Chapter 18.2 (Zawgyi)

35 2 0
                                    

သူတို့တွေ မြင်မြင်ရာ လမ်းတွေအတိုင်း တောင်တွေပေါ် မောင်းနှင်လာခဲ့သည့် ရက်များလည်း ရှိသေးသည်။ သူတို့ နှစ်သက်မိသည့် မြို့လေးတစ်မြို့မှာ ခဏနေဖြစ်ခဲ့ကြ၏။ အဲဒီမှာပဲ ညအိပ်ဝတ်စုံမပါ၊ သွားတိုက်တံမပါ၊ အတိတ်တွေ အနာဂတ်တွေကို မပါဘဲ ညတာကို ကုန်ဆုံးဖြစ်ခဲ့ကြသည်။ နှလုံးသားထဲ ဒါမှမဟုတ် မှတ်ဉာဏ်တစ်နေရာမှာ စင်စစ် မျောလွင့်နေရသလို၊ ညကို တခြားကျွန်းတစ်ခုမှာ ကုန်ဆုံးခဲ့ရသလိုပင်။ ဒါဟာ ဘာမှမဟုတ်ပေမယ့် ပျော်ရွှင်မှုတစ်ခု၊ လူနည်းစုသာ သိနိုင်သော ရှားပါးလှသည့် ပကတိပျော်ရွှင်မှုဟု တရက်ဇ် တွေးလိုက်၏။ ပျော်ရွှင်မှုလေးတစ်ခုပဲဟု ဆိုလျှင်လည်း ဒါဟာ သာမန် သတ်မှတ်ချက်တစ်ခုကို ကျော်သွားသည့် တစ်စုံတစ်ခု ဖြစ်ရမည်။ သူ့လက်ထဲက ကော်ဖီခွက်၏ အလေးချိန်၊ ပန်းခြံအောက်မှာ ဖြတ်ပြေးသွားသည့် ကြောင်တစ်ကောင်၏ အလျင်၊ တိမ်နှစ်ခု အသာပြိုကျလာမှုတို့က သူ့ခံနိုင်ရည်ကို ကျော်လုနီးပါး ဖြစ်လာဟန်ရှိသော သာမန်ထက်ပိုသည့် ပမာဏတစ်ခု ဖြစ်သွားလိမ့်မည်။ လွန်ခဲ့သည့်တစ်လလောက်က ရုတ်တရက် ပျော်ရွှင်လာရမှုဖြစ်စဉ်ကို သူ သဘောမပေါက်ခဲ့သလို နောက်ဆက်တွဲအဖြစ် ထင်ရသည့် ယခု သူ့အခြေအနေကိုလည်း သူ နားမလည်မိပေ။အဲဒါကို တွေးမိလျှင် တစ်ခါတလေ ပျော်ရွှင်မိတာထက် နာကျင်ရတာက ပိုသည်။ စိုးရိမ်ပူပန်မိလာပြီး၊ ထူးထူးခြားခြား အပြစ်ရှိနေမှာကို သူ ကြောက်နေမိ၏။ ကျိုးကြေနေသည့် ကျောရိုးနှင့် လမ်းလျှောက်နေရသလိုမျိုး တစ်ခါတရံ သူ တကယ် ကြောက်လာမိသည်။ ကယ်ရောကို သူ ပြောပြချင်ပေမယ့် သူ စမပြောခင်မှာပင် စကားလုံးများက ကြောက်ရွံ့နေမှု၊ သူကိုယ်တိုင်၏တုံ့ပြန်ချက်တွေကိုပင် အယုံအကြည်ကင်းမှု၊ သူ့တုံ့ပြန်ချက်တွေက တခြားဘယ်သူနှင့်မှ မတူမှာကို ကြောင့်ကြလာမှုတို့အောက်မှာ ပျောက်ကွယ်သွား၏။ ဒါကြောင့် ဒါတွေကို ကယ်ရောပင် နားလည်ပေးနိုင်မှာ မဟုတ်ပေ။မနက်ခင်းတွေမှာဆို တောင်တွေဆီဘက် ကားမောင်းလာခဲ့ပြီး၊ သူတို့ တောင်တက်လမ်းလျှောက်နိုင်လောက်သည့် နေရာမျိုးမှာ ကားကို ထားခဲ့ကြသည်။ တောင်တစ်ခုမှ တောင်တစ်ခုသို့ ဆက်သွယ်ထားသော အဖြူရောင်မြေဖြူမျဉ်းများလို အကွေ့အကောက်များသည့် လမ်းများပေါ်မှာလည်း ဦးတည်ချက်မဲ့ မောင်းတတ်သေးသည်။ နေရာတစ်ခုမှ နေ၍ ကမ္ဘာမြေကြီးထက် ကောင်းကင်ဘုံနှင့် နီးသော ဟင်းလင်းပြင်မှာ မျောလွင့်နေသည့် တိမ်တိုက်တွေကို မြင်ရနိုင်သေးသည်။ တရက်ဇ် အနှစ်သက်မိဆုံး နေရာလေးမှာ လမ်းက ဧရာမချိုင့်အနားနှင့် ရုတ်တရက် နီးကပ်သွားသည့် ခရစ်ပယ်ခရိခ်တစ်လျှောက် အဝေးပြေးလမ်းမနေရာလေး ဖြစ်သည်။ အောက်ဘက်သို့ ပေရာနှင့်ချီ မညီမညာ လမ်းကျဉ်းလေးအတိုင်း ဆက်ဆင်းသွားလျှင် စွန့်ပစ်ခံထားရသော မိုင်းတွင်းမြို့ကလေး ရှိသည်။ ထိုနေရာလေး ရောက်သည့်အခါ အောက်က အချိုးအစား အယူအဆကို လက်ခံဖို့ မဖြစ်နိုင်သလို၊ လူအတိုင်းအတာနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်တာကြောင့် မျက်လုံးနှင့် ဦးနှောက်က တစ်ယောက်ကို တစ်ယောက် လှည့်စားနေသလို ဖြစ်နေရလိမ့်မည်။ သူ့အရှေ့မှာပင် ချိတ်ထားသော သူ့လက်များကိုယ်တိုင်က ပိစိကွေးလေး ဒါမှမဟုတ် ထူးထူးခြားခြား ကြီးမားနေသလို ဖြစ်နေရ၏။ ထိုမြို့ကလေးက နေရာတစ်ခုလို၊ အတော်ကို ရိုးရှင်းလွန်းသည့် ဖြစ်ရပ်တစ်ခုလို၊ စိတ်မှာ တိုင်းတာမရနိုင်သည့် နယ်မြေသီးသန့်တစ်ခုလို နေရာကျယ်တစ်ခုက အစိတ်အပိုင်းသေးသေးလေးမျှသာ ကျယ်ပြန့်၏။ နေရာနယ်ဝန်းကို ကူးခတ်ကြည့်နေသည့် မျက်လုံးများက ထိုမြို့လေးမှ လူတွေ ဖန်တီးခဲ့သော မရေမရာပစ္စည်းတစ်ခု ဖြစ်သည့် ကားတစ်စီးပေါ်က မီးခြစ်ဆံဘူးနှင့်တူသော တစ်စုံတစ်ရာမှ အစက်အပြောက်ကို သေချာကြည့်နေမိသည်။xxxxxပါးစပ်တစ်ဖက်မှာ အရေးအကြောင်းတွေ ထင်းနေသည့် လူကို တရက်ဇ် အမြဲ ရှာနေပေမယ့် ကယ်ရောကတော့ မရှာပေ။ ကယ်ရောက ကော်လိုရာဒိုစပရင်းစ်ကို ရောက်လာပြီး ဒုတိယရက်မှာကတည်းက သူ့အကြောင်း ထပ်မပြောတော့ချေ။ အခုတော့ ဆယ်ရက်မျှ ကြာပြီ ဖြစ်သည်။ ဘာလို့လဲဆိုလျှင် ဟိုတယ်စားသောက်ဆိုင်က ကျော်ကြားပြီး၊ လူသစ်များကလည်း