အခန်း ၁၂
ဇန်နဝါရီလ။အရာအားလုံး ဖြစ်သည်။ တံခါးပေါက်တစ်ခုလို တစ်ခုတည်းသောအရာလည်း ဖြစ်သည်။ မီးခိုးရောင်အသွင်အပြင်ရှိသည့် လေဟာနယ်ထဲတွင် အအေးဓာတ်က အပြည့်လွှမ်းခြုံထား၏။ ဇန်နဝါရီလဟာ တဒင်္ဂလို ဒါမှမဟုတ် တစ်နှစ်တာလိုပင်။ ဇန်နဝါရီလတွင် အမှတ်တရများက တသွင်သွင်စီးဆင်းလာပြီး၊ သူ့မှတ်ဉာဏ်ထဲမှာ အေးခဲသွားသလိုပင် မေ့ဖို့ လုံးဝမဖြစ်နိုင်တော့ချေ။မှောင်ရိပ်ကျနေသော တံခါးပေါက်နားက မီးခြစ်ဆံမီးကြောင့် ပြာပြာသလဲ သူကြည့်လိုက်မိသည့် အမျိုးသမီး။ စာတစ်စောင်ကို အမြန်ရေးလိုက်ပြီး၊ စင်္ကြံပေါ်မှာ သူတို့ သူငယ်ချင်းနှစ်ယောက် လမ်းမခွဲသွားခင် စာကို ပေးနေသည့် အမျိုးသား။ တစ်ဘလောက်စာလောက် အမြန်ပြေးပြီးမှ ဘတ်စ်ကားကို မှီသွားသည့် နောက်ထပ်အမျိုးသားတစ်ယောက်။ လူများ၏ လှုပ်ရှားမှုတိုင်းက မှော်အစွမ်းတစ်ခုလို ဖြစ်နေသည်။ဇန်နဝါရီလကို မျက်နှာနှစ်မျိုး ရှိသည့်လဟု ပြော၍ရသေးသည်။ လူပြတ်တစ်ယောက်၏ ခေါင်းလောင်းတွေ တချွင်ချွင် မြည်နေသလို၊ နှင်းခဲတွေ တဖြောက်ဖြောက် မြည်သံလို။ နိဒါန်းတစ်ခုလို သန့်စင်နေတတ်ပြီး၊ လူအိုတစ်ယောက်လိုလည်း သုန်မှုန်နေတတ်သေးသည်။ အဓိပ္ပါယ်မဖွင့်ပြနိုင်သည့် စာလုံးတစ်လုံးလို သေချာမသိပေမယ့် ဆန်းကြယ်စွာဖြင့် ရင်းနှီးနားလည်နေသလိုပေါ့။xxxxxရက်ဒ်မလုံးဟုခေါ်သည့် လူတစ်ယောက်နှင့် ထိပ်ပြောင်ပြောင် လက်သမားတစ်ယောက်က မိုးစက်လေးများ ပြဇာတ်အတွက် တရက်ဇ်နှင့် အလုပ်တွဲလုပ်နေကြရသည်။ မစ္စတာဒိုနိုဟျူးကတော့ ဒါကို ကျေနပ်နေ၏။ ဒိုနိုဟျူးက မစ္စတာဘဲလ်တင်ကို တရက်ဇ်၏ လက်ရာများကို လာကြည့်ပေးဖို့ ပြောထားသည်ဟု သူ့ကို ပြန်ပြောပြသည်။ မစ္စတာဘဲလ်တင်က ရုရှားအနုပညာကောလိပ်မှ ဘွဲ့ရတစ်ယောက်ဖြစ်ပြီး၊ နယူးယောက်က ပြဇာတ်ရုံများတွင်လည်း ဒီဇိုင်းတချို့ ရေးဆွဲပေးဖူးသည်ဆို၏။ တရက်ဇ်ကတော့ သူ့အကြောင်း မကြားဖူးပေ။ မေယွန်ဘလန်ချာ့ထ် ဒါမှမဟုတ် အီဗောဟာကီဗီနှင့် ဆုံတွေ့နိုင်အောင် အချိန်းအချက်လုပ်ပေးဖို့ တရက်ဇ်က မစ္စတာဒိုနိုဟျူးကို တောင်းဆိုကြည့်ဖူးသည်။ ဒိုနိုဟျူးကတော့ ဘယ်တုန်းကမှ ဘာတစ်ခုကိုမှ ကတိမပေးတတ်ပေ။ သူ ကတိမပေးနိုင်၍ဖြစ်မည်ဟု