သူတို့တွေ မြင်မြင်ရာ လမ်းတွေအတိုင်း တောင်တွေပေါ် မောင်းနှင်လာခဲ့သည့် ရက်များလည်း ရှိသေးသည်။ သူတို့ နှစ်သက်မိသည့် မြို့လေးတစ်မြို့မှာ ခဏနေဖြစ်ခဲ့ကြ၏။ အဲဒီမှာပဲ ညအိပ်ဝတ်စုံမပါ၊ သွားတိုက်တံမပါ၊ အတိတ်တွေ အနာဂတ်တွေကို မပါဘဲ ညတာကို ကုန်ဆုံးဖြစ်ခဲ့ကြသည်။ နှလုံးသားထဲ ဒါမှမဟုတ် မှတ်ဉာဏ်တစ်နေရာမှာ စင်စစ် မျောလွင့်နေရသလို၊ ညကို တခြားကျွန်းတစ်ခုမှာ ကုန်ဆုံးခဲ့ရသလိုပင်။ ဒါဟာ ဘာမှမဟုတ်ပေမယ့် ပျော်ရွှင်မှုတစ်ခု၊ လူနည်းစုသာ သိနိုင်သော ရှားပါးလှသည့် ပကတိပျော်ရွှင်မှုဟု တရက်ဇ် တွေးလိုက်၏။ ပျော်ရွှင်မှုလေးတစ်ခုပဲဟု ဆိုလျှင်လည်း ဒါဟာ သာမန် သတ်မှတ်ချက်တစ်ခုကို ကျော်သွားသည့် တစ်စုံတစ်ခု ဖြစ်ရမည်။ သူ့လက်ထဲက ကော်ဖီခွက်၏ အလေးချိန်၊ ပန်းခြံအောက်မှာ ဖြတ်ပြေးသွားသည့် ကြောင်တစ်ကောင်၏ အလျင်၊ တိမ်နှစ်ခု အသာပြိုကျလာမှုတို့က သူ့ခံနိုင်ရည်ကို ကျော်လုနီးပါး ဖြစ်လာဟန်ရှိသော သာမန်ထက်ပိုသည့် ပမာဏတစ်ခု ဖြစ်သွားလိမ့်မည်။ လွန်ခဲ့သည့်တစ်လလောက်က ရုတ်တရက် ပျော်ရွှင်လာရမှုဖြစ်စဥ်ကို သူ သဘောမပေါက်ခဲ့သလို နောက်ဆက်တွဲအဖြစ် ထင်ရသည့် ယခု သူ့အခြေအနေကိုလည်း သူ နားမလည်မိပေ။
အဲဒါကို တွေးမိလျှင် တစ်ခါတလေ ပျော်ရွှင်မိတာထက် နာကျင်ရတာက ပိုသည်။ စိုးရိမ်ပူပန်မိလာပြီး၊ ထူးထူးခြားခြား အပြစ်ရှိနေမှာကို သူ ကြောက်နေမိ၏။ ကျိုးကြေနေသည့် ကျောရိုးနှင့် လမ်းလျှောက်နေရသလိုမျိုး တစ်ခါတရံ သူ တကယ် ကြောက်လာမိသည်။ ကယ်ရောကို သူ ပြောပြချင်ပေမယ့် သူ စမပြောခင်မှာပင် စကားလုံးများက ကြောက်ရွံ့နေမှု၊ သူကိုယ်တိုင်၏တုံ့ပြန်ချက်တွေကိုပင် အယုံအကြည်ကင်းမှု၊ သူ့တုံ့ပြန်ချက်တွေက တခြားဘယ်သူနှင့်မှ မတူမှာကို ကြောင့်ကြလာမှုတို့အောက်မှာ ပျောက်ကွယ်သွား၏။ ဒါကြောင့် ဒါတွေကို ကယ်ရောပင် နားလည်ပေးနိုင်မှာ မဟုတ်ပေ။
မနက်ခင်းတွေမှာဆို တောင်တွေဆီဘက် ကားမောင်းလာခဲ့ပြီး၊ သူတို့ တောင်တက်လမ်းလျှောက်နိုင်လောက်သည့် နေရာမျိုးမှာ ကားကို ထားခဲ့ကြသည်။ တောင်တစ်ခုမှ တောင်တစ်ခုသို့ ဆက်သွယ်ထားသော အဖြူရောင်မြေဖြူမျဥ်းများလို အကွေ့အကောက်များသည့် လမ်းများပေါ်မှာလည်း ဦးတည်ချက်မဲ့ မောင်းတတ်သေးသည်။ နေရာတစ်ခုမှ နေ၍ ကမ္ဘာမြေကြီးထက် ကောင်းကင်ဘုံနှင့် နီးသော ဟင်းလင်းပြင်မှာ မျောလွင့်နေသည့် တိမ်တိုက်တွေကို မြင်ရနိုင်သေးသည်။ တရက်ဇ် အနှစ်သက်မိဆုံး နေရာလေးမှာ လမ်းက ဧရာမချိုင့်အနားနှင့် ရုတ်တရက် နီးကပ်သွားသည့် ခရစ်ပယ်ခရိခ်တစ်လျှောက် အဝေးပြေးလမ်းမနေရာလေး ဖြစ်သည်။ အောက်ဘက်သို့ ပေရာနှင့်ချီ မညီမညာ လမ်းကျဥ်းလေးအတိုင်း ဆက်ဆင်းသွားလျှင် စွန့်ပစ်ခံထားရသော မိုင်းတွင်းမြို့ကလေး ရှိသည်။ ထိုနေရာလေး ရောက်သည့်အခါ အောက်က အချိုးအစား အယူအဆကို လက်ခံဖို့ မဖြစ်နိုင်သလို၊ လူအတိုင်းအတာနှင့် နှိုင်းယှဥ်ရန် မဖြစ်နိုင်တာကြောင့် မျက်လုံးနှင့် ဦးနှောက်က တစ်ယောက်ကို တစ်ယောက် လှည့်စားနေသလို ဖြစ်နေရလိမ့်မည်။ သူ့အရှေ့မှာပင် ချိတ်ထားသော သူ့လက်များကိုယ်တိုင်က ပိစိကွေးလေး ဒါမှမဟုတ် ထူးထူးခြားခြား ကြီးမားနေသလို ဖြစ်နေရ၏။ ထိုမြို့ကလေးက နေရာတစ်ခုလို၊ အတော်ကို ရိုးရှင်းလွန်းသည့် ဖြစ်ရပ်တစ်ခုလို၊ စိတ်မှာ တိုင်းတာမရနိုင်သည့် နယ်မြေသီးသန့်တစ်ခုလို နေရာကျယ်တစ်ခုက အစိတ်အပိုင်းသေးသေးလေးမျှသာ ကျယ်ပြန့်၏။ နေရာနယ်ဝန်းကို ကူးခတ်ကြည့်နေသည့် မျက်လုံးများက ထိုမြို့လေးမှ လူတွေ ဖန်တီးခဲ့သော မရေမရာပစ္စည်းတစ်ခု ဖြစ်သည့် ကားတစ်စီးပေါ်က မီးခြစ်ဆံဘူးနှင့်တူသော တစ်စုံတစ်ရာမှ အစက်အပြောက်ကို သေချာကြည့်နေမိသည်။
YOU ARE READING
Carol (မြန်မာပြန်)
RomanceMyanmar Translation of A Romance Novel - well known as Carol on the screen. (love between the two women in 1950s)