှေ့ကို ကားနဲ့ပဲ မောင်းသွားလိုက်မယ်လေ""ကျွန်မ ယူထားပေးလို့ရပါတယ်""နောက်ယောင်ခံလိုက်တဲ့ကိစ္စကိုလည်း စိတ်ပူမနေနဲ့တော့နော်။ ဟာ့ဂ်ျကို တို့ ပြန်လာနေပြီလို့ ဆက်သွယ်လိုက်မယ်""အဲဒါကို ကျွန်မ စိတ်မပူပါဘူး"ဘယ်လိုနည်းနှင့်များ ကယ်ရောက အေးတိအေးစက်နိုင်ရက်ပါလိမ့်။ ကိစ္စတိုင်းကို၊ သူတို့အချင်းချင်း ခွဲခွာသွားရမှာကို တရက်ဇ် အသေအချာ စဉ်းစားနေမိသည်။ ခေါင်းဘီးကို မှန်တင်ခုံပေါ်သို့ ချထားလိုက်၏။"တရက်ဇ် ... တို့ ပျော်နေမယ်ထင်လား"ကယ်ရော ရင်ဆိုင်ရမည့် သူလျှိုတွေကိစ္စ၊ ကွာရှင်းပြတ်စဲကြတော့မည့်ကိစ္စ၊ ရန်ပွဲတွေ ပြဿနာတွေအကြောင်းကို တရက်ဇ် တွေးတောကြည့်မိသည်။ ကယ်ရောက သူ့ပါးပြင်ကို ထိကိုင်လာပြီး၊ ငါးနှုတ်ခမ်းများကို စူဟလာအောင် လက်ဖဝါးနှစ်ဖက်ဖြင့် တင်းတင်းဖျစ်ညှစ်လိုက်၏။ တရက်ဇ် ပြုံးလာရတော့သည်။ အလှပြင်စားပွဲမှ တရက်ဇ် မတ်တပ်ထရပ်ရင်း ကယ်ရောကို ကြည့်နေကာ၊ ကယ်ရော လက်များ၏ အရွေ့တိုင်း၊ အသားကပ်ခြေအိတ်များကို ချွတ်လိုက်ပြီး၊ သားရေပျော့ဖိနပ်ကို စီးလိုက်သည့် ကယ်ရော ခြေများ၏ အရွေ့တိုင်းကို ငေးကြည့်နေမိသည်။ ပြောစရာ စကားလုံး မရှိပေ။ တစ်ယောက်ကို တစ်ယောက် ရှင်းပြဖို့၊ မေးမြန်းဖို့၊ စကားလုံးများနှင့် ကတိတွေပေးဖို့ ဘာတွေ လိုအပ်ဦးမှာလဲ။ တစ်ယောက် မျက်လုံးကို တစ်ယောက် စိုက်ကြည့်နေရန်ပင် မလို။ ကယ်ရော တယ်လီဖုန်းကို ကောက်ကိုင်လိုက်ပြီး၊ မနက်ဖြန် ၁၁နာရီမှာ ထိုင်ခုံတစ်နေရာစာအတွက် လေယာဉ်လက်မှတ်တစ်စောင် ကြိုတင်စာရင်းသွင်း ပြောဆိုနေတာကို တရက်ဇ်က ငေးကြည့်နေကာ အိပ်ရာပေါ်မှာ လှဲနေ၏။"မင်းရော ဘယ်သွားဖို့ စဉ်းစားထားလဲ"ကယ်ရောက သူ့ကို မေးလာ၏။"ကျွန်မလည်း မသိဘူး။ ဆူးဖောစ်ကိုပဲ ပြန်သွားမလားလို့""ဒါကိုတာ တောင်ပိုင်းကိုလား"ကယ်ရောက သူ့ကို ပြုံးကြည့်နေသည်။"မင်း ဆန်တာဖီဘက်ကို ပိုမကြိုက်ဘူးလား။ အဲမှာက ပိုနွေးတယ်""ကျွန်မ စောင့်နေမယ်။ ပြီးတော့မှ ရှင်နဲ့ သွားမယ်""ကော်လိုရာဒိုစပရင်းစ်ကို မဟုတ်ဘူးလား""မဟုတ်ပါဘူး"တရက်ဇ်က ရယ်မောလိုက်ပြီး၊ ထလာ၏။ သွားတိုက်တံကို ယူကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။"ပြီးရင် တစ်ပတ်လောက်ဖြစ်ဖြစ် အလုပ်တစ်ခုခု