တရက်ဇ်က တွေးလိုက်၏။မစ္စတာဘဲလ်တင်က နေ့ခင်းတစ်ခုတွင် ရောက်လာခဲ့သည်။ အနက်ရောင်ဦးထုပ်နှင့် အနုပ်စုတ်ကုပ်စုတ်ရှိသည့် အပေါ်ကုတ်အင်္ကျီကို ဝတ်ထားပြီး၊ အရပ်ရှည်ရှည် ခါးကိုင်းကိုင်းနှင့် အမျိုးသားတစ်ယောက် ဖြစ်သည်။ တရက်ဇ်က သူ့ဒီဇိုင်းလက်ရာများကို ပြသည့်အခါ ထိုလူကြီးက သေချာစူးစိုက်ကြည့်၏။ တရက်ဇ်က သူ့အကောင်းအကောင်းဆုံးသော စင်ဒီဇိုင်း သုံးလေးခုကိုသာ ယူလာခဲ့သည်။ မစ္စတာဘဲလ်တင်က နောက် ခြောက်ပတ်လောက်အတွင်း စတင်တော့မည့် ပြဇာတ်တစ်ခုအကြောင်း တရက်ဇ်ကို ပြောပြသည်။ ဘဲလ်တင်က ထိုထုတ်လုပ်ရေးတွင် တရက်ဇ်ကို လက်ထောက်ခန့်ထားဖို့ ကျေကျေနပ်နပ်ရှိနေ၏။ တရက်ဇ်ကလည်း ဒါမတိုင်ခင် မြို့ပြင်ကို လည်ပတ်ရမှာဖြစ်၍ အဲအတွက် ဒီဇိုင်းပုံကို ကောင်းကောင်း စီစဉ်နိုင်မည်ဟု ပြောလိုက်သည်။ အခုနောက်ပိုင်းရက်များတွင် အရာအားလုံးက အဆင်ပြေချောမွေ့နေ၏။ မစ္စတာအန်ဒရောနစ်ခ်ျကလည်း ဖေဖော်ဝါရီလအလယ်ပိုင်းတွင် ဖီလာဒယ်ဖီးယားမှာ နှစ်ပတ်တာအလုပ်တစ်ခုကို ကတိပေးထားသေးသည်။ ထိုအချိန်လောက်တွင် ကယ်ရောနှင့် ခရီးမှ ပြန်ရောက်လောက်ပြီ ဖြစ်သည်။ မစ္စတာဘဲလ်တင်၏ အသိလူတစ်ယောက် နာမည်နှင့်လိပ်စာကို တရက်ဇ် ချရေးလိုက်သည်။"သူက အခု လူတစ်ယောက် ရှာနေတာလေ။ ဒီတစ်ပတ်ထဲ သူ့ဆီ ဖုန်းဆက်ကြည့်လိုက်"မစ္စတာဘဲလ်တင်က ပြောသည်။"လက်ထောက်အကူသဘော အလုပ်မျိုးပါပဲ။ ငါ့ရဲ့တပည့် သူ့အရင်လက်ထောက်က အခု ဟာကီဗီနဲ့အလုပ်တွဲလုပ်နေရလို့လေ""အိုး ... ဟာကီဗီနဲ့ ကျွန်မ တွေ့ရဖို့ ရှင် စီစဉ်ပေးနိုင်တာလား။ ဒါမှမဟုတ် သူလား""သိပ်တော့မလွယ်ဘူးကွ။ မင်း လုပ်ရမှာက ... ဟာကီဗီ စတူဒီယိုကိုသာ ဖုန်းခေါ်ပြီး၊ ချားလ်စ်နဲ့ စကားပြောဖို့ မေးကြည့်လိုက်။ ချားလ်စ်ဝင်းနန့်နဲ့ စကားပြောမယ်လို့။ ပြီးရင် ငါနဲ့ အကျိုးအကြောင်း ပြောပြီးသားလို့ သူ့ကို ပြောပြလိုက်။ မင်း သောကြာနေ့ဆိုရင်ပဲ ဖုန်းခေါ်ကြည့်လိုက်လေ။ သောကြာနေ့ နေ့ခင်း သုံးနာရီလောက်""ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်"သောကြာနေ့က တစ်ပတ်လုံးပိတ်ရက် ဖြစ်သည်။ဟာကီဗီကို တွေ့ရဖို့က မလွယ်ပါ။ ဟာကီဗီက