Chapter 15 (Zawgyi)

63 3 0
                                    

အခန်း ၁၅


အအေးဒဏ်ကို ညည်းညူရင်း ကယ်ရောတစ်ယောက် အခန်းထောင့်မှ ရေချိုးခန်းထဲသို့ ခြေဗလာဖြင့် ခြေလှမ်းစိပ်စိပ် လျှောက်သွားနေ၏။ သူ့ခြေသည်းများမှာ အနီရောင်ဆိုးထားပြီး၊ သူ့ညအိပ်ဝတ်စုံမှာ သူ့အတွက် အတော်ကြီးလွန်းနေသည်။"ပြတင်းပေါက်ကို အကြာကြီး ဖွင့်ထားတာ ရှင့်အမှားပဲ"တရက်ဇ်က ပြောလိုက်သည်။ကယ်ရောက လိုက်ကာကို ဆွဲလိုက်ပြီး၊ ရေပန်းမှ ရေများ အပြေးအလွှား ကျလာသံကို တရက်ဇ် ကြားလိုက်ရသည်။"အား ... နွေးနေတာပဲ"ကယ်ရောက ပြောလာသည်။"မနေ့ညထက် ပိုနေလို့ကောင်းတယ်"ခရီးသွားများအတွက် ဇိမ်ခံအခန်းငယ်မှာ ဖြစ်သည်။ ကော်ဇောထူ ခင်းထားကာ နံရံကို သစ်သားဖြင့် မွမ်းမံထားပြီး မှန်ကြည်ဖြင့် ဆင်ထားသည့် ဖိနပ်စင်မှအစ တီဗီအဆုံး အားလုံး ရှိသည်။တရက်ဇ်မှာ ဝတ်ရုံသာ ဝတ်ဆင်ထားပြီး အိပ်ရာပေါ်တွင် ထိုင်နေရင်း မြေပုံကို သူ့လက်ဖြင့် တိုင်းထွာနေ၏။ သူတို့အတွက် ဟုတ်ချင်မှ ဟုတ်ပေမယ့် အင်္ဂလိပ်အတိုင်းအထွာအရ ကိုးလက်မတစ်ထွာနှင့် တစ်ဝက်မှာ တစ်နေ့တာ မောင်းနှင်မှုနှင့် ညီမျှသည်။"ဒီနေ့ ကျွန်မတို့ အိုဟိုင်းယိုးတစ်လျှောက် လမ်းအားလုံးကို ဖြတ်နိုင်တယ်နော်""အိုဟိုင်းယိုးဆိုတာ ... မြစ်တွေ၊ ရော်ဘာနဲ့ မီးရထားလမ်းတွေအတွက်တော့ ထင်ရှားတာပေါ့လေ။ တို့ရဲ့ဘယ်ဘက်ခြမ်းမှာတော့ ဟျူရွန်လူမျိုးစု ၂၈ယောက်က ငတုံးတစ်ရာလောက်ကို ရှင်းပစ်လိုက်တဲ့ နာမည်ကျော် ချီလီကော့သီတံတားပေါ့"တရက်ဇ်က ရယ်မောလိုက်သည်။"လူးဝစ်နဲ့ ကလာ့ခ် တဲထိုးစခန်းချနေခဲ့တဲ့ နေရာဆိုလည်း ဟုတ်တာပေါ့"ကယ်ရောက ပေါင်းထည့်ပြောလိုက်သည်။"ဒီနေ့တော့ ဘောင်းဘီရှည်ဝတ်မလားလို့။ ခရီးဆောင်အိတ်ထဲ ပါလာလားလို့ မင်း ကြည့်ပေးချင်လား။ မရှိရင်တော့ ကားထဲမှာပဲ တို့ သွားယူလိုက်တော့မယ်။ အပါးမဟုတ်ဘူးနော်။ အပြာရင့်ရောင် အထူသားနဲ့"ကုတင်ခြေရင်းနားက ကယ်ရော၏လက်ဆွဲသေတ္တာဆီသို့ တရက်ဇ် လျှောက်သွားလိုက်သည်။ သေတ္တာမှာ ဆွယ်တာများ၊ အတွင်းခံအဝတ်များ၊ ရှူးဖိနပ်များနှင့် ပြည့်နေပြီး၊ ဘောင်းဘီရှည်တော့ မပါပေ။ ခေါက်ထားသော ဆွယ်တာထဲမှ နီကယ်ရည်စိမ်ထားသည့် ပြွန်တစ်ခုကို သူ တွေ့လိုက်သည်။ ဆွယ်တာကို မ ကြည့်လိုက်ရာ လေးနေ၏။ ဖြန့်ကြည့်လိုက်သည့်အခါမှာတော့ ပစ္စည်းတစ်ခုက ကျသွားတော့မလိုပင် ဖြစ်သွားသည်။ အဖြူရောင်လက်ကိုင်နှင့် သေနတ်တစ်လတ်ပင်။"မရှိဘူးလား""ဟုတ် ... မရှိဘူး"သူ သေနတ်ကို ပြန်ထည့်ကာ အဝတ်ကို ခေါက်လိုက်ပြီး၊ သူတွေ့ခဲ့သည့်အတိုင်း ပြန်ထားထားလိုက်၏။"ဒါလင်ရေ ... တို့ မျက်နှာသုတ်ပဝါ မေ့ခဲ့ပြန်ပြီ။ ထိုင်ခုံပေါ်မှာ ထင်တယ်"တရက်ဇ်က ကယ်ရောဆီသို့ ပဝါကို ယူသွားပေးလိုက်သည်။ ကယ်ရော၏ ဆန့်ထွက်လာသော လက်ထဲသို့ ပဝါကို ကြောက်ကြောက်ရွံ့ရွံ့ ထည့်ပေးလိုက်သည်။ သူ့မျက်လုံးများက ကယ်ရော၏မျက်နှာမှ ရင်သားများပေါ်သို့ ရောက်သွားသည်။ ကယ်ရောကို ပြန်ကြည့်လိုက်သည့်အခါ ကယ်ရော၏ အကြည့်တစ်ချက်ကြောင့် စိတ်လှုပ်ရှားမိသွား၏။ တရက်ဇ်က မျက်လုံးများကို မှိတ်လိုက်ကာ အိပ်ရာဆီသို့ ပြန်လျှောက်လာပြီး၊ လက်ဆွဲသေတ္တာအဖုံးကို မပိတ်ခင် ကယ်ရော၏ ဝတ်လစ်စားလစ် ကိုယ်ပုံကို မြင်နေမိသည်။တရက်ဇ် ရေဝင်ချိုးပြီး၊ ပြန်ထွက်လာသည့်အခါမှာတော့ ကယ်ရောက မှန်ရှေ့တွင် အဝတ်အစားအပြည့်ဖြင့် ရပ်နေ၏။"ဘာဖြစ်နေတာလဲ"ကယ်ရောက မေး၏။"ဘာမှမဖြစ်ပါဘူး"ရေစိုစွတ်နေမှုကြောင့် အနည်းငယ် နက်နေသယောင် ထင်ရသည့် ဆံပင်များကို ကယ်ရောက ဖြီးသပ်နေရင်း တရက်ဇ်ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများမှာ နှုတ်ခမ်းနီဆိုးထားပြီး တောက်တောက်ပပရှိ၏။ နှုတ်ခမ်းများကြားတွင် စီးကရက်တစ်လိပ်ကိုလည်း တပ်ထားသေးသည်။"တစ်နေ့တစ်နေ့ မင်းကို အဲလိုမေးရတာ ဘယ်နှကြိမ်လောက် ရှိလဲ မင်းသိရဲ့လား"ကယ်ရောက ပြောလာ၏။"တို့ကို နည်းနည်းတော့ မငဲ့ကွက်ရာရောက်တယ်လို့ မင်းမထင်ဘူးလား"xxxxxမနက်စာ စားနေစဉ် တရက်ဇ်က မေးလိုက်၏။"ရှင် ဘာလို့ အဲသေနတ်ကို ယူလာရတာလဲ ... ကယ်ရော""အိုး ... ဒါက မင်းကို စိတ်အနှောင့်အယှက်ပေးနေတာကိုး။ အဲဒါ ဟာ့ဂ်ျရဲ့ သေနတ်ပါ။ သူမေ့ကျန်ခဲ့တာ"ကယ်ရောက ပေါ့ပေါ့တန်တန်ပင် ပြော၏။"ထားခဲ့ရမှာထက် ယူလာလိုက်တာ ပိုကောင်းမယ် ထင်တာနဲ့ပဲ""သေနတ်က ကျည်ဖြည့်ထားလား""အင်း။ ဟာ့ဂ်ျက လိုင်စင်ရထားပြီးသား။ တစ်ခါက တို့အိမ်ကို ဖောက်ထွင်းသူခိုးတစ်ယောက် ဝင်လာလို့လေ""ရှင်ရော သေနတ်ကို သုံးတတ်လား"ကယ်ရောက သူ့ကို ပြုံးပြ၏။"တို့က အန်နီအုပ်ကလီတော့ မဟုတ်ပေမယ့် သုံးတတ်ပါတယ်ကွယ်။ အဲဒါက မင်းကို စိုးရိမ်စေတာမလား။ စိတ်မပူပါနဲ့။ သုံးရမယ်လို့လည်း တို့ မမျှော်လင့်ထားပါဘူး"တရက်ဇ်က ထိုအကြောင်း ဘာမျှ ဆက်မပြောတော့ပေ။ သူ ထိုအကြောင်း စဉ်းစားမိတိုင်း သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ နောက်နေ့ည ဟိုတယ်အထမ်းသမား တစ်ယောက်က ပလက်ဖောင်းဘေးတွင် လက်ဆွဲသေတ္တာကို လေးလေးပင်ပင် ကူချနေသည့်အခါမှာလည်း သေနတ်အကြောင်း ထပ်စဉ်းစားမိပြန်၏။ အခုလို ကိုင်ဆောင့်လိုက်ပုံဖြင့် သေနတ်ကျည် ပွင့်ထွက်လာမလားဟု သူ တွေးနေမိသည်။အိုဟိုင်းယိုးမှာ သူတို့ လျှပ်တစ်ပြက် ဓာတ်ပုံတွေ ရိုက်ခဲ့ကြသည်။ ဒါမှပဲ မနက်ဖြန်မနက်စောစော ပုံထုတ်ယူနိုင်လိမ့်မည် ဖြစ်၏။ ရှည်လျားသော ညနေခင်းကို ဖြတ်သန်းပြီး၊ ဒီဖီရန့်ဟုခေါ်သည့် မြို့လေးတွင် ညတာကို ကုန်ဆုံးခဲ့ကြ၏။ သူတို့တတွေ တစ်ညနေခင်းလုံးတွင် လမ်းများကို ပတ်လျှောက်ပြီး၊ ကုန်တိုက်ပြတင်းပေါက်များကို ကြည့်ရင်း ငှက်သိုက်များကဲ့သို့ သက်တောင့်သက်သာရှိမည့် အိမ်များနှင့် အိမ်ရှေ့ဧည့်ခန်းတွင် မီးများ လင်းထိန်နေသည့် တိတ်ဆိတ်ငြိမ်သက်သော လမ်းများကို ဖြတ်လျှောက်လာခဲ့ကြသည်။ ရည်ရွယ်ချက်မဲ့ လမ်းလျှောက်ရတာမျိုးကြောင့် ကယ်ရော စိတ်ငြီးငွေ့နေမှာကို တရက်ဇ် စိုးရိမ်မိသည်။ သို့သော်လည်း တစ်ဘလောက်စာမျှ လမ်းလျှောက်ပြီး၊ တစ်ဖက်တစ်ချက်တွင်ရှိသည့် တောင်တန်းလေးကို သွားကြည့်ဖို့ အကြံပေးလာသူမှာ ကယ်ရောပင် ဖြစ်၏။တရက်ဇ်ကတော့ ကယ်ရောနှင့် ဟာ့ဂ်ျတို့ကို ကွဲကွာသွားစေသည့်အရာကို စကားလုံးတစ်လုံးတည်းဖြင့် အကျဉ်းချုပ် သုံးသပ်ကြည့်နေသည်။ ငြီးငွေ့သွားမှု၊ မကျေမချမ်းဖြစ်မှု၊ မတူညီကွဲပြားမှုဟူသည့် စကားလုံးများကိုတော့ ပယ်ချလိုက်၏။တစ်ခါတုန်းက ဟာ့ဂ်ျက ရင်ဒီလေးကိုခေါ်ပြီး ငါးမျှားခရီးထွက်ကာ ရက်တွေကြာအောင် အဆက်အသွယ်မလုပ်ခဲ့တာကို ကယ်ရော ပြောပြဖူးသည်။ ဒါကြောင့် မက်ဆာချူးဆတ်မှာရှိသည့် ဟာ့ဂ်ျမိသားစုအိမ်တွင် နွေရာသီအားလပ်ရက်ကို သူနှင့်အတူ ဖြတ်သန်းဖို့ ငြင်းပယ်လိုက်တာဟာ ကယ်ရော၏လက်တုံ့ပြန်မှုဟု ပြောသေး၏။ အပြန်အလှန် ဖြစ်ပျက်ခဲ့သည့် ကိစ္စများပင် ဖြစ်သည်။ ဒီကိစ္စများဟာ အစ မဟုတ်ခဲ့ပေ။xxxxxကယ်ရောက ဓာတ်ပုံနှစ်ပုံကို သူ့ခေါက်ပိုက်ဆံအိတ်ထဲတွင် ထည့်လိုက်၏။ တစ်ပုံမှာ မြင်းပွဲ ပထမတန်းမှ မြင်းစီးဘောင်းဘီဝတ်ထားသည့် ရင်ဒီလေးပုံ ဖြစ်ပြီး၊ တစ်ပုံမှာ နှုတ်ခမ်းများကြားတွင် စီးကရက်တပ်ထားပြီး ဆံပင်တွေ နောက်ပြန်လွင့်နေသည့် တရက်ဇ်၏ ပုံဖြစ်သည်။ ကုတ်အင်္ကျီပုံလျက်သားနှင့် မတ်တပ်ရပ်နေပြီး အဆင်မချောလှသည့် ကယ်ရော၏ ဓာတ်ပုံတစ်ပုံလည်း ရှိသေးသည်။ အလွန်ဆိုးလွန်း၍ အက်ဘီဆီကို ပို့ပေးတော့မည်ဟု ကယ်ရောက ပြောသည်။နေ့လယ်ခင်းနှောင်းပိုင်းတွင် သူတို့ ချီကာဂိုသို့ ရောက်လာခဲ့ကြ၏။ အသားဖြန့်ချိရေးကုမ္ပဏီ၏ ထရက်ကားကြီးကို မကျော်နိုင်ဘဲ နောက်မှ ငြီးငွေ့ပျင်းရိစွာဖြင့် ဖရိုဖရဲ လိုက်ပါလာကြသည်။ တရက်ဇ်က ကားရှေ့လေကာမှန်ဘက်သို့ တိုးထိုင်ခဲ့ရသည်။ သူ့အဖေနှင့် ခရီးထွက်ခဲ့တုန်းကတော့ မြို့က အရာတွေကို သူ မမှတ်မိနိုင်ခဲ့ပေ။ ကယ်ရောကတော့ မဟ်ဟတန်ကို သိသလိုမျိုး ချီကာဂိုကိုလည်း အကျွမ်းတဝင် သိဟန်ရှိသည်။ လူသိများကျော်ကြားသည့် လုဧရိယာကိုလည်း