Chapter 20.1 (Unicode)

62 6 0
                                    

အခန်း ၂၀

ဆူးဖောစ်မြို့သို့ ပြန်ရောက်လာတော့ တရက်ဇ်က သူတို့ အရင်က တည်းခဲ့သည့် ဝေါ်ရီယာဟိုတယ်ရှေ့မှာပင် ကားကို ရပ်နားလိုက်သည်။ အချိန်မှာ ည ၉နာရီခွဲ ဖြစ်၏။ ကယ်ရောက လွန်ခဲ့သည့် တစ်နာရီလောက်ကပင် အိမ်ကို ပြန်ရောက်နေလောက်ပြီဟု တရက်ဇ် တွေးလိုက်သည်။ သူ ကယ်ရောကို ညနက်မှပဲ ဖုန်းခေါ်တော့မည်။

အခန်းတစ်ခန်းကို ယူလိုက်ပြီး၊ အထုပ်အပိုးများကို ထားကာ မိန်းလမ်းမကြီးပေါ်သို့ လမ်းလျှောက်ထွက်လာ၏။ ရုပ်ရှင်ပြဇာတ်ရုံတစ်ရုံကို တွေ့လိုက်တော့ ကယ်ရောနှင့်အတူ ရုပ်ရှင်မကြည့်ဖူးသေးမှန်း သူ တွေးမိသွားသည်။ သူ အထဲကို ဝင်သွားလိုက်၏။ ကယ်ရော၏အသံနှင့် အနည်းငယ်တူပြီး၊ သူ့နားမှာနေကာ သတိထား နားထောင်ကြည့်လျှင် နှာသံတွေတော့ မတူသည့် အမျိုးသမီးတစ်ယောက်က ပုံတွေကို လိုက်ပြသော်လည်း သူ လိုက်ကြည့်နေဖို့ စိတ်မပါပေ။ အခုဆိုလျှင် မိုင်ထောင်ပေါင်းများစွာ အဝေးရောက်နေသည့် ကယ်ရောကိုသာ သူ သတိရနေမိသည်။ တစ်ယောက်တည်း အိပ်စက်ရမှာတွေ၊ နိုးလာပြန်တော့လည်း လမ်းတွေပေါ်မှာ ဟိုယောင်ယောင် ဒီယောင်ယောင် လှည့်လည်သွားလာနေရမှာတွေကို သူ တွေးနေမိ၏။ ထိုနေရာမှာ တစ်မနက်ခင်းတုန်းက ကယ်ရော စက္ကူတစ်ရှူးနှင့် သွားတိုက်ဆေး ဝင်ဝယ်ခဲ့သည့် ဆေးဆိုင်လည်း ရှိသည်။ ကယ်ရော အပေါ်ကို မော့ကာ အမှတ်၅လမ်းနှင့် နက်ဘရာစကာလမ်းနာမည်တွေကို ဖတ်ကြည့်ခဲ့သည့် လမ်းထောင့်လေးကိုလည်း သူ တွေ့နေရ၏။

တရက်ဇ်က ထိုဆေးဆိုင်လေးမှာပင် စီးကရက်တစ်ဘူး ဝယ်ကာ ဟိုတယ်ဆီသို့ ပြန်လျှောက်လာခဲ့သည်။ ဧည့်ခန်းမမှာ သူ စီးကရက် ထိုင်သောက်နေ၏။ ကယ်ရော ထွက်သွားပြီးနောက်ပိုင်း ပထမဆုံး သောက်ဖြစ်သည့် စီးကရက်ကို တစိမ့်စိမ့် အရသာခံကြည့်သည်။ အထီးကျန်နေခြင်း၏ မေ့မေ့လျော့လျော့အခြေအနေကို မြည်းစမ်းကြည့်နေသည်။ တကယ်တမ်းတွင် သူ တစ်ယောက်တည်း အထီးကျန်နေသလိုတော့ မခံစားရပေ။ တစ်ခဏမျှ သူ သတင်းစာ ယူဖတ်လိုက်သေးသည်။ ထို့နောက် ကော်လိုရာဒိုစပရင်းစ်မှာ လွန်ခဲ့သည့်ရက်များကတည်းက ရောက်နေသော ဒန်နီနှင့် ဖီလ်တို့ဆီမှ စာကို လက်ဆွဲအိတ်မှ ထုတ်ကာ ဖတ်ကြည့်လိုက်သည်။

Carol (မြန်မာပြန်)Where stories live. Discover now