Chapter 15 (Unicode)

135 8 1
                                    

အခန်း ၁၅

အအေးဒဏ်ကို ညည်းညူရင်း ကယ်ရောတစ်ယောက် အခန်းထောင့်မှ ရေချိုးခန်းထဲသို့ ခြေဗလာဖြင့် ခြေလှမ်းစိပ်စိပ် လျှောက်သွားနေ၏။ သူ့ခြေသည်းများမှာ အနီရောင်ဆိုးထားပြီး၊ သူ့ညအိပ်ဝတ်စုံမှာ သူ့အတွက် အတော်ကြီးလွန်းနေသည်။

"ပြတင်းပေါက်ကို အကြာကြီး ဖွင့်ထားတာ ရှင့်အမှားပဲ"

တရက်ဇ်က ပြောလိုက်သည်။

ကယ်ရောက လိုက်ကာကို ဆွဲလိုက်ပြီး၊ ရေပန်းမှ ရေများ အပြေးအလွှား ကျလာသံကို တရက်ဇ် ကြားလိုက်ရသည်။

"အား ... နွေးနေတာပဲ"

ကယ်ရောက ပြောလာသည်။

"မနေ့ညထက် ပိုနေလို့ကောင်းတယ်"

ခရီးသွားများအတွက် ဇိမ်ခံအခန်းငယ်မှာ ဖြစ်သည်။ ကော်ဇောထူ ခင်းထားကာ နံရံကို သစ်သားဖြင့် မွမ်းမံထားပြီး မှန်ကြည်ဖြင့် ဆင်ထားသည့် ဖိနပ်စင်မှအစ တီဗီအဆုံး အားလုံး ရှိသည်။

တရက်ဇ်မှာ ဝတ်ရုံသာ ဝတ်ဆင်ထားပြီး အိပ်ရာပေါ်တွင် ထိုင်နေရင်း မြေပုံကို သူ့လက်ဖြင့် တိုင်းထွာနေ၏။ သူတို့အတွက် ဟုတ်ချင်မှ ဟုတ်ပေမယ့် အင်္ဂလိပ်အတိုင်းအထွာအရ ကိုးလက်မတစ်ထွာနှင့် တစ်ဝက်မှာ တစ်နေ့တာ မောင်းနှင်မှုနှင့် ညီမျှသည်။

"ဒီနေ့ ကျွန်မတို့ အိုဟိုင်းယိုးတစ်လျှောက် လမ်းအားလုံးကို ဖြတ်နိုင်တယ်နော်"

"အိုဟိုင်းယိုးဆိုတာ ... မြစ်တွေ၊ ရော်ဘာနဲ့ မီးရထားလမ်းတွေအတွက်တော့ ထင်ရှားတာပေါ့လေ။ တို့ရဲ့ဘယ်ဘက်ခြမ်းမှာတော့ ဟျူရွန်လူမျိုးစု ၂၈ယောက်က ငတုံးတစ်ရာလောက်ကို ရှင်းပစ်လိုက်တဲ့ နာမည်ကျော် ချီလီကော့သီတံတားပေါ့"

တရက်ဇ်က ရယ်မောလိုက်သည်။

"လူးဝစ်နဲ့ ကလာ့ခ် တဲထိုးစခန်းချနေခဲ့တဲ့ နေရာဆိုလည်း ဟုတ်တာပေါ့"

ကယ်ရောက ပေါင်းထည့်ပြောလိုက်သည်။

"ဒီနေ့တော့ ဘောင်းဘီရှည်ဝတ်မလားလို့။ ခရီးဆောင်အိတ်ထဲ ပါလာလားလို့ မင်း ကြည့်ပေးချင်လား။ မရှိရင်တော့ ကားထဲမှာပဲ တို့ သွားယူလိုက်တော့မယ်။ အပါးမဟုတ်ဘူးနော်။ အပြာရင့်ရောင် အထူသားနဲ့"

Carol (မြန်မာပြန်)Where stories live. Discover now