သူ့ကို ပြ၏။ ညနေခင်း ငါးနာရီခွဲလောက်တွင် ရထားများနှင့် အိမ်ပြန်ချိန် လှုပ်ရှားနေမှုများကို ကြည့်ရန်အတွက် သူတို့တွေ တစ်နေရာမှာ တစ်ခဏတာ ကားကို ရပ်လိုက်သည်။ ဒီနေရာဟာ ညနေခင်း ငါးနာရီခွဲအချိန် နယူးယောက် မဒ်ဟောက်စ်ဝန်းကျင်နှင့်တော့ မယှဉ်နိုင်ပါ။ပင်မစာတိုက်ရုံးသို့ ရောက်လျှင် ဒန်နီဆီမှ စာတစ်စောင်၊ ဖီလ်ဆီကတော့ စာတစ်စောင်မျှ မရပါ၊ ရစ်ချက်ဆီမှ စာတစ်စောင်ကို တရက်ဇ် လက်ခံရရှိ၏။ စာကို အပေါ်ယံဖတ်ကြည့်လိုက်သည့်အခါ အလွန်တရာမှ တယုတယရှိလှသည့်စာများနှင့် အစပြုထား၊ အဆုံးသတ်ထားတာကို တွေ့လိုက်ရသည်။ ဖီလ်ဆီက အထွေထွေကြေးနန်းလိပ်စာကို ရစ်ချက်က ရသွားပြီး၊ သူ့ဆီကို နွေးထွေးကြင်နာပြထားမည့် စာတစ်စောင်စောင် ရေးလာလိမ့်မည်ဟု သူ မျှော်လင့်ထားသလိုပင်။ကယ်ရောဆီသို့ ပြန်မသွားခင် သူ့အိတ်ကပ်ထဲသို့ စာကို ထည့်ထားလိုက်၏။"တစ်ခုခု ထူးလို့လား""ပို့စကတ်တစ်စောင်ပါပဲ။ ဒန်နီဆီက ... သူ့စာမေးပွဲတွေ ပြီးပြီတဲ့"ကယ်ရောက ဒရိတ်ခ်ဟိုတယ်သို့ မောင်းလာခဲ့၏။ ဟိုတယ်၏ ဧည့်စောင့်ခန်းတွင် အမည်းအဖြူလေးထောင့်ကွက်အဆင် ကြမ်းခင်းနှင့် ရေပန်းတစ်ခုလည်း ရှိသည်။ ကြီးကျယ်ခမ်းနားလှသည်ဟု တရက်ဇ် တွေးလိုက်၏။ သူတို့အခန်းသို့ ရောက်လာသည့်အခါ ကယ်ရောက ကုတ်အင်္ကျီကို ချွတ်ကာ ဆင်တူကုတင်နှစ်လုံးမှ တစ်လုံးပေါ်သို့ လှဲချလိုက်၏။"ဒီနေရာက လူတချို့ကို တို့သိတယ်"ကယ်ရောက ငိုက်မျဉ်းနေစွာဖြင့် ပြောလာသည်။"တစ်ယောက်ယောက်ကို သွားတွေ့ကြမလား"သို့သော် သူတို့မဆုံးဖြတ်ရသေးခင်မှာပင် ကယ်ရောက အိပ်ပျော်သွား၏။ပြတင်းပေါက်အပြင်ဘက်မှ ခပ်ပါးပါးလေး အနားသတ်ထားသည့် ရေကန်နှင့် ငြိမ်သက်နေသည့် မီးခိုရောင်မိုးကောင်ကင်အောက်က မြင့်မားသော အဆောက်အဦးများ၏ မြင်နေကျမဟုတ်သော အတန်းအလျားများကို တရက်ဇ် ကြည့်လိုက်၏။ ပီဆာရိုပန်းချီကားလိုပင် မှုန်ဝါးဝါးဖြင့် ငြီးငွေ့ဖွယ်တော့ ကောင်းသည်။ ကယ်ရော သဘောကျမှာ မဟုတ်သည့် နှိုင်းယှဉ်ချက်တစ်ခုဟု တရက်ဇ် တွေးလိုက်၏။ ပြတင်းမှန်ဘောင်ကို မှီကာ မြို့ပြကို ငေးကြည့်နေမိသည်။ ခပ်လှမ်းလှမ်းမှ ကားမီးပြောက်များက သစ်ပင်နောက်များမှ ဖြတ်ပြီး ပျောက်ကွယ်သွားတာတွေကို ကြည့်နေမိ၏။ သူ ပျော်ရွှင်နေရသည်။"ဘာလို့ သောက်စရာတစ်ခုခု မမှာတာလဲ"သူ့နောက်မှ ကယ်ရော၏အသံက ပေါ်ထွက်လာ၏။"ရှင် ဘာသောက်ချင်လဲ""မင်း ဘာသောက်မလဲ""မာတီနီ"ကယ်ရောက အချက်ပေးလိုက်၏။"ဂျစ်ဘ်ဆင်နှစ်ခွက်"သူ ကြိုးဖုန်းဖြင့် မှာနေတုန်း ကယ်ရောက ကြားဖြတ်ပြော၏။"ကနပယ်မုန့်လေးတစ်ပန်းကန်ရယ်၊ မာတီနီ ၄ခွက်လောက်ရယ်နော်"xxxxxကယ်ရော ရေချိုးနေစဉ် တရက်ဇ်က ရစ်ချက်၏စာကို ဖတ်ကြည့်လိုက်သည်။ စာတစ်စောင်လုံးမှာ ကြင်နာယုယပြနေ၏။ 'မင်းက တခြားမိန်းကလေးတွေနဲ့ မတူဘူး'ဟု သူ ရေးထားပြန်သည်။ သူ စောင့်နေမှာဖြစ်ပြီး၊ သူတို့အတူတူ ပျော်ရွှင်သွားရမည်ဟု အပြည့်အဝ ယုံကြည်ထား၏။ ရစ်ချက်က နေ့တိုင်း သူ့ကို စာရေးပို့စေချင်သည်။ အနည်းဆုံးတော့ သူ့ဆီကို ပို့စကတ်တစ်စောင်မျှ ပို့ပေးစေချင်နေ၏။ သူ လွန်ခဲ့သည့်နွေတုန်းက နယူးယောက်ကင်းစတန်ရောက်နေစဉ် တရက်ဇ် ပို့ပေးဖူးသည့် စာသုံးစောင်ကို တစ်ညနေခင်းက ထိုင်ဖတ်နေခဲ့သည်ဟု ပြောထားသေးသည်။ စာထဲတွင် ရစ်ချက် မဟုတ်သည့်အတိုင်း စိတ်ကူးယဉ်ဆန်လွန်းနေပြီး၊ တရက်ဇ်ကတော့ သူ ဟန်ဆောင်နေတာဟု ပထမဆုံး တွေးလိုက်သည်။ နောက်ပိုင်းမှ သူ့ကို တစ်ဖန် ထိခိုက်နာကျင်စေလိမ့်မည်။ သူ့ဒုတိယတုံ့ပြန်မှုကတော့ ငြင်းပယ်ခြင်းပင်။ နဂိုဆုံးဖြတ်ချက်အတိုင်း ဒါကို အဆုံးသတ်ဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်သည့် သူ့ဆီ စာမရေးဖို့နှင့် ဘာတစ်ခွန်းမျှ ထပ်မဆိုဖို့ လုပ်လိုက်သည်။ကော့တေးများ ရောက်လာပြီး တရက်ဇ်က လက်မှတ်ထိုးထားရမည့်အစား ငွေချေလိုက်၏။ ကယ်ရောကွယ်ရာမှလွဲ၍ တစ်ခါမှ သူ ငွေမချေခဲ့ရပေ။"ရှင် အနက်ရောင်ဝတ်စုံ ဝတ်မှာလား"ကယ်ရော ထွက်လာသည့်အခါ တရက်ဇ်က မေးလိုက်၏။ ကယ်ရောက သူ့ကို တစ်ချက်ကြည့်လိုက်သည်။"သေတ္တာအောက်ခြေထိ မွှေကြည့်ကြမလား"ကယ်ရောက လက်ဆွဲသေတ္တာဆီ လျှောက်သွားရင်း မေးလာသည်။"အဝတ်တွေ ထုတ်၊ တွန့်ကြေနေတာတွေကို မီးပူတိုက်ကြရင် နာရီဝက်လောက် ကြာမလား""ကျွန်မတို့ ဒါသောက်နေဖို့တောင် နာရီဝက်လောက် ကြာသွားနိုင်တယ်""မင်းပြောတော့လည်း ဟုတ်ပါရဲ့"ကယ်ရောက ဝတ်စုံကို ရေချိုးခန်းထဲ ယူသွားကာ ရေစည်တွင်းထဲသို့ ရေများ ဖွင့်ထည့်ထားလိုက်သည်။သူတို့ ပထမဆုံးနေ့လယ်စာ အတူတူ စားဖူးသည့်နေ့က သူ ဝတ်လာသော ဝတ်စုံပင် ဖြစ်သည်။"ဒါက တို့တွေ နယူးယောက်က ထွက်လာပြီးကတည်းက တို့ သောက်ဖြစ်တဲ့ တစ်ခုတည်းသော သောက်စရာတစ်မျိုးပဲဆိုတာ သိလား"ကယ်ရောက ပြောလာ၏။"မင်းမသိပါဘူး။ ဘာလို့လဲသိလား။ တို့ပျော်မိတယ်လေ""ရှင်က လှလွန်းပါတယ်"တရက်ဇ်က ပြောလိုက်၏။တရက်ဇ် မြတ်နိုးရသော ရှက်သွေးဖြာနေသည့် အပြုံးမျိုး ကယ်ရောက ပြုံးလာ၏။ ထို့နောက် အလှပြင်စားပွဲဆီသို့ သူ လျှောက်သွားလိုက်သည်။ ငွေရောင်နှင့်အဝါစပ် လည်စည်းကို သူ့လည်ပင်းကို လွှားပတ်လိုက်ပြီး ခပ်လျော့လျော့လေး ချည်လိုက်သည်။ ပြီးလျှင် သူ့ဆံပင်ကို ဖြီးသပ်နေ၏။မီးအိမ်၏အရောင်မှာ သူ့ပုံရိပ်ကို ပန်းချီကားတစ်ချပ်လို ထင်ဟပ်စေ၏။ ဒါတွေအားလုံး ယခင်က ဖြစ်ပျက်ဖူးသည်ဟု တရက်ဇ် ခံစားလာရသည်။ မြူအတိ ဖုံးလွှမ်းပြီး မိုးရွာသည့် မနက်ခင်းတစ်ခုမှာ ပြတင်းပေါက်တစ်ခုနား သူ့ ရှည်လျားသော ဆံပင်များကို ဖြီးနေသည့် မိန်းမတစ်ဦးနှင့် ထိုနေရာမှ နံရံက အုတ်ခဲပုံစံတွေကို ရုတ်တရက် မြင်ယောင်လာတော့သည်။"ရေမွှေးနည်းနည်းဆိုရင်ရော"ကယ်ရောက ပြောပြောဆိုဆို ရေမွှေးပုလင်းလေးနှင့် သူ့ဆီကို လျှောက်လာသည်။ တရက်ဇ်၏ နဖူးနှင့် ထိုနေ့က သူ နမ်းခဲ့သည့် ဆံပင်ဖျားများကို လက်ညှိုးဖြင့် ပွတ်သပ်လိုက်၏။"ရှင့်ကို မြင်တော့ ကျွန်မ တစ်ခါက တွေ့ဖူးတဲ့ မိန်းမကြီးကိုတောင် သတိရသွားတယ်"တရက်ဇ်က ပြောလိုက်သည်။"လက်စင်တန်တစ်နေရာမှာလေ။ ရှင့်ကိုမြင်လို့တော့ မဟုတ်ပါဘူး။ မီးရောင်ကြောင့်ပါ။ အဲမိန်းမကြီးလည်း ခေါင်းဖြီးနေတာ"တရက်ဇ်က စကားပြောတာ ရပ်လိုက်သည်။ ကယ်ရောက သူ ဆက်ပြောမှာကို စောင့်နေ၏။ ကယ်ရောက အဲသလိုဆို အမြဲတမ်း စောင့်နေတတ်သည်။ တရက်ဇ်ကသာ သူ ပြောချင်တာကို ဘယ်တော့မှ တိတိကျကျ မပြောနိုင်ခဲ့ချေ။"မနက်စောစော အလုပ်သွားတဲ့လမ်းမှာပဲ။ အဲမှာ မိုးတွေက ရွာနေတာ ... ကျွန်မ မှတ်မိတယ်"တရက်ဇ်က လေးတိလေးကန်ပြောနေ၏။"သူ့ကို ပြတင်းပေါက်ကနေ တွေ့လိုက်တာ"သူ တကယ် ဆက်မပြောနိုင်တော့ပါ။ သုံးလေးမိနစ်လောက် ရပ်နေမိ၏။"အော် ... တို့ရဲ့မိဘမဲ့ကလေးလေးရယ်"ကယ်ရောက ပြောလိုက်၏။တရက်ဇ် ပြုံးမိသွားသည်။ ကယ်ရော ပြောလိုက်သည့်အခါ ထိုစကားလုံးမှာ စိတ်ညှိုးငယ်စရာ၊ နာကျင်စရာ တစိုးတစိမျှ မရှိပါ။"မင်းအမေက ဘယ်လိုပုံမျိုးလဲ""သူက ဆံပင်အနက်နဲ့"တရက်ဇ်က ခပ်မြန်မြန်ပင် ပြန်ဖြေလိုက်သည်။"သူနဲ့ ကျွန်မနဲ့က ဘာမှမတူခဲ့ဘူး"သူ့အမေမှာ ကွန်နက်တီကတ်ပြည်နယ်တစ်နေရာတွင် အခုချိန်ထိ သက်ရှိထင်ရှား ရှိနေသော်လည်း သူ့အမေအကြောင်း ပြောသည့်အခါတိုင်း အမြဲတမ်း အတိတ်ကာလပြကြိယာတွေကိုသာ သုံးတတ်၏။"သူ မင်းကို ထပ်တွေ့ချင်မိမယ်လို့ မင်း တကယ် မထင်ဘူးလား"ကယ်ရောက မှန်ရှေ့တွင် ရပ်နေ၏။"မထင်ပါဘူး""မင်းအဖေ မိသားစုကရော။ မင်းအဖေက အစ်ကိုတစ်ယောက် ရှိတယ်လို့ မင်း ပြောခဲ့သလားလို့""သူနဲ့ ကျွန်မ တစ်ခါမှ မတွေ့ဖူးဘူး။ သူက ဘူမိဗေဒပညာရှင်တစ်ယောက်ပဲ။ ဆီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ။ သူ ဘယ်မှာနေလဲတော့ ကျွန်မလည်း မသိဘူး"သူနှင့် တစ်ခါမှ မဆုံဖူးသည့် ဦးလေးအကြောင်း ပြောရတာက ပို၍ လွယ်ကူနေ၏။"အခု မင်းအမေနာမည်ကရော""အက်စတာ ... မစ္စစ် နီကိုးလက်စ်စထရူလီ"တယ်လီဖုန်းစာအုပ်တစ်အုပ်တွင် မြင်ချင်မြင်ရနိုင်သည့် နာမည်တစ်ခုလိုပင် နာမည်ကတော့ သူ့အတွက် မဆိုစလောက်ပင်။ သူ ကယ်ရောကို ကြည့်လိုက်၏။ သူ နာမည်ကို ပြောပြီးသွားလျှင် ရုတ်တရက် ဝမ်းနည်းသွားမိသည်။ တစ်နေ့နေ့တွင် ဆုံးရှုံးမှုဒဏ်နှင့် အကူအညီမဲ့နေမှုတို့ကြောင့် တုန်လှုပ်မှုတို့ကို ကယ်ရော ခံစားနေရနိုင်သည်။ ကယ်ရောအကြောင်းကို သူ အနည်းငယ် သိလာပြီဖြစ်သည်။ကယ်ရောက ပြောလာ၏။"တို့ ဒီကိစ္စကို ဘယ်တော့မှ မပြောတော့ဘူး။ ဘယ်တော့မှ ထပ်ပြီး မပြောတော့ပါဘူးကွယ်။ တကယ်လို့ ဒုတိယတစ်ခွက် ထပ်သောက်လိုက်လို့ မင်းကို ဝမ်းနည်းလာစေမယ်ဆို မသောက်နဲ့နော်။ ဒီညမှာတော့ တို့ မင်းကို ဝမ်းနည်းမနေစေချင်ဘူး"xxxxxသူတို့ ညစာစားကြသည့် စားသောက်ဆိုင်က ရေကန်လေး၏ အပေါ်စီးမှာ ရှိနေသည်။ ကြီးကျယ်ခမ်းနားသော ညစာစားပွဲအပြင် ရှန်ပိန်နှင့် ဘရန်ဒီ ပါသေးသည်။ တရက်ဇ်အတွက်တော့ အနည်းငယ် မူးနေသည်မှာ ဒါ ပထမဆုံးအကြိမ် ဖြစ်၏။ ပြောရလျှင် ကယ်ရောကို မမြင်နိုင်လောက်အောင်ပင် တော်တော်လေး မူးနေပြီဖြစ်သည်။လိပ်ခ်ရှောဒရိုက်ဗ်ဟာ ဝါရှင်တန်က အိမ်ဖြူတော်နှင့် ဆင်တူသော အိမ်ဂေဟာများနှင့် ပြည့်နှက်နေသည့် လမ်းကျယ်တစ်လမ်းလိုပင် သူ ထင်မြင်မိသည်။ မှတ်ဉာဏ်ထဲတွင် ဒီက အိမ်တစ်အိမ်အကြောင်းနှင့် ကယ်ရော ယခင်က ရှိဖူးသည့် နေရာလေးအကြောင်း ပြောပြနေသည့် အသံက စွဲနေသည်။ ထို့နောက် ခဏအကြာတွင် ရက်ပယ်လို၊ ပဲရစ်နှင့် တရက်ဇ် မသိသည့် တခြားနေရာများကတော့ ကယ်ရော သိခဲ့သော အရာအားလုံး၏ ဘောင်ထဲမှာပဲ ရှိနေသလို ဒီနေရာဟာလည်း ကယ်ရော၏ ကမ္ဘာတစ်ခုဟု ပူပင်စရာ သတိပြုမိမှုကလည်း ပေါ်လာ၏။ထိုည ... မီးတွေ မဖွင့်ရသေးခင်မှာ ကယ်ရောက ကုတင်အစွန်းတွင် ထိုင်ကာ စီးကရက်ဖွာနေ၏။ တရက်ဇ်ကတော့ သူ့အိပ်ရာလေးတွင် လှဲလိုက်ကာ ကယ်ရောကိုကြည့်ရင်း အခန်းထဲက တစ်စုံတစ်ခုကို အချိန်တစ်ခုကြာအောင် စိုက်ကြည့်နေပြီးမှ တစ်နေရာကို အကြည့်လွှဲသွားသော ကယ်ရော၏ မျက်လုံးများထဲက ပဟေဠိဆန်သည့် အကြည့်၏ အဓိပ္ပာယ်ကို အဖြေရှာနေမိသည်။ ကယ်ရောအတွေးထဲမှာ သူပဲလား၊ ဟာ့ဂ်ျလား ဒါမှမဟုတ် ရင်ဒီလေးများလားဟု သူ တွေးနေမိ၏။မနက် ၇နာရီ ရင်ဒီလေး ကျောင်းမသွားခင် ရင်ဒီလေးဆီ ဖုန်းဆက်ဖို့အတွက် သူ့ကို သတိပေးဖို့ ကယ်ရောက မှာထားသည်။ ဒီဖီရန့်မှာတုန်းက သူတို့ ဖုန်းပြောခဲ့တာကိုပင် တရက်ဇ် သတိရသွားသည်။ ရင်ဒီလေးက တခြားမိန်းကလေးနှင့် ရန်ဖြစ်ခဲ့ပြီး ကယ်ရောက ဒါကို ရှင်းပြဖို့နှင့် ရင်ဒီလေးဘက်မှ ပထမဆုံးတောင်းပန်ဖို့ကို ဖြောင်းဖြပြောဆိုရင်း ၁၅မိနစ်မျှ ကြာသွားသေးသည်။ရှန်ပိန်၏ အရှိန်ကလေးဖြင့် ကယ်ရောနှင့် နီးနီးကပ်ကပ် ရှိနေစေချင်သည့် တောင့်တမှုမျိုး သူ ခံစားလာရသည်။ အကယ်၍ သူ ရိုးရိုးရှင်းရှင်း တောင်းဆိုလိုက်လျှင် ဒီညတွင် ကယ်ရောက သူနှင့်အတူ တစ်အိပ်ရာထဲ ပေးအိပ်လိမ့်မည်ဟု သူ ထင်မိသည်။ သူက ဒါထက် ပို၍ တောင့်တမိ၏။ သူ့ကို နမ်းချင်မိသည်။ တစ်ယောက်နှင့်တစ်ယောက်၏ ခန္ဓာကိုယ်အထိအတွေ့တွေကို ခံစားချင်မိသည်။ ပယ်လာမိုဘားတွင် သူတွေ့ခဲ့သည့် မိန်းကလေးနှစ်ယောက်ကို သွားအမှတ်ရ၏။ သူတို့တွေက ဒါမျိုး ရှိခဲ့ဖူးပြီး၊ ဒီအဆင့်တွေထက် ပိုလိမ့်မည်ဟု တရက်ဇ် သိနေ၏။ သို့သော် သူ ကယ်ရော၏ လက်မောင်းလေးကို ကိုင်ထားချင်မိလျှင်ပင် ကယ်ရောက ရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်ပြီး သူ့ကို တွန်းပစ်လိုက်မလား။ အခုချိန်တွင် သူ့အပေါ် ရှိနေသည့် ဘယ်လိုမေတ္တာမျိုးဖြစ်ဖြစ် ထိုအရာလေးဟာ ထိုခဏလေးမှာ ပျောက်ကွယ်သွားမလား။ ကယ်ရော၏ အေးစက်စက် ခါးခါးသီးသီး ငြင်းပယ်လိုက်မှု ပုံရိပ်မှာ သူ့သတ္တိများကို ပျောက်ကွယ်သွားစေ၏။ ဘာပဲဖြစ်ဖြစ် သူနှင့်အတူ တစ်အိပ်ရာထဲမှာ အိပ်လို့ရမလားဟု ရိုးရိုးရှင်းရှင်း မမေးနိုင်တော့ဘူးလားဆိုသည့် မေးခွန်းဆီသို့ ကျိုးကျိုးနွံနွံ ပြန်စဉ်းစားမိပြန်သည်။"ကယ်ရော ... ရှင် စိတ်မရှိဘူးဆိုရင်""မနက်ဖြန် တို့တွေ စတော့ခ်ယတ်စ်ကို သွားကြမယ်"ကယ်ရောကလည်း