ရှာပြီး၊ လုပ်ချင်သေးတယ်""ဘာအလုပ်လဲ""ဘာအလုပ်ပဲဖြစ်ဖြစ်။ ရှင့်ကို မလွမ်းမိအောင် ကိုယ့်ကိုယ်ကို ထိန်းမလို့လေ""တို့ကတော့ မင်း တို့ကိုပဲ လွမ်းနေစေချင်တာ။ စတိုးဆိုင်မှာ အလုပ်လုပ်စေချင်တာ မဟုတ်ဘူး""မဟုတ်ပါဘူး"တရက်ဇ်က ရေချိုးခန်းတံခါးနားမှာ ရပ်နေကာ ကယ်ရော အတွင်းခံသင်တိုင်းကို ချွတ်ပြီး ဝတ်ရုံ လဲဝတ်နေတာကို ကြည့်နေ၏။"မင်း ပိုက်ဆံကိစ္စကို စိတ်ပူမနေပါဘူးနော်"တရက်ဇ်က သူ့ဝတ်ရုံအိတ်ကပ်ထဲသို့ လက်များကို လျှိုထည့်လိုက်ပြီး၊ ခြေတစ်ချောင်းကို ခြေတစ်ချောင်းပေါ်မှ ကန့်လန့်ဖြတ် ထားလိုက်သည်။"ကျွန်မ မွဲသွားမှာလည်း ဂရုမစိုက်ပါဘူး။ အကုန် သုံးပစ်ပြီးသွားရင်တော့ စိတ်ပူလာမှာပေါ့""ကားအတွက် မနက်ဖြန် မင်းကို ဒေါ်လာတစ်ရာ၊ နှစ်ရာ ပေးခဲ့ပါ့မယ်"ကယ်ရောက သူ့ကို ဖြတ်လျှောက်သွားချိန်မှာ တရက်ဇ်၏ နှာတံကို ဆွဲလိုက်သေး၏။"ပြီးတော့ ကားပေါ်ကို တခြားလူတွေ မတင်ခေါ်ရဘူးနော်"ကယ်ရောက ရေချိုးခန်းထဲသို့ ဝင်သွားကာ ရေပန်းကို ဖွင့်လိုက်သည်။ကယ်ရော ဝင်သွားပြီးနောက် တရက်ဇ်က လိုက်ဝင်သွား၏။"ကျွန်မက ဒီရေစည်မှာ ရေချိုးမလို့ကို""တို့ ရေချိုးမလို့လေ။ ဒါပေမယ့် မင်းကို ပေးဝင်ပါတယ်ကွယ်""အိုခေ။ ကျေးဇူးပါပဲ"ကယ်ရော ဝတ်ရုံကို ချွတ်လိုက်သလို၊ တရက်ဇ်လည်း သူ့ဝတ်ရုံကို ချွတ်ချလိုက်၏။"အိုခေပြီပေါ့""အိုခေပြီပေါ့"တရက်ဇ်က ရေစည်ထဲသို့ ခြေလှမ်းလိုက်သည်။"စိတ်မရှည်တော့ဘူးကွယ်"ကယ်ရောလည်း ရေစည်ထဲသို့ လှမ်းလာကာ သူ့နောက်မှ တရက်ဇ်၏ လက်မောင်းများကို ဖျစ်ညှစ်လိုက်သည်။ သို့ပေမယ့် တရက်ဇ်က တခစ်ခစ်သာ ရယ်နေလိုက်၏။တရက်ဇ် သူ့ကို ပွေ့ဖက်ထားချင်မိသည်။ နမ်းရှိုက်လိုက်ချင်သည်။ သို့ပေမယ့် သူ့လက်က ထိန်းမရကာ ကယ်ရော၏ဦးခေါင်းကို ရေစီးကြောင်းအောက်သို့ ဆွဲယူမိသွားပြီး၊ ခြေချော်သွားတော့မည့် ကြောက်မက်ဖွယ်အသံက ထွက်လာ၏။"တော်ပြီ။ တို့တွေ ချော်လဲကျတော့မယ်"ကယ်ရောက အသံကျယ်လာ၏။"ဘုရားရေ ... ဒီလူနှစ်ယောက်က ငြိမ်းငြိမ်းချမ်းချမ်းလေး ရေချိုးလို့ မရဘူးလား"
**********

Carol (မြန်မာပြန်)Where stories live. Discover now