Chapter 16.1 (Unicode)

99 6 0
                                    

အခန်း ၁၆

ကယ်ရော ဝတ်ဆင်နေတုန်းမှာ တရက်ဇ်က သတင်းစာယူဖို့ ထွက်လာခဲ့လိုက်သည်။ ဓာတ်လှေကားထဲသို့ သူ လှမ်းလာခဲ့၏။ ဓာတ်လှေကားအလယ်စင်တာတည့်တည့်တွင် ရပ်ကာ ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည်။ အရာရာဟာ ပြောင်းလဲသွားသလို၊ အကွာအဝေးများက မတူညီတော့သလို၊ ဟန်ချက်တွေကလည်း အတော်လေး ကွာခြားနေသလို သူ အနည်းငယ် ကြောင်တောင်နေမိသည်။ ဧည့်စောင့်ခန်း၏ အခန်းထောင့်မှ သတင်းစာစင်သို့ သူ ဖြတ်လျှောက်လာလိုက်သည်။

"ကော်ရီယားနဲ့ ထရီဘျွန်း"

ကော်ရီယားနဲ့ ထရီဘျွန်း သတင်းစာများကို ယူဆောင်လာသည့် အမျိုးသားတစ်ဦးကို သူ ပြောလိုက်၏။ သူ ဝယ်လိုက်သည့် သတင်းစာနာမည်များလိုပင် သူ ပြောလိုက်သည့် စကားလုံးမှာ ထူးဆန်းနေ၏။

"ရှစ်ဆင့်နော်"

သတင်းစာသမားက ပြောလိုက်ရာ တရက်ဇ်က သူ့ကို ပေးလာသည့် အကြွေကို ငုံ့ကြည့်လိုက်၏။ ရှစ်ပြားနှင့် နှစ်ဆယ့်ငါးပြားကြား ကွာခြားချက် ရှိနေသေးတာကို သူ တွေ့လိုက်ရ၏။

ဧည့်စောင့်ခန်းတွင် သူ လှည့်လည်ဖြတ်လျှောက်လာရင်း အမျိုးသားတချို့ ဆံပင်ညှပ်နေကြသော ဆံပင်ညှပ်ဆိုင်မှန်ကို ကြည့်လိုက်မိသည်။ လူမည်းတစ်ယောက်က ပြောင်ပြောင်လက်လက်ရှိသည့် ဖိနပ်ကို ဝတ်ထားသည်။ ဆေးပြင်းလိပ်တစ်လိပ်ရယ်၊ အနားပြန့်ပြန့် ဦးထုပ်ဆောင်းထားပြီး၊ အနောက်တိုင်းစတိုင် ဘွတ်ဖိနပ်ဝတ်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်က သူ့အနားမှ ဖြတ်လျှောက်သွား၏။

ထိုဧည့်စောင့်ခန်းမကြီးနှင့်အတူ လူများ ... ဧည့်လာများကို မှတ်တမ်းပြုစုထားသည့် စားပွဲအောက်ခြေမှ ရှေးကျသော သစ်သားထည်နှင့် ... သတင်းစာအပေါ်က သူ့ကို လှမ်းကြည့်လိုက်ပြီး၊ ထိုင်ခုံပေါ်တွင် မှီထိုင်ချကာ စာဆက်ဖတ်နေသော အမည်းနှင့် မလိုင်ရောင် စကျင်ကျောက်တိုင်အကြားက အနက်ရောင် အပေါ်ကုတ်နှင့် ယောက်ျားတို့ကို သူ အမြဲ မှတ်မိနေတော့မှာ ဖြစ်သည်။

xxxxx

တရက်ဇ်က အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ ကယ်ရော၏ပုံရိပ်မှာ လှံသွားကဲ့သို့ ဖြတ်ပေါ်လာ၏။ သူလည်း တံခါးလက်ကိုင်ကို ကိုင်ထားရင်း တစ်ခဏမျှ ရပ်နေမိသည်။

Carol (မြန်မာပြန်)Where stories live. Discover now