တရက်ဇ် ပြောနေစဉ် တစ်ပြိုင်တည်း ပြောလာ၏။ တရက်ဇ် ရယ်မောမိသွားသည်။"ဘာတွေ အဲလောက် ရယ်ဖို့ ကောင်းနေတာလဲ"ကယ်ရောက စီးကရက်မီးကို ခြွေရင်း မေးလာသည်။ သို့သော် သူလည်း ပြုံးနေလေ၏။"ဒီလိုပါပဲ။ တော်တော်ရယ်ရလို့ပေါ့"တရက်ဇ်မှာ ရယ်မောနေမိလျက်ပင်။ ည၏ တောင့်တမှုနှင့် ရည်ရွယ်ချက်အားလုံး မသိတော့အောင်ကို ရယ်မောမိနေသည်။"မင်းတော့ ရှန်ပိန် အရှိန်နဲ့ တခစ်ခစ် ရယ်နေတော့တာပဲ"ကယ်ရောက ပြောပြီး မီးကို မှိတ်လိုက်သည်။xxxxxနောက်တစ်နေ့နေ့လယ်ခင်းပိုင်းတွင် သူတို့ ချီကာဂိုမှ ထွက်လာကြပြီး၊ ရော့ခ်ဖော့ဒ် ဦးတည်ရာလမ်းကြောင်းအတိုင်း မောင်းနှင်လာကြသည်။ ထိုနေရာတွင် အက်ဘီဆီမှ စာတစ်စောင် ရချင်ရနိုင်မည်။ အက်ဘီက စာရေးသားဆက်သွယ်ရာမှာ တော်တော်လေး ညံ့ဖျင်းတာကြောင့် မသေချာဘူးဟုတော့ ကယ်ရောက ပြော၏။တရက်ဇ်က ဖိနပ်ပြင်ဆိုင်သို့ ရှူးဖိနပ်ပြားကို ချုပ်ရန် သွားပြီး ပြန်အလာတွင် ကယ်ရောက ကားထဲတွင် စာတစ်စောင် ဖတ်နေ၏။"ဒီတစ်ခါ ဘယ်လမ်းကို ထွက်ကြမလဲ"ကယ်ရောမျက်နှာမှာ ပိုပျော်ရွှင်နေပုံ ပေါ်၏။"လမ်း၂၀ပေါ့။ အနောက်ဘက်ကို ဆက်မယ်လေ"ကယ်ရောက ရေဒီယိုကို ဖွင့်လိုက်ပြီး၊ သူ့အကြိုက် သီချင်းကို မတွေ့မချင်း ခလုတ်ကို ဆက်ဆက်နှိပ်နေ၏။"ဒီည မင်နီယာပေါလစ်မြို့ကြီး လမ်းကြောင်းအတိုင်းဆို ဘယ်မြို့လေးက ကောင်းမလဲ""ဒဘ်ဗျုမြို့ရော"တရက်ဇ်က မြေပုံကို ကြည့်ကာ ပြောလိုက်သည်။"ဒါမှမဟုတ် ဝါတာလူးဆိုရင်ရော။ ဝါတာလူးမြို့က အတော်အသင့် ကြီးတာပဲ။ ဒါပေမယ့် မိုင် ၂၀၀လောက်တော့ ဝေးတယ်နော်""အဲပဲ သွားတာပေါ့"ယူလစစ်ဇက်ဂရန့်အိမ်တော်ကို ခရေပွင့်ပြထားသည့် မြေပုံအပိုင်းတွင် ဖရီးပေါ့တ်နှင့် ဂလီနာဆီမြို့လေးဆီသို့ အဝေးပြေးလမ်းမ၂၀အတိုင်း မောင်းလာကြ၏။"အက်ဘီ ဘာပြောထားသေးလဲ""အများကြီး မပြောပါဘူး။ ဒီတိုင်း အရမ်းကောင်းတဲ့စာလေးပါပဲ"ကယ်ရောက စာအကြောင်းကို ကားပေါ်တွင် နည်းနည်း၊ ခဏအကြာတွင် ကော်ဖီသောက်ဖို့ ရပ်နားလိုက်သည့် ကော်ဖီဆိုင်တွင် နည်းနည်း ပြောပြ၏။ ထို့နောက် ကယ်ရောက ပိုက်ဆံအကြွေထည့်ပြီး လိုရာဓာတ်ပြားဖွင့်နိုင်သော ဂီတစက်ရှေ့သို့ နေရာပြောင်းကာ ရပ်လိုက်ပြီး၊ ငါးဆင့်တန်ဖိုးရှိ ပိုက်ဆံပြားများကို ဖြည်းဖြည်းချင်း ထည့်နေ၏။"အက်ဘီကို ရှင် လိုက်လာစေချင်တယ်မလား""မဟုတ်ပါဘူး""ရှင် သူ့ဆီက စာရပြီးကတည်းက တော်တော်လေး ထူးခြားနေတယ်"ကယ်ရောက စားပွဲကို ဖြတ်ပြီး သူ့ကို ကြည့်လိုက်၏။"ဒါလင် ... အဲဒါ ရူးမိုက်တဲ့စာလေးတစ်စောင်ပါကွယ်။ မင်း ဖတ်ချင်ရင် ယူဖတ်ကြည့်ချေ"ကယ်ရောက သူ့လက်ဆွဲအိတ်ကို လှမ်းပေး၏။ သို့သော် သူ စာကို ထုတ်မကြည့်လိုက်ပါ။xxxxxညနေခင်းတစ်ချိန်တွင် တရက်ဇ်တစ်ယောက် ကားထဲတွင် အိပ်ပျော်သွား၏။ မြို့၏မီးအရောင်က သူ့မျက်နှာပေါ်ကို ထိုးကျလာမှ နိုးလာသည်။ ကယ်ရော၏လက်နှစ်ဖက်လုံးဟာလည်း စတီယာရင်ပေါ်တွင် ပင်ပန်းနွမ်းလျလျက် တင်ထား၏။ မီးပွိုင့်မီးနီကြောင့် သူတို့ ကားကို ရပ်ထားရတာ ဖြစ်သည်။"ဒီညတော့ ဒီမှာပဲ နေကြတာပေါ့"ကယ်ရောက ပြော၏။ဟိုတယ်၏ဧည့်စောင့်ခန်းသို့ လမ်းလျှောက်လာနေစဉ်တွင် တရက်ဇ်၏ ငိုက်မျဉ်းနေမှုက သူနှင့်အတူ ကပ်ပါလာ၏။ ဓာတ်လှေကားစီးလာပြီး၊ အိပ်မက်ထဲတွင် ကယ်ရောဟာ တစ်ခုတည်းသော ရုပ်ဝတ္ထုဖြစ်နေသည့် အိပ်မက်ကို မက်နေသလို သူ့ဘေးတွင် ကယ်ရောရှိနေတာကိုတော့ အတော်လေး သတိရှိနေမိသည်။အခန်းထဲသို့ ရောက်လျှင် သူ့လက်ဆွဲအိတ်ကို ကြမ်းပြင်ပေါ်မှ ကုလားထိုင်တစ်လုံးပေါ်သို့ တင်လိုက်ပြီး ဖွင့်လိုက်ကာ ဒီတိုင်း ထားလိုက်သည်။ စာရေးစားပွဲနားတွင် ရပ်လိုက်ပြီး၊ ကယ်ရောကို ကြည့်နေမိသည်။လွန်ခဲ့သည့်နာရီတွေ၊ ရက်တွေမှ သူ့စိတ်ခံစားချက်များက ခဏရပ်နားထားသလို အခုတော့ စိတ်ခံစားချက်များက သူ့ကို စီးမျောပစ်နေသည်။ ကယ်ရောက သူ့လက်ဆွဲအိတ်ကို ဖွင့်ပြီး၊ သူ အမြဲတမ်း ပထမဆုံး ထုတ်ဖြစ်သည့် သန့်စင်ခန်းသုံးပစ္စည်းများ ပါသော