ထိုစားသောက်ဆိုင်ခန်းထဲသို့ ညနေတိုင်း ရောက်လာကြသည်။ တရက်ဇ်က သူ့ကို တွေ့မည်ဟု မမျှော်မှန်းထားပေမယ့် အမြဲ လှည့်လည်ကြည့်ကာ သတိထားနေရ၏။ ကြိုတင်သတိထားနေမှုက အကျင့်တစ်ခု ဖြစ်လာသည်။ ထိုညနေခင်းမှာလည်း ကယ်ရောက သူတို့ကို ဘာကော့တေးသောက်ချင်သလဲဟု လာလာမေးတတ်သည့် သူတို့၏ စားပွဲထိုး ဝေါ့တာမှလွဲ၍ ဘယ်သူ့ကိုမှ အာရုံမထားပေ။ လူတွေကတော့ ကယ်ရောကို ကြည့်မျှော်ကြသည်။ ကယ်ရောက အခန်းထဲမှာ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီး ဖြစ်တာကြောင့်ကိုး။ တရက်ဇ်ကလည်း သူနှင့်အတူ ရှိနေရတာကို ကြည်နူးမိသလို၊ ဂုဏ်ယူနေမိ၏။ သူကလည်း ကယ်ရောကလွဲ၍ ဘယ်သူ့ကိုမှ မကြည့်ချေ။ ထို့နောက် သူ စားသောက်ဖွယ်စာရင်းကို ဖတ်နေချိန်မှာ ကယ်ရောက သူပြုံးလာအောင် သူ့ခြေထောက်ကို စားပွဲအောက်မှ အသာ လာတို့ထိ၏။"နွေရာသီမှာ အိုက်စ်လန်းသွားဖို့ကို မင်း ဘယ်လိုသဘောရလဲ"သူတို့ စထိုင်နေစဉ်က တိတ်ဆိတ်နေရ၍ ခရီးကိစ္စအကြောင်း ပြောနေတာကြောင့် ကယ်ရောက မေးလာတာ ဖြစ်မည်။"အေးလွန်းတဲ့ဒေသတွေကို ရှင် ရွေးမှာလား။ ကျွန်မရော ဘယ်အချိန်မှ အလုပ်လုပ်ရပါ့""စိတ်ရှုပ်ခံမနေပါနဲ့ကွယ်။ အဲကျ တို့တွေ မစ္စစ်ဖရန့်ခ်ျကို ဖိတ်လိုက်ရင်ရော။ သူ့ကို တွဲထိန်းပေးနေရတဲ့ တို့တွေရဲ့ လက်တွေကြောင့် သူလည်း စိတ်ညစ်နေမလားပဲ"xxxxxတစ်မနက်ခင်းမှာတော့ ရင်ဒီ၊ အက်ဘီနှင့် ဒန်နီတို့ဆီမှ စာသုံးစောင် ရလာ၏။ အရင်တစ်ခေါက် ပို့ပြီးကတည်းက ဘာသတင်းမှ ထပ်မရတော့သည့် အက်ဘီဆီမှ ဒုတိယစာလည်း ဖြစ်သည်။ ကယ်ရောက ရင်ဒီလေး၏ စာကို အရင်ဆုံး ဖွင့်ဖတ်လိုက်တာကို တရက်ဇ် သတိထားမိလိုက်၏။ ဒန်နီကတော့ အလုပ်အကြောင်း အင်တာဗျူးနှစ်ခု၏ ရလဒ်သတင်း ကြားရဖို့ စောင့်နေတာကို ရေးထား၏။ ဟာကီဗီက မတ်လမှာ 'သူရဲဘောနည်းသူ' ဆိုသည့် အင်္ဂလိပ်ပြဇာတ်အတွက် စင်ဒီဇိုင်းတွေ လုပ်တော့မည်ဟု ဖီလ် ပြောပြတာကိုလည်း သတင်းပေးထားသေးသည်။"ဒါကို နားထောင်ဦး"ကယ်ရောက ပြောလာ၏။"ကော်လိုရာဒိုမှာ သင်းခွေချပ်တွေကို မြင်မိလား ... မေမေဆိုပြီး၊ တစ်ကောင်လောက် ပို့ပေးလို့ ရမလားတဲ့။ ပုတ်သင်က ပျောက်သွားလို့တဲ့လေ။ ဖေဖေနဲ့ သမီး အိမ်အနှံ့ လိုက်ရှာပါသေးတယ်တဲ့။ သင်းခွေချပ်ကို ပို့ပေးရင်တော့ သင်းခွေချပ်က အကောင်ကြီးတော့ ထပ်ပျောက်မှာ မဟုတ်ဘူးတဲ့လေ။ ဒါက နောက်တစ်ခု။ စာလုံးပေါင်းသတ်ပုံမှာ အမှတ်၉၀ ရပြီး၊ သင်္ချာမှာတော့ ၇၀ပဲ ရတယ် ... မေမေရယ်။ မုန်းလိုက်တာ။ သမီး ဆရာမကို မုန်းတာပဲ။ ကပ်သီးလေး လွဲတာဖြစ်မယ်။ မေမေ့ကို ချစ်တယ်နော်။ အန်တီအက်ဘီကိုရောပဲ။ သားရေရှပ်လေး ပို့ပေးလို့လည်း ကျေးဇူးပါ ... မေမေ။ ဖေဖေကလည်း ပုံမှန်အရွယ် စက်ဘီးတစ်စီး ဝယ်ပေးသေးတယ်။ ခရစ္စမတ်တုန်းက သမီးက အရမ်းသေးလို့တဲ့။ သမီးမှ အရမ်းမသေးတာကို။ စက်ဘီးကတော့ လှလှလေးပါဆိုပဲ။ ဘာလဲသိလား။ ရင်ဒီနဲ့ပတ်သတ်ရင် ဟာ့ဂ်ျက အမြဲ တို့လုပ်သမျှကို ဖုံးထားချင်တာ။ နိုင်ချင်တာလေ"ကယ်ရောက ရင်ဒီ့စာကို အောက်ချလိုကာ အက်ဘီ၏စာကို ယူလိုက်၏။"ဘာလို့ ရင်ဒီလေးက ရှင့်ကိုရော အက်ဘီကိုရော ချစ်ပါတယ်လို့ ပြောထားတာလဲ"တရက်ဇ်က မေးလိုက်၏။"ရှင်က အက်ဘီနဲ့ရှိနေတာလို့သူထင်နေတာလား""မဟုတ်ပါဘူး"ကယ်ရော၏ သစ်သားနှင့်လုပ်ထားသည့် စာဖွင့်ဓားလေးမှာ အက်ဘီ၏ စာအိတ်အလယ်မှာ တန့်သွား၏။"တို့ သူ့ဆီ စာရေးပေးမယ်လို့ သူ ထင်လို့ နေမယ်"ကယ်ရောက ပြောရင်း စာအိတ်ကို ဖွင့်လိုက်သည်။"ဟာ့ဂ်ျက ကလေးကိုတော့ မပြောပြလောက်ဘူးမလား""မပြောပါဘူး ... ဒါလင်ရယ်"ကယ်ရောက စာကိုပဲ အာရုံရောက်နေရင်း ဖြေလာ၏။တရက်ဇ်က မတ်တပ်ထရပ်ကာ အခန်းကို ဖြတ်လျှောက်ရင်း ပြတင်းပေါက်နားမှာ ရပ်ပြီး တောင်တွေကို ကြည့်နေလိုက်သည်။ မတ်လအတွင်း ဟာကီဗီ၏ အလုပ်အတွက် လက်ထောက်ဖြစ်နိုင်သည့် အခွင့်အရေး ရှိတာကြောင့် ဟာကီဗီကို ဒီနေ့လယ်မှာ စာပို့လိုက်သင့်သည်ဟု သူ တွေးနေ၏။ ခေါင်းထဲမှာ သူ စာစီကြည့်နေသည်။ တောင်တွေကတော့ သူတို့၏နှာခေါင်းတွေကို ငေးစိုက်ကြည့်နေသည့် ကြီးကျယ်ခမ်းနားသော ခြင်္သေ့နီကြီးများကဲ့သို့ သူ့ကို ပြန်ကြည့်နေသလိုပင်။ ကယ်ရောဆီက ရယ်သံနှစ်ခါကို သူ ကြားမိပေမယ့် ကယ်ရောက သူ့ကို ဘာမှ မပြောပြချေ။"ဘာသတင်းမှ မထူးဘူးပေါ့"ကယ်ရော စာဖတ်အပြီးမှာ တရက်ဇ်က မေးလိုက်၏။"ဘာမှ မထူးဘူး"xxxxxကားတွေ သိပ်မဖြတ်သန်းတတ်သော တောင်ခြေက လမ်းများတွင် ကယ်ရောက သူ့ကို ကားမောင်းသင်ပေး၏။ တရက်ဇ်ကလည်း အရင်က တခြားအရာတွေ သင်ယူခဲ့တာထက် ပိုပြီး မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် ကော်လိုရာဒိုစပရင်းစ်တွင် ကယ်ရောက သူ့ကို ကားမောင်းခွင့်ပေးသေးသည်။ ဒန်ဗာသို့ရောက်သည်နှင့် သူ ကားမောင်းစစ်ဆေးမှုကို ဖြေဆိုကာ လိုင်စင်ရလာခဲ့သည်။ နယူးယောက်သို့ ပြန်သည့် လမ်းခရီးတစ်ဝက်လောက်မှာလည်း သူ ကားကို မောင်းချင်လျှင် မောင်းနိုင်ကြောင်း ကယ်ရောက သူ့ကို ပြောသေးသည်။xxxxxတစ်ညနေခင်း ညစာစားချိန်မှာ ထိုလူက ကယ်ရော၏ဘယ်ဘက် သူ့နောက် စားပွဲမှာ သူ့ဘာသာသူ ထိုင်နေ၏။ တရက်ဇ်လည်း ဘာမှမဟုတ်ဘဲ ဆို့နင့်ကာ သူ့ခက်ရင်းကို ချလိုက်မိသည်။ သူ့ရင်ကို ထုရိုက်နေသလို နှလုံးခုန်နှုန်း မြန်လာ၏။ သူ့ကို မမြင်မိဘဲ ပန်းကန်တစ်ဝက်စာလောက် ဘယ်လို စားပြီးခဲ့မိပါလိမ့်။ ကယ်ရောကို သူ မျက်တောင်ပင့်ကာ ကြည့်လိုက်တော့ ကယ်ရောကလည်း ခုနက တည်ငြိမ်နေသလောက် မတည်ငြိမ်တော့သည့် မီးခိုးရောင်မျက်ဝန်းများဖြင့် သူ့ကို အကဲခတ်ကြည့်နေသည်။ ကိစ္စတစ်ခုပြောနေတာကိုပင် ကယ်ရောက တန်းလန်းရပ်ထားလိုက်၏။"စီးကရက်သောက်ဦးလေ"ကယ်ရောက သူ့ကို စီးကရက်တစ်လိပ် ကမ်းပေးလိုက်ပြီး၊ မီးညှိပေးလိုက်သည်။"မင်း သူ့ကို ရိပ်မိသွားတာ သူသိလောက်လား""မသိဘူး""ကောင်းတယ်။ သူမသိစေနဲ့"ကယ်ရောက သူ့ကို ပြုံးပြလိုက်ပြီး၊ သူ့စီးကရက်ကို သူ မီးညှိလိုက်ကာ သူလျှို၏ ဆန့်ကျင်ဘက်တစ်နေရာကိုသာ ကြည့်နေလိုက်သည်။"အေးအေးဆေးဆေးပဲ နေတာပေါ့"ကယ်ရောက ပုံမှန်လေသံတစ်မျိုးတည်းဖြင့် ပြော၏။ပြောရတာလွယ်သည်။ သူ့ကို နောက်တစ်ခေါက် ကြည့်၍ တွေ့သွားသည့်အခါ ဒီအတိုင်း ဘာမှမဖြစ်သလို ကြည့်နေလိုက်ဖို့ တွေးရတာကလည်း လွယ်၏။ သို့ပေမယ့် အမြောက်ဆန်ဖြင့် မျက်နှာကို ရိုက်ခတ်ခံလိုက်ရသလို ဖြစ်နေတော့ သည်းခံ ကြိုးစားကြည့်တာက