Chapter 4 (Unicode)

142 8 0
                                    

အခန်း ၄

"ဟယ်လို"

အမျိုးသမီးက ပြုံးပြီး နှုတ်ဆက်လိုက်သည်။

"ဟယ်လို"

"ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူးရှင်"

အနည်းဆုံးတော့ အမျိုးသမီးက သူ့ကို သတိထားနေသည်ဟု တရက်ဇ် တွေးလိုက်သည်။

"မင်း သွားချင်တဲ့ စားသောက်ဆိုင်ရှိရင်လည်း ပြောနော်"

လူသွားလမ်းပေါ်တွင် အတူလျှောက်လာရင်း အမျိုးသမီးက မေးလာ၏။

"မရှိပါဘူးရှင်။ ဒါပေမယ့် တိတ်ဆိတ်တဲ့ဆိုင်ဆိုရင်တော့ ပိုအဆင်ပြေမယ်လို့ ထင်တယ်။ ဒီနားဝန်းကျင်မှာတော့ မရှိလောက်ဘူး"

"အရှေ့ပိုင်းကို သွားဖို့လောက်အထိကျ မင်းမှာအချိန်မရှိဘူးထင်တယ်။ မင်းက တစ်နာရီပဲ အားတာဆိုတော့ အချိန်မရလောက်ဘူး။ ဒီလမ်းရဲ့ နှစ်ဘလောက် ကျော်ကျော်မှာတော့ တို့သိတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီကိုသွားဖို့တော့ အချိန်ရတယ်မလား"

"ဟုတ်ကဲ့"

ယခုပင်လျှင် ၁၂နာရီ၁၅မိနစ် ရှိနေပြီဖြစ်၍ သေချာပေါက် နောက်ကျလိမ့်မည်ဟု တရက်ဇ် သိနေသည်။ သို့သော် ဂရုမစိုက်တော့ပေ။

လမ်းတစ်လျှောက်တွင် စကားပြောရသည်မှာ အဆင်မပြေပါ။ လူအုပ်များက တိုးဝှေ့သွားတတ်တာကြောင့် ခဏခဏ သူတို့နှစ်ဦး လူချင်း ကွဲကွဲသွားတတ်၏။ အဝတ်ရောင်းသည့် လှည်းတစ်စီးက သူတို့နှစ်ယောက်ကြားမှ ဖြတ်မောင်းသွားသည့်အခါတွင် အမျိုးသမီးက တရက်ဇ်ကို လှမ်းကြည့်လိုက်ပြီး ပြုံးနေသည်။

သူတို့ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လာခဲ့ကြသည်။ ဆိုင်ထဲတွင် အဖြူရောင်စားပွဲခင်းများနှင့် သစ်သားထိုင်ခုံစားပွဲများရှိပြီး၊ လူလည်း အခန်းတစ်ဝက်မျှသာ ရှိနေကာ တိတ်ဆိတ်လွန်းလှ၏။ သစ်သားစားပွဲဝိုင်းကြီးတစ်ခုတွင် နှစ်ဦးသား ဝင်ထိုင်လိုက်ကြသည်။

အမျိုးသမီးက သကြားမထည့်သည့် ရှယ်ရီတစ်ခွက်ကို မှာလိုက်ပြီး၊ တရက်ဇ်ကိုလည်း တစ်ခုခု မှာခိုင်းသည်။ တရက်ဇ်က တုံ့ဆိုင်းနေသည့်အခါ အမျိုးသမီးကပဲ သူ မှာထားသည့်အတိုင်း နှစ်ခုစီ ပေးရန်ပြောကာ စားပွဲထိုးကို လွှတ်လိုက်၏။

Carol (မြန်မာပြန်)Where stories live. Discover now