သားရေအိတ်လေးကို ထုတ်ကာ အိပ်ရာပေါ်သို့ တင်လိုက်၏။ ကယ်ရော၏ လက်များ၊ ဦးခေါင်းကို ပတ်ကာ စည်းထားသော လည်စည်းပေါ်သို့ ကျနေသော ဆံပင်စုနှင့် လွန်ခဲ့သည့်ရက်များက ရှူးဖိနပ်ပြားကြောင့် ခြေချောင်းပေါ်တွင် ခြစ်မိထားသော ခြစ်ရာကို တရက်ဇ် ကြည့်နေမိ၏။"အဲမှာ ဘာရပ်လုပ်နေတာလဲ"ကယ်ရောက ပြောလာ၏။"အိပ်တော့လေ ... အိပ်ချင်မူးတူးလေးရဲ့""ကယ်ရော ... ကျွန်မ ရှင့်ကို ချစ်တယ်"ကယ်ရောက ဆန့်ရပ်လိုက်သည်။ တရက်ဇ်က သူ့ကို လေးလေးနက်နက်နှင့် ငိုက်မျဉ်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ ထို့နောက် ကယ်ရောက လက်ဆွဲအိတ်မှ ညအိပ်ဝတ်စုံကို ထုတ်ယူပြီးလျှင် အဖုံးကို ချလိုက်သည်။သူ တရက်ဇ်ဆီကို လျှောက်လာပြီး၊ တရက်ဇ်၏ ပခုံးများပေါ်သို့ သူ့လက်များကို တင်လိုက်သည်။ သူ့ဆီမှ ကတိတစ်ခုကို အတင်းတောင်းဆိုနေသလို ဒါမှမဟုတ် သူပြောနေတာက အမှန်ပဲလားဟု စစ်ဆေးနေသလို သူ့ပခုံးများကို ဖျစ်ညှစ်လိုက်သေးသည်။ ထို့နောက် အရင်က အကြိမ်ထောင်ပေါင်းများစွာ နမ်းဖူးခဲ့သည့်အတိုင်းပင် ကယ်ရောက တရက်ဇ်နှုတ်ခမ်းများပေါ်တွင် အနမ်းခြွေလိုက်၏။"တို့ မင်းကို ချစ်တာကိုရော မင်းမသိဘူးလား"ကယ်ရောက ရေချိုးခန်းထဲတွင် ညအိပ်ဝတ်စုံကို လဲဝတ်လိုက်ပြီး၊ ခဏအကြာမျှ ရပ်နေကာ ဘေစင်ကို ငုံ့ကြည့်နေ၏။"တို့ အပြင်ထွက်လိုက်ဦးမယ်"ကယ်ရောက ပြော၏။"အခုချက်ချင်း ပြန်လာမယ်နော်"ကယ်ရော ထွက်သွားပြီး၊ အချိန်များမှာ အကန့်အသတ်မရှိ လည်ပတ်နေသလို၊ ဒါမှမဟုတ် လုံးဝ လည်ပတ်နေတာ မဟုတ်တော့သလိုပင်။ ကယ်ရော ပြန်မဝင်လာမချင်း တရက်ဇ်က စားပွဲနားတွင် စောင့်နေ၏။ ကယ်ရောက ပြန်လာပြီး၊ စက္ကူအိတ်တစ်အိတ်ကို စားပွဲပေါ်တွင် တင်လိုက်သည်။ သူ နို့ဘူးတစ်ဘူး သွားယူတာဟု တရက်ဇ် သိနေမိသည်။ ကယ်ရော သို့မဟုတ် သူကိုယ်တိုင်ပင် ညတိုင်း မကြာခဏ ဒါမျိုး လုပ်နေကျ ဖြစ်သည်။ကျွန်မ ရှင်နဲ့ တူတူ အိပ်လို့ရမလား"တရက်ဇ်က မေးလိုက်၏။"မင်း အိပ်ရာကို မြင်တယ်မလား"အိပ်ရာမှာ နှစ်ယောက်အိပ်ကုတင်အိပ်ရာ ဖြစ်သည်။ ညအိပ်ဝတ်စုံများဖြင့် နေကာ နို့ကို သောက်ပြီး၊ ကမ္ဗလာသီးတစ်လုံးကို မျှစားနေကြ၏။ ကယ်ရောကတော့ အလွန်အိပ်ငိုက်နေ၍ ပြီးအောင် မစားတော့ပေ။ထို့နောက် တရက်ဇ်က နို့ဘူးကို ကြမ်းပြင်ပေါ်တွင် ထားလိုက်ကာ သူအိပ်ပျော်သွားသည့်အခါတိုင်း ဝမ်းဗိုက်ပေါ်မှာ လက်တစ်ဖက်ကို တင်ထားတတ်သော အရင်အိပ်ပျော်သွားနှင့်ပြီဖြစ်သည့် ကယ်ရောကို ကြည့်နေ၏။ တရက်ဇ် မီးမှိတ်လိုက်သည်။ ထို့နောက် ကယ်ရော၏ လက်မှာ သူ့လည်ပင်းအောက်သို့ လျှိုဝင်လာပြီး၊ တစ်စုံတစ်ခုက ဒါကို ကြိုတင်စီစဉ်ထားသလိုပင် ကွက်တိကျနေသလို သူတို့ကိုယ်ခန္ဓာအချင်းချင်း ထိတွေ့ခံစားနေမိ၏။ပျော်ရွှင်မှုဟာ သူ့ကို ရစ်ပတ်ထားသော စိမ်းလန်းလှသည့် စပျစ်ပင်နှင့် တူပြီး၊ နူးညံ့သော နွယ်ပင်နွယ်ခက်များက ဆန့်ထွက်လာကာ သူ့ကိုယ်ခန္ဓာမှ ပန်းများ ဖူးပွင့်လာသလိုပင် ခံစားနေရသည်။ အမှောင်ထဲတွင် ဒါမှမဟုတ် ရေထဲတွင် မြင်တွေ့ရသလို ဝင်းလဲ့လဲ့ တောက်ပနေသည့် အဖြူဖျော့ဖျော့ပန်းတစ်ပွင့်ကို သူ မြင်နေရ၏။ ဒါနဲ့များ လူတွေက ဘာလို့ ကောင်းကင်ဘုံအကြောင်း ပြောကြတာပါလိမ့်ဟုပင် စဉ်းစားနေမိသည်။"အိပ်တော့လေ"ကယ်ရောက ပြော၏။တရက်ဇ်က သူ အိပ်မပျော်သွားဖို့ မျှော်လင့်မိသည်။ သို့သော် ကယ်ရောလက်က သူ့ပခုံးပေါ်မှာ ရွေ့လျားနေတာကို သူ ခံစားမိတော့မှ သူအိပ်ပျော်သွားမှန်း သိလိုက်ရ၏။ မိုးသောက်ဝေလီဝေလင်း အချိန် ဖြစ်သည်။ ကယ်ရော၏လက်ချောင်းများမှာ သူ့ဆံပင်များကို ဆုပ်ကိုင်ထားပြီး၊ တရက်ဇ်နှုတ်ခမ်းများကို နမ်းနေ၏။ မနေ့ညက သူ့လည်ပင်းအောက်သို့ ကယ်ရောလက် လျှိုဝင်လာစဉ်က တဒင်္ဂအချိန်လေးမှာ ဆက်ဖြစ်နေသလို ပျော်ရွှင်မှုများက ရုတ်တရက် ထိုးတက်သွားပြန်သည်။'ကျွန်မ ရှင့်ကို ချစ်တယ်'ဟု တရက်ဇ် ထပ်ပြောလိုက်ချင်သည်။ သို့သော် ကယ်ရော၏ နှုတ်ခမ်းများက သူ့လည်ပင်း၊ သူ့ပခုံး