ဘယ်လို အသုံးကျမလဲ။"ဒီညတော့ အလက်စကာမီးကင် မမှာဘူးနော်"ကယ်ရောက စားဖွယ်စာရင်းကို ကြည့်ကာ ပြောလာသည်။"အဲဒါကြီးကို တို့ လုံးဝ မကြိုက်တာ။ ကဲ ... တို့တွေ ဘာစားကြမလဲ မင်း သိပြီလား"သူ စားပွဲထိုးကို ခေါ်လိုက်၏။"ဝေါ့တာ"ဝေါ့တာကလည်း ညနေခင်းတိုင်း သူလုပ်နေကျလို ဧည့်ခံပေးဖို့အတွက် ဖော်ဖော်ရွေရွေဖြင့် ပြုံးပြုံးပင် လျှောက်လာသည်။"ဟုတ်ကဲ့ ... မဒမ်""ရမ်မီမာတင် ၂ခွက်လောက် ချပေးပါ ... ဝေါ့တာ"ကယ်ရောက သူ့ကို ​မှာလိုက်၏။ဘရန်ဒီက လုံးဝ မဟုတ်လျှင်တောင် အတော် သောက်ကောင်းသည်။ သူလျှိုကတော့ သူတို့ကို တစ်ချက်မျှ မကြည့်ပေ။ သတ္တုဖြင့် လုပ်ထားသည့် လက်သုတ်ပဝါတင်စရာမှာ မှီတင်ထားသည့်စာအုပ်ကိုသာ ဖတ်နေ၏။ တရက်ဇ်ကတော့ ဆော့တ်လိတ်မြို့ အပြင်ဘက် ကော်ဖီဆိုင်မှာကဲ့သို့ သူဟာ တကယ်ပဲ သူလျှိုဖြစ်နေမလားဆိုသည့် အပြုသဘောဆောင်သည့် စိတ်ထက် မသေချာမရေရာ ဖြစ်နေမှုက ကြောက်မက်ဖွယ် လွှမ်းမိုးထားကာ သံသယစိတ် ပိုများလာသည်။"ကျွန်မတို့ သူ့ကို ဖြတ်သွားကြရမှာလား ... ကယ်ရော"တရက်ဇ်က မေးလိုက်သည်။ဘားအတွင်း သူ့အနောက်ဘက်တွင် တံခါးပေါက်တစ်ပေါက် ရှိ၏။"အင်း ... တို့တွေ အဲ့အပေါက်က ထွက်ကြမယ်"ကယ်ရောက အရင်ညတွေမှာလို အပြုံးလေးတစ်ခုဖြင့် မျက်ခုံးများ ပင့်ကာ ​ပြန်ပြောလာ၏။"သူ တို့တွေကို ဘာမှမလုပ်နိုင်ပါဘူး။ သူက သေနတ်ကြီး ဆွဲထုတ်လာမယ်လို့ မင်း ထင်နေတာလား"သူ့စာအုပ်ရှေ့ကို ခေါင်းစိုက်နေသည့် ထိုလူနှင့် တစ်ပေအကွာအတွင်းမှာပင် တရက်ဇ်က ကယ်ရောနောက်မှ လျှောက်လာခဲ့သည်။ သူ့ရှေ့က လျှောက်သွားရင်း စားပွဲဝိုင်းတစ်ခုမှာ တစ်ယောက်တည်း ထိုင်နေသည့် မစ္စစ်ဖရန့်ခ်ျနှင့် ဆုံကာ ခါးကို ကိုင်းညွတ်ပြီး၊ ရိုရိုကျိုးကျိုး နှုတ်ဆက်နေသည့် ကယ်ရော၏ ကိုယ်ဟန်ကို တရက်ဇ် တွေ့လိုက်၏။"ရှင် ဘာလို့ ကျွန်မတို့နဲ့အတူ လာမထိုင်တာလဲ"ကယ်ရောက မေးလိုက်၏။မစ္စစ်ဖရန့်ခ်ျနှင့်အတူ ထိုင်နေကျ အမျိုးသမီးနှစ်ယောက်က ဒီနေ့ ပြန်သွားကြတာကို တရက်ဇ် မှတ်မိလိုက်သည်။ ကယ်ရောက ထိုနေရာမှာပင် တစ်ခဏမျှ မတ်တပ်ရပ်နေကာ မစ္စစ်ဖရန့်ခ်ျနှင့် စကားပြောနေသေးသည်။ တရက်ဇ်ကတော့ သူ့ကို ချီးကျူးမိပြီး၊ သူကတော့ ထိုနေရာမှာပင် ရပ်မနေနိုင်၍ ရှေ့ဆက်သွားကာ ဓာတ်လှေကားနားမှာသာ ကယ်ရောကို စောင့်နေလိုက်၏။xxxxxအပေါ်ထပ် အခန်းထဲသို့ ရောက်လျှင် ကယ်ရောက အိပ်ရာဘေး စားပွဲအောက် ထောင့်စွန်းတစ်နေရာမှာ ချည်ထားသည့် ကိရိယာလေးတစ်ခုကို တွေ့သွားသည်။ ကယ်ရောက ကက်ကြေးကို ယူပြီး၊ လက်နှစ်ဖက်သုံးကာ ဝိုင်ယာကြိုးကို ဖြတ်ချလိုက်၏။ ကြိုးအစကတော့ ကော်ဇောခင်းအောက်မှာ ပျောက်သွားသည်။"ဟိုတယ်ကလူတွေက သူ့ကို ပေးဝင်တာလို့ ရှင်ထင်လား"တရက်ဇ်က အထိတ်တလန့်ဖြင့် မေးလိုက်သည်။"သူ့မှာ ဒီလိုအခန်းတွေ ဖွင့်နိုင်တဲ့ သော့ရှိလို့ ဖြစ်မယ်"စားပွဲပေါ်မှ လျော့လာရင်း ကော်ဇောပေါ်သို့ ကျသွားသည့် ပစ္စည်းကို ကယ်ရောက ကောက်ယူလိုက်၏။ ဝိုင်ယာကြိုးခွေ စုထည့်ထားသည့် ဘူးမည်းလေးတစ်ဘူးပင် ဖြစ်သည်။"ကြည့်ပါဦး။ ကြွက်စုတ်လိုပဲ"ကယ်ရောက ပြော၏။"ဟာ့ဂ်ျရဲ့ ပုံရိပ်ပုံယောင်တွေပေါ့ကွယ်"ရုတ်တရက် သူ့မျက်နှာမှာ နီရဲလာ၏။"ဒါက ဘယ်နေရာနဲ့ ဆက်စပ်သွားမှာလဲ""အသံဖမ်းစက်တပ်ထားတဲ့ တခြားအခန်းတစ်ခန်းကိုပေါ့။ ခန်းမကို ဖြတ်သွားနိုင်တယ်။ ဒီအလှဆင်ထားတဲ့နံရံတွေကနေ ကော်ဇောကမှ အစ စိတ်မချရဘူး"ကယ်ရောက အသံဖမ်းကိရိယာကို အခန်းအလယ်သို့ ကန်ထုတ်ပစ်လိုက်၏။တရက်ဇ်က ထိုထောင့်မှန်စတုဂံပုံဘူးလေးကို ကြည့်ကာ မနေ့ညက ပြောခဲ့သည့်စကားများကို သောက်စရာတစ်ခု သောက်ရင်း စဉ်းစားကြည့်နေသည်။"အဲပစ္စည်းလေးက အဲမှာ ဘယ်ကတည်းက ရှိနေလဲလို့ ကျွန်မ သိချင်တာ""မင်း သူ့ကို မမြင်မိဘဲနဲ့ ... သူ ဒီမှာ ဘယ်လောက်ကြာကြာ နေနေမယ်လို့ ထင်လဲ""အလွန်ဆုံး မနေ့ကမှပေါ့"အဲသလို သူပြောလိုက်ပေမယ့် သူမှားနိုင်မှန်း သိသည်။ ဟိုတယ်က မျက်နှာအားလုံးကို သူ မကြည့်မမြင်နိုင်ပေ။ကယ်ရောက ခေါင်းခါနေ၏။"ဆော့တ်လိတ်မြို့ကနေ ဒီကို တို့တွေနောက် ခြေရာခံလိုက်ဖို့ သူ နှစ်ပတ်နီးပါးတော့ အချိန်ယူရမှာပဲ။ မဟုတ်ပါဘူး။ သူ ဒီညကို တို့တွေ ညစာစားတုန်း သူ လိုက်စားဖို့ ဆုံးဖြတ်ခဲ့တာနေမယ်"ကယ်ရောက စာအုပ်စင်ဘက်မှ လှည့်လာကာ လက်ထဲမှာ ဘရန်ဒီခွက်ကို သယ်လာ၏။ မျက်နှာကတော့ နီရဲမနေတော့ပေ။ အခု တရက်ဇ်ဘက်ကို လှည့်ကာ ပြုံးပင် ပြုံးပြသေးသည်။"တကယ် မကောင်းတဲ့လူပဲနော်"သူ အိပ်ရာပေါ်ကို ထိုင်ချကာ သူ့နောက်မှ ခေါင်းအုံးကို ထောင်ထားပြီး မှီချလိုက်၏။"ကျွန်မတို့တွေ ဒီမှာ နေနေတာတောင် တော်တော်ကြာနေပြီပဲ""မင်း ဘယ်တော့လောက် သွားချင်လဲ""မနက်ဖြန်လောက်ပေါ့။ မနက်ပိုင်းမှာ အထုပ်တွေ ပြင်ဆင်ပြီးတော့ နေ့လယ်စာစားပြီးတာနဲ့ ထွက်မယ်လေ။ ရှင်ရော ဘယ်လိုသဘောရလဲ"သူတို့ ကားထားရာနေရာသို့ ရောက်လာပြီး၊ အနောက်ဘက် အမှောင်ထုထဲသို့ ခရီးဆက်ကြ၏။ အနောက်ဘက်သို့ ဆက်မသွားတော့ဖို့တော့ တရက်ဇ် တွေးလိုက်သည်။အရင်က တစ်ခုခု ဖြစ်ခဲ့သလို၊ အခုမဟုတ် ဒီကိစ္စမှမဟုတ်ဘဲ ဟိုအရင်တုန်းကလည်း တစ်ခုခု ဖြစ်ပျက်ခဲ့သလို သူ ခံစားနေရတာကြောင့် သူ့စိတ်ထဲမှာ လွှမ်းမိုးနေသည့် ကြောက်စိတ်ကို သူ ဖျောက်ဖျက်၍ မရနိုင်ပေ။သူက အဆင်မပြေပေမယ့် ကယ်ရောကတော့ အဲလို မဟုတ်ပေ။ ကယ်ရောက တည်ငြိမ်အေးဆေးနေသလို ဟန်ဆောင်နေတာလည်း မဟုတ်၊ တကယ်တမ်းလည်း ကြောက်ရွံ့မနေ။ "သူ ဘာလုပ်နိုင်မှာမို့လို့လဲ။ တို့က ဒီတိုင်း နောက်ယောင် အလိုက်မခံချင်ရုံပဲ" ဆိုပြီး ကယ်ရောကတော့ ပြောသည်။"နောက်တစ်ခု ရှိသေးတယ်"ကယ်ရောက ပြောလာ၏။"သူ ဘယ်လို ကားစီးတာလဲ ... သတိထားကြည့်ပေးဦး"ထိုညမှာ သူတို့နှစ်ယောက်သား လမ်းမြေပုံကို ကြည့်ကာ မနက်ဖြန်အတွက်လမ်းကြောင်းကို သူစိမ်းနှစ်ယောက် စကားပြောနေကြသလို ပြောဖြစ်ခဲ့ကြ၏။ သေချာပေါက် ဒီညဟာ မနေ့ညကနှင့် တူမှာ မဟုတ်မှန်း တရက်ဇ် တွေးမိသည်။ သို့ပေမယ့် ညအိပ်ရာဝင် နမ်းဖြစ်ခဲ့ကြတော့ စိတ်ဆန္ဒကြောင့် သူတို့၏ ခန္ဓာကိုယ်ချင်းဟာ မလွဲမရှောင်သာ ပေါင်းစပ်နေသည့် အရာတစ်ခုလိုပင် သူတို့ စိတ်ပြေလျော့သွားမှုနှင့် သူတို့နှစ်ယောက်လုံး၏ တုံ့ပြန်မှုအထိအတွေ့တွေကို တရက်ဇ် ခံစားနေမိတော့သည်။
**********

Carol (မြန်မာပြန်)Where stories live. Discover now