Chapter 19.1 (Unicode)

72 5 0
                                    

အခန်း ၁၉

သူ့ကားက ဘယ်လိုအမျိုးအစားလဲဆိုတာတော့ တရက်ဇ် မသိနိုင်ပေ။ ကားများက သီးခြားကားရုံတွေမှာ ကိုယ်စီ ရပ်ထားပြီး၊ အားလုံးက လော့ခ်ခတ်ထားကြသည်။ ဧည့်ခန်းမှန်မှ ကားဂိုဒေါင်ကို လှမ်းမြင်နေရသော်လည်း ထိုမနက်မှာတော့ အဲလူ ကားထဲမှ ထွက်လာတာကို မမြင်မိပေ။ နေ့လယ်စာစားချိန်မှာလည်း ထိုလူကို သူတို့ မမြင်မိတော့ပေ။

မစ္စစ်ဖရန့်ချ်က သူတို့ ပြန်တော့မည် သတင်းကြားသောအခါ နှုတ်ဆက်ချင်၍ သူ့အခန်းထဲ လာဖို့ အတင်းတောင်းဆိုလာသည်။

"ပြန်တော့မယ်ဆိုတော့ ဝိုင်လေးဘာလေး သောက်သွားဦးပေါ့"

မစ္စစ်ဖရန့်ချ်က ကယ်ရောကို ပြော၏။

"သမီးလိပ်စာလေး ဘာလေးလည်း ပေးခဲ့ဦးလေ"

သူတို့တွေ ပန်းမျိုးချင်း လဲလှယ်ကြဖို့ ပြောခဲ့ကြတာကို တရက်ဇ် မှတ်မိသည်။ ပန်းမျိုးစေ့တွေက သူတို့ခင်မင်မှုကို ခိုင်မာစေသည်ဟု တစ်နေ့က ကားထဲမှာ စကားတွေ အများကြီး ပြောရင်း ပြောခဲ့တာကို သူ မှတ်မိနေသည်။ ကယ်ရောက နောက်ဆုံးအထိ မယုံနိုင်လောက်အောင် စိတ်ရှည်ရှည် နားထောင်ပေး၏။ သူတို့ ထသွားဖို့ အလျင်လိုပေမယ့် မစ္စစ်ဖရန့်ချ်က ဝိုင် ထပ်ထပ်ဖြည့်ပေးနေသော ဖန်ခွက်လေးကို ကိုင်ထားရင်း မစ္စစ်ဖရန့်ချ်၏ဆိုဖာမှာ ထိုင်နေသည့် ကယ်ရောကို ကြည့်နေတာကို ဘယ်သူမှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။ နှုတ်ဆက်စကား ဆိုပြီးသည့်အခါမှာတော့ မစ္စစ်ဖရန့်ချ်က သူတို့နှစ်ယောက်လုံး၏ပါးပြင်ကို နမ်းကာ နှုတ်ဆက်၏။

xxxxx

ဒန်ဗာမှ ဝှိုင်ယမ်မင်သို့ ဦးတည်သည့် မြောက်ဘက်စူးစူး အဝေးပြေးလမ်းမပေါ်တွင် မောင်းနှင်လာခဲ့ကြ၏။ သူတို့ အမြဲတမ်း သဘောကျမိသည့် ကောင်တာတစ်လုံးနှင့် ပိုက်ဆံစေ့ထည့်၍ မိမိလိုရာ ဓာတ်ပြား ဖွင့်နိုင်သည့် ဂီတစက်လေး ရှိသော ရိုးရိုးဆိုင်လေးမှာပဲ ကော်ဖီသောက်ဖို့ ရပ်နားခဲ့ကြသည်။ သူတို့တွေ ဂီတစက်လေးထဲ ပိုက်ဆံ၅ဆင့်ထည့်ကာ သီချင်းနားဆင်ဖြစ်သေးသည်။ ခံစားချက်ကတော့ အရင်ကနှင့်မတူ။ ကယ်ရောကတော့ ဝါရှင်တန်ကိုဖြစ်ဖြစ်၊ ဖြစ်နိုင်လျှင် ကနေဒါဘက်ဖြစ်ဖြစ် သွားမည် ပြောသော်လည်း ကျန်သည့်ခရီးစဥ်မှာ ဒီလို ခံစားချက်ချင်း တူမှာ မဟုတ်မှန်း တရက်ဇ် သိသည်။ နောက်ဆုံး ကယ်ရော သွားဖို့ ဆုံးဖြတ်ချက်ချမည့်နေရာကလည်း နယူးယောက် ဖြစ်မှာမှန်း တရက်ဇ် ခံစားနေမိ၏။

Carol (မြန်မာပြန်)Where stories live. Discover now