တဖြည်းဖြည်း ကိုယ်ပေါ်သို့ ဆင်းလာသည့်အခါ တကြွကြွတရွရွ ဖြစ်လာသည့် ပျော်ရွှင်မှုလှိုင်းများက စကားလုံးများကို ဖျက်သိမ်းလိုက်၏။ သူ့လက်များကလည်း ကယ်ရောကို သိုင်းဖက်ထားနေမိသည်။ တခြားအရာအားလုံးကလွဲပြီး ကယ်ရောအပေါ်မှာသာ သတိရှိနေမိသည်။ သူ့ နံရိုးများတစ်လျှောက် လျှောဆင်းနေသည့် ကယ်ရော၏ လက်များ၊ ကိုယ်ဗလာနှင့် ရင်သားများပေါ်တွင် ပွတ်သပ်နေသည့် ကယ်ရော၏ ဆံပင်များကိုသာ အာရုံရှိနေမိသည်။ သူ့ကိုယ်ခန္ဓာမှာ အတွေးများက နောက်ကနေ လိုက်လာမည့်နေရာအလွန် တဖြည်းဖြည်း ကျယ်ကျယ်လာသည့် စက်ဝန်းများထဲတွင် ပျောက်ကွယ်သွားတော့မလို ခံစားနေရ၏။ထောင်ပေါင်းများစွာသော အမှတ်တရများနှင့် အချိန်ကာလများ၊ စကားလုံးများ၊ ပထမဆုံးခေါ်လာသည့် ဒါလင်၊ ကယ်ရောက သူ့ကို ကုန်တိုက်တွင် လာတွေ့သည့် ဒုတိယအကြိမ်၊ ကယ်ရောမျက်နှာနှင့် အမှတ်တရများ၊ သူ့အသံ၊ စိတ်ဆိုးသွားသည့် တစ်ခဏ၊ ကြယ်တံခွန်အဖျားတစ်ခုလို တဒင်္ဂလေး ကြားတတ်ရသည့် ရယ်မောသံတို့မှာ သူ့မှတ်ဉာဏ်တွင် ပြန်ပေါ်လာသည်။အခုတော့ ရှည်လျားသည့်မြားတစ်စင်းကဲ့သို့ သူ ပျံသန်းနေမိသည့် အပြာဖျော့ဖျော့နှင့် ကျယ်ဝန်းလှသော ဟင်းလင်းပြင်ထဲမှာလို ဖြစ်နေသည်။ မြားက ဖြတ်သန်းဖို့ မဖြစ်နိုင်လောက်သော နက်ရှိုင်းကျယ်ပြောလွန်းသည့် ချောက်ကိုပင် အလွယ်ကလေး ဖြတ်ပြေးသွားဟန်ရှိသည်။ ဟင်းလင်းပြင်ထဲတွင် ဝေ့ကာဝိုက်ကာ စီးပြေးနေသလိုပင် ရပ်တန့်ဖို့ မဖြစ်နိုင်တော့ချေ။ထို့နောက် သူ ကယ်ရောကို တွယ်ဖက်ထားနေမိပြီး၊ တော်တော်ဆိုးဆိုး တုန်ယင်နေမိမှန်း သတိထားမိသည်။ မြားမှာ သူကိုယ်တိုင်ပင် ဖြစ်တော့သည်။ သူ့မျက်လုံးရှေ့ ကျနေသည့် ကယ်ရော၏ အရောင်ဖျော့ဖျော့ ဆံပင်များကို သူ မြင်နေရသည်။ ကယ်ရော၏ဦးခေါင်းမှာ သူနှင့် နီးနီးကပ်ကပ်တွင် ရှိနေ၏။ အဆင်ပြေရဲ့လားဟု သူ မမေးရတော့သလို ဘယ်သူမှလည်း ပြောစရာမလိုပါ။ ဒီထက် ပိုပြီး အဆင်ပြေ မပြည့်စုံနိုင်တော့ပေ။ သူ ကယ်ရောကို ပိုပြီး တင်းတင်းကျပ်ကျပ် သိုင်းဖက်ထားလိုက်ပြီး၊ ကယ်ရော၏နှုတ်ခမ်းများကို သူ့ပြုံးနေသောနှုတ်ခမ်းများပေါ်တွင် ခံစားနေရ၏။ တရက်ဇ်လည်း သူနှင့် လက်မခန့်မျှသာ ဝေးကွာနေသည့် ကယ်ရော၏မျက်နှာကို ကြည့်နေရင်း လှဲနေတော့သည်။သူတစ်ခါမှမမြင်ဖူးသော တည်ငြိမ်လွန်းသည့် ကယ်ရော၏ မီးခိုရောင်မျက်ဝန်းအကြည့်များက သူ့မျက်ဝန်းနားမှ နေရာတချို့ကို ထိန်းထားနေသလို ခံစားရ၏။ ဒါမှာ တရက်ဇ် ယခင်က အကြိမ်ပေါင်းများစွာ မြင်ဖူးနေသော မှဲ့ခြောက်များ၊ ညွတ်ကိုင်းနေသော ရွှေရောင်မျက်ခုံးနှင့် သူ့မျက်လုံးများလိုပင် တည်ကြည်သည့် နှုတ်ခမ်းနှင့် ကယ်ရော ဖြစ်နေမှန်း အသိဝင်လာပြန်တော့လည်း ခံစားချက်မှာ ထူးခြားပြန်သည်။"နတ်သက်ကြွေလာတဲ့ ... တို့နတ်သမီးလေး"ကယ်ရောက ပြောလာ၏။တရက်ဇ်က အခန်းထောင့်များကို ကြည့်လိုက်သည်။ အခုတော့ ပို၍ တောက်တောက်ပပရှိနေ၏။ အရှေ့ဘက်သို့ ထွက်နေသည့် စာရေးဗီရိုစားပွဲ၊ ဒိုင်းကာသဏ္ဌာန် အံဆွဲလက်ကိုင်များ၊ ဘောင်မရှိဘဲ ရွေထားသော အနားစောင်းများနှင့် ကြည့်မှန်၊ ပြတင်းပေါက်များတွင် ကာချထားသော ပုံစံဖော်ထားသည့် အစိမ်းရောင်ခန်းစီးလိုက်ကာများနှင့် ပြတင်းပေါက် အောက်ခံဘောင်အထက်နားမှာပင် မြင်နေရသည့် မီးခိုးရောင် တိုက်နှစ်တိုက်၏ အဖျားအစွန်းတို့ကို သူ ကြည့်နေမိသည်။ ဒီအခန်း၏ အသေးအဖွဲကအစ အပြည့်အစုံကို သူ ထာဝရ မှတ်မိနေတော့မှာ ဖြစ်သည်။"ဒီတစ်ခါ ဘယ်မြို့လဲ"တရက်ဇ် မေးလိုက်၏။ကယ်ရောက ရယ်မောလိုက်သည်။"ဒီနေရာလေ။ ဝါတာလူးပေါ့"သူ စီးကရက်တစ်လိပ်ကို လှမ်းယူလိုက်၏။"စိတ်ပျက်စရာ မကောင်းဘူးမလား"ပြုံးလျက်ပင် တရက်ဇ်က တံတောင်ကို ထောက်ကာ ထလိုက်၏။ ကယ်ရောက သူ့နှုတ်ခမ်းများကြားတွင် စီးကရက်ကို တပ်လိုက်သည်။"ပြည်နယ်တိုင်းမှာ ဝါတာလူးစုံတွဲတွေ ရှိကြတာပေါ့"တရက်ဇ်က ပြောလိုက်သည်။


**********

Carol (မြန်မာပြန်)Where stories live. Discover now