အလွန် အလုပ်များတာကြောင့် ချိန်းဆိုမှုတွေကို တဖြည်းဖြည်း လျှော့ကာလျှော့ကာ လက်ခံလာပြီး၊ နောက်ပိုင်းတွင် ဘယ်တော့မှ အချိန်းအချက် မလုပ်တော့ဘူးဟု သတင်းထွက်တာကို တရက်ဇ် ကြားဖူးသည်။ ဒါကို မစ္စတာဘဲလ်တင်လည်း သိ၍ဖြစ်မည်။မစ္စတာဘဲလ်တင် ထွက်သွားဖို့ လုပ်စဉ် 'ကတ်တရင်းကို ဖုန်းခေါ်ဖို့လည်း မမေ့နဲ့ဦးနော်'ဟု တရက်ဇ်ကို မှာခဲ့၏။ သူ့ကို ပေးခဲ့သည့် နာမည်ကို တရက်ဇ် ထပ်ကြည့်မိလိုက်သည်။ အဒေါ့ဖ်ကတ်တရင်း၊ ပြဇာတ်ရင်းနှီးမြှုပ်နှံမှု အစည်းအရုံးနှင့် ကိုယ်ပိုင်လိပ်စာတို့ ဖြစ်သည်။"ကျွန်မ တနင်္လာနေ့မနက်ပဲ သူ့ကို ဖုန်းခေါ်လိုက်ပါမယ်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်"xxxxxထိုနေ့က စနေနေ့ဖြစ်သည်။ အလုပ်ပြီးလျှင် ပယ်လာမိုဘားတွင် ရစ်ချက်နှင့်ဆုံဖို့ ချိန်းထား၏။ သူနှင့် ကယ်ရော ခရီးထွက်ကြရန် စီစဉ်ထားသည့်နေ့ရောက်ဖို့ ၁၁ရက် လိုသေး၏။ ဘားတွင် ရစ်ချက်နှင့် ဖီလ် အတူရပ်နေကြတာကို တရက်ဇ် တွေ့လိုက်ရသည်။"ပြောပါဦး ... ကြောင်နက်ရှင်ရုံမှာ ဘာတွေဖြစ်နေပြီလဲ"ဖီလ်က သူ့အတွက် ထိုင်ခုံကို ဆွဲယူပေးရင်း မေးလာ၏။"စနေနေ့မှာတောင် အလုပ်ဆင်းနေရတာလား""သရုပ်ဆောင်တွေတော့ မပါပါဘူး။ ကျွန်မ တာဝန်ယူရတဲ့အပိုင်းကြောင့်ပါ""အဖွင့်က ဘယ်တော့တဲ့လဲ""၂၁ရက်နေ့""ကြည့်ပါဦး"ရစ်ချက်က သူ့စကက်ပေါ်မှ အစိမ်းပုပ်ရောင် ဆေးစက်တစ်စက်စွန်းနေတာကို ညွှန်ပြရင်း ပြောလိုက်သည်။"ကျွန်မသိသားပဲ ... အဲဒါ အရင်ရက်တွေထဲက စွန်းနေတာ""ခင်ဗျား ဘာသောက်မလဲ"ဖီလ်က မေးလာသည်။"မသိပါဘူး။ ဘီယာပဲသောက်ရင် ကောင်းမယ်။ ကျေးဇူးပါပဲ"ရစ်ချက်က သူ့ဘေးတွင် ရပ်နေသည့် ဖီလ်ကို ကျောပေးလိုက်၏။ သူတို့ နှစ်ယောက်ကြားက စိတ်အခန့်မသင့် မပြေလည်မှုတစ်ခုခုကို တရက်ဇ် ရိပ်ဖမ်းမိလိုက်သည်။"ကို ဒီနေ့ ပန်းချီဆွဲဖြစ်သေးလား"တရက်ဇ်က ရစ်ချက်ကို မေးလိုက်၏။ရစ်ချက်၏ နှုတ်ခမ်းများက မဲ့ရွဲ့သွားသည်။"စိတ်ကုန်ဖို့ကောင်းတဲ့ ကားဆရာကို ကူညီပေးနေရတာကွာ။ လောင်းအိုင်းလန်းလမ်းလယ်ကြီးမှာ ဓာတ်ဆီ ကုန်သွားတယ်လေ""အိုး ... တော်တော်ဆိုးတာပဲ။ ဒါဆို ကို မနက်ဖြန် အိမ်ပြင်မထွက်ဘဲ ပန်းချီပဲ ဆွဲနေတော့မှာပေါ့"သူတို့ မနက်ဖြန် ဟိုဘိုကန်မြို့လေးတွင် လျှောက်လည်ပတ်ပြီး၊ ကလန်ဟောက်စ်ဘားတွင် စားသောက်ကြမည့်အကြောင်း ပြောထားကြသည်။ သို့သော် မနက်ဖြန်တွင် ကယ်ရောက မြို့ထဲကို လာမှာဖြစ်ပြီး၊ တရက်ဇ်ဆီ ဖုန်းခေါ်လာမည်ဟု ကတိပေးသွား၏။"မင်း ကိုယ်ဟန်ထိုင်ပေးမယ်ဆိုရင် ကို ပန်းချီဆွဲပေးမှာပေါ့"ရစ်ချက်က ပြောလာ၏။တရက်ဇ်က စိတ်မသက်မသာဖြစ်ကာ တွန့်ရွံ့သွားသည်။"ဒီရက်တွေထဲတော့ ကျွန်မလည်း ကိုယ်ဟန်ထိုင်ဖို့အတွက် စိတ်မပါသေးဘူး""အင်းပါ ... အရေးမကြီးပါဘူး"ရစ်ချက်က ပြုံးလိုက်၏။"ဒါပေမယ့် မင်းက ဘယ်တော့မှ ကိုယ်ဟန်မထိုင်ပေးတော့ မင်းရဲ့ပုံကို ကို ဘယ်လိုဆွဲပေးရမလဲ""ကို ဘာလို့ စိတ်ကူးနဲ့ မဆွဲကြည့်တာလဲ"ဖီလ်က သူ့လက်ကို ဆန့်ထုတ်လာပြီး၊ တရက်ဇ်၏ဖန်ခွက်ကို အောက်ခြေမှ ကိုင်ကာ ဆွဲယူလိုက်သည်။"ဒါကြီးမသောက်ပါနဲ့။ တခြားကောင်းတာလေးဖြစ်ဖြစ် သောက်ပါလား။ ဒါကို ကျွန်တော် သောက်လိုက်မယ်လေ""ဟုတ်ပြီလေ။ ဒါဆို ကျွန်မ ရိုင်းဘီယာနဲ့ ရေအရောလေး သောက်လိုက်မယ်"ဖီလ်က သူ့ဘက်သို့ နေရာပြောင်းကာ ရပ်လာ၏။ သူ့ကြည့်ရတာ ရွှင်လန်းနေပုံ ပေါ်သည်။ သို့သော် မျက်ကွင်းများတော့ အနည်းငယ် ညိုနေသည်။ ဖီလ်က အရင်တစ်ပတ်ထဲတွင် မှုန်တေတေနေကာ ပြဇာတ်ဇာတ်ညွှန်းကို ရေးနေခဲ့၏။ နှစ်သစ်ကူးပါတီမှာတုန်းကပင် ဇာတ်လမ်းအခန်းအနည်းငယ်ကို အော်ဖတ်ပြသေးသည်။ဖီလ်က သူ့ဇာတ်ညွှန်းကို စာရေးဆရာ ကဖ်ခါ၏ အသွင်ပြောင်းလဲခြင်းဟုပင် ခေါ်သေးသည်။ တရက်ဇ်ကတော့ နှစ်သစ်ကူးမနက်က ပြဇာတ်တစ်ပုဒ်အတွက် ခက်ခဲသည့်ပုံကြမ်းကို ဆွဲနေရသည်။ သူ့ကို တွေ့ဖို့ လာရင်း ထိုပုံကြမ်းကိုပင် ဖီလ်ကို ပြဖြစ်သွားသေး၏။ ရစ်ချက် စိတ်မကြည်နေသည့် ပြဿနာမှာ ဒါဖြစ်လိမ့်မည်ဟု တရက်ဇ်က ရုတ်ချည်း တွေးမိသွားသည်။"တယ်ရီ ... ခင်ဗျား ကျွန်တော့်ကို ပြတဲ့ ပုံကြမ်းထဲက ဒီဇိုင်းပုံလေးကို ဓာတ်ပုံရိုက်ကူးလို့ရအောင် လုပ်ပေးမလား။ ကျွန်တော့်ဇာတ်ညွှန်းနဲ့ အဆင်ပြေလောက်မယ့် ဒီဇိုင်းတစ်ခုလောက် ကျွန်တော်လည်း လိုချင်လို့""အဆင်ပြေရင်ပေါ့"တရက်ဇ် ပြောလိုက်သည်။"ရှင် အဲဒါကို ထုတ်လုပ်ကြည့်တော့မယ်ပေါ့""ဒါပေါ့။ ဘာလို့မကြိုးစားကြည့်ရမှာလဲ"အပြုံးတစ်ခုအပြင် ဖီလ်က သူ့မျက်ဝန်းနက်နက်များဖြင့် တရက်ဇ်ကို စိန်ခေါ်မှုတစ်ခု ပြလိုက်သည်။ ပြီးတော့ စားပွဲထိုးကို လက်ဖျစ်တီးခေါ်လိုက်၏။"ဘေရှင်းမယ်""ငါ ပေးလိုက်ပါမယ်ကွာ"ရစ်ချက်က ပြော၏။"မပေးပါနဲ့။ ငါရှင်းမှာပေါ့ကွာ"ဖီလ်က သူ့လက်ထဲမှ အနက်ရောင်ခေါက်ပိုက်ဆံအိတ်ဟောင်းကို ထုတ်လိုက်သည်။စိတ်အပြောင်းအလဲလွယ်သည့် ဖီလ်က သူ့ပြဇာတ်တွေကို ဘယ်တော့မှ ထုတ်လုပ်ဖြစ်လာမှာ မဟုတ်၊ အပြီးသတ်နိုင်မှာတောင် မဟုတ်ဘူးဟု တရက်ဇ် တွေးလိုက်သည်။"ဒါဆို ငါ သွားတော့မယ်နော်"ဖီလ်က ပြော၏။"သိပ်မကြာခင် ပြန်ဆက်သွယ်လိုက်မယ်နော် ... တယ်ရီ။ သွားပြီနော် .. ရစ်ချက်"တရက်ဇ်က သူ ထွက်သွားပြီး၊ မျက်နှာစာလှေကားလေးများပေါ် တက်သွားတာကို လိုက်ကြည့်နေမိသည်။ ဖီလ်က ကြိုးသိုင်းဖိနပ်နှင့် ဝတ်လွန်း၍ ချုပ်ကြောင်းများပင် ပေါ်နေလောက်အောင် ဟောင်းနွမ်းနေသော ပိုလိုကုတ်ကို ဝတ်ထားသည်။ ဒါကို ဖီလ်က သူ့ ညစ်နွမ်းပေတေမှုကိုပင် ရှုချင်စဖွယ် အမှုမထားသလို နေ၏။ သူ အကြိုက်ဆုံး ရေချိုးခန်းဝတ်ရုံကို ဝတ်ကာ သူ့အိမ်ဝန်းကျင်မှာ လမ်းလျှောက်ထွက်နေသည့် လူကြီးနှင့်ပင် တူသေးသည်ဟု တရက်ဇ် တွေးလိုက်သည်။ အပေါ်ထပ် ရှေ့ပြတင်းပေါက်မှ ထွက်ကြည့်လာသော ဖီလ်ကို တရက်ဇ်က ပြန်ပြီး လက်ပြနှုတ်ဆက်လိုက်သည်။xxxxx"နယူးရီးယားနေ့တုန်းက မင်း ဖီလ်တို့ဆီကို အသားညှပ်ပေါင်မုန့်နဲ့ ဘီယာတွေ ယူသွားပေးတယ်ဆို""ဟုတ်တယ်။ အရက်မူးနေလို့ဆိုပြီး သူလှမ်းခေါ်လို့လေ""ဘာလို့ ကို့ကို မပြောပြရတာလဲ""ကျွန်မ မေ့သွားလို့ပါ။ ပြီးတော့ အရေးမှမကြီးတာ""အေးပါ။ အရေးမကြီးပါဘူး။ တကယ်လို့ မင်း ..."ရစ်ချက်၏ တုပ်ခိုင်သည့်လက်များက ဖြည်းနှေးပြီး မျှော်လင့်ချက်မဲ့သလို မူရွယ်နေသည်။"တကယ်လို့ မင်း အသားညှပ်ပေါင်မုန့်တွေ ဘီယာတွေ ယူသွားပြီး၊ အခြားယောက်ျားတစ်ယောက်ရဲ့ တိုက်ခန်းမှာ နေ့တစ်ဝက်လောက် အချိန်ကုန်နေခဲ့ရင် ... ကိုရော မုန့်နည်းနည်းလောက် စားချင်မလားလို့ မင်း မတွေးမိဘူးလား""ကို စားချင်တယ်ဆိုရင် ကို့ဆီမှာ ကို့ကို ယူလာပေးဖို့ အသိတွေအများကြီးရှိတာပဲ။ ပြီးတော့ ဖီ့လ်အိမ်က စားစရာသောက်စရာတွေ အကုန် ကျွန်မတို့ စားသောက်ခဲ့ကြတယ်လေ။ ကို မှတ်မိလား"ရစ်ချက်က သူ့လည်တံရှည်နှင့် ခေါင်းတဆက်ဆက် ညိတ်နေပြီး၊ အောက်သို့ စိုက်ကာ မကျေမချမ်း ဖြစ်နေသည့် အပြုံးမျိုး ပြုံးကာ ပြော၏။"ပြီးတော့ မင်းက သူနဲ့ နှစ်ယောက်တည်း။ မင်းတို့နှစ်ယောက်တည်းပဲလေ""အိုး ... ရစ်ချက်..."သူ တစ်ခုကို အမှတ်ရသွားသည်။ သိပ်တော့ အရေးမကြီးပေ။ ထိုနေ့အထိ ဒန်နီက ကွန်နက်တီကတ်ပြည်နယ်မှ ပြန်မရောက်လာသေးပါ။ သူ့ပရော်ဖက်ဆာတစ်ယောက်၏ အိမ်တွင် နယူးရီးယားကို ဖြတ်သန်းနေရသည်တော့ ဆို၏။ ဖီလ်နှင့်အတူ ရှိသည့် နေ့လယ်က ဒန်နီ ပြန်ရောက်လာမလားဟု တရက်ဇ် မျှော်နေသေးသည်။ သို့သော် ရစ်ချက်က ဒါကို တွေးမိမှာမဟုတ်။ ဖီလ်ထက်စာလျှင် ဒန်နီကိုတောင် ပိုနှစ်သက်သေးသည်ကို သူ ခန့်မှန်းမိမည်မထင်ပေ။"တခြားမိန်းကလေးသာ ဒီလိုမျိုး လုပ်တယ်ဆိုရင် ကိုတော့ မဟုတ်တာ တစ်ခုခုကို သံသယဝင်မိမှာပဲ။ ပြီးရင် ကိုတွေးတာက မှန်လိမ့်မယ်"ရစ်ချက်က ဆက်ပြော၏။"မင်းက ရူးမိုက်တာပဲ။ မင်းက တော်တော်နုံအတာပဲလို့ ကိုတော့ ထင်တယ်"ရစ်ချက်က သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အကြည့်မျိုးဖြင့် ကြည့်နေ၏။ သေချာတာက သူ မကျေမချမ်းဖြစ်ရသည်မှာ ဒီတစ်ချက်တည်းကြောင့် မဟုတ်ဘူးဟု တရက်ဇ် တွေးမိလိုက်သည်။ တရက်ဇ်က သူဖြစ်ချင်သည့်ပုံစံ မဖြစ်ခဲ့သလို ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးဆိုသည့် အချက်လည်း ပါမည်။ တရက်ဇ်ကို ရစ်ချက်က သူ့ကို အရူးအမူးချစ်ပေးသည့် မိန်းကလေးမျိုး ... သူနှင့်အတူ ဥရောပကို လိုက်ပေးရလောက်အောင် ချစ်ပေးသည့် မိန်းကလေးမျိုး ... သူ့ရုပ်ရည်၊ သူ့ရည်မှန်းချက်နှင့် သူကိုယ်တိုင် စိတ်တိုင်းကျနေပြီး၊ သူ့ကိုလည်း ချစ်ပေးသည့် မိန်းကလေးမျိုး ... ဖြစ်စေချင်သည်။"မင်းက ဖီ့လ်အကြိုက် မဟုတ်ဘူး။ မင်း သိရဲ့လား""ဘယ်သူက ပြောတာလဲ။ ဖီလ် ပြောတာလား""အဲကောင်ပေါ့။ အဲအပျော်အပျက်ကောင်လေ"ရစ်ချက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။"သူကသာ ဒီညမှာ တဂျီဂျီပြောလာရင် မင်းလည်း ငါ့ကို ဂရုမစိုက်ပါဘူးလို့ ပြောမှာပဲမလား""သူ့မှာ အဲလိုပြောလာစရာ အကြောင်းမရှိဘူး။ ကျွန်မ ကို့အကြောင်းကို သူနဲ့ ဆွေးနွေးစရာကို မလိုတာ""ကောင်းလိုက်တဲ့အဖြေ။ ဆိုလိုချင်တာကတော့ မင်း ပြောဖြစ်လည်း မင်း ကို့ကို တကယ် ဂရုမစိုက်ဘူးဆိုတာ သူ သိသွားတာပေါ့"ရစ်ချက်က ခပ်တိုးတိုးပင် ပြော၏။ သို့သော် သူ့အသံမှာ ဒေါသနှင့်အတူ တုန်လှုပ်နေ၏။"ရုတ်တရက်ကြီး ကိုနဲ့ ဖီလ်က ဘယ်လိုလုပ် အဆင်မပြေဖြစ်သွားလဲ""အဲဒါက အကြောင်းအရင်းမဟုတ်ဘူး""ဒါဆို ဘာအကြောင်းအရင်းလဲ""ကဲပါ။ တယ်ရီ ... တော်ပါတော့""ကို့မှာ ဘာအကြောင်းပြချက်မှ မရှိတာလေ"တရက်ဇ်က ပြောလိုက်သည်။သို့သော် ရစ်ချက်က တရက်ဇ်၏ စကားလုံးများအောက်ပင် စိတ်ကို မထိန်းနိုင်လောက်အောင် ဟန်ပျက်သွားပြီး၊ သူ့ဘက်ကနေ လှည့်သွားကာ ဘားပေါ်သို့ သူ့တံတောင်ဆစ်ကို လွှဲတင်လိုက်သည်။ တရက်ဇ်လည်း ရစ်ချက်ကို ရုတ်တရက် သနားမိလာသည်။ အခုမှမဟုတ်၊ အရင်တစ်ပတ်မှမဟုတ်၊ အနာဂတ်မှာလည်း သူ့အပေါ်ထားမည့် ရစ်ချက်၏ ခံစားချက်များကို ဘာမှမဟုတ်နေသလို ... ပတ်သက်ခဲ့သည့် အတိတ်ကာလတစ်လျှောက်လုံးမှာလည်း ရစ်ချက်ကို အောင့်သက်သက် ခံရခက်စေခဲ့သည်။ရစ်ချက်က သူ့စီးကရက်ကို ဘားပေါ်မှ ပြာခွက်ထဲသို့ ထိုးချေလိုက်သည်။"ဒီညရော မင်းဘာလုပ်မှာလဲ"ကယ်ရောနှင့် ခရီးထွက်မည့် ကိစ္စကို ပြောပြဖို့ သူတွေးလိုက်၏။ ရစ်ချက်ကို ပြောပြမည်ဟု နှစ်ခေါက်လောက် တွေးပြီးမှ မပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်။"ကိုရော တစ်ခုခုလုပ်ချင်တာ ရှိလား"တရက်ဇ်က ရစ်ချက်၏ဆန္ဒကို မေးကြည့်လိုက်၏။"ဒါပေါ့"ရစ်ချက်က စိတ်ပျက်အားလျော့စွာဖြင့် ဖြေလာသည်။"ကိုတို့ ညစာစားပြီး၊ ဆမ်နဲ့ဂျုံးတို့ကို ခေါ်ရင်ရော ... မင်း ဘယ်လို သဘောရလဲ။ ဒါမှမဟုတ် ဒီည ကိုတို့ လမ်းလျှောက်ထွက်ပြီး၊ သူတို့ဆီ သွားတွေ့ကြရင်ရော""ကောင်းပြီလေ"သို့သော် တရက်ဇ်က ဒါကို သဘောမကျပေ။ သူ တွေ့ဖူးသမျှထဲမှ ပျင်းစရာအကောင်းဆုံး လူနှစ်ယောက် ဖြစ်သည်။ တစ်ယောက်က စာရေးဝန်ထမ်း၊ တစ်ယောက်မှာ စက္ကရီထေရီ ဖြစ်သည်။ သူတို့နှစ်ယောက်က လက်ထပ်ထားကြပြီး၊ အနောက်ဘက် လမ်း၂၀တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြသည်။ ရစ်ချက်က သူတို့လည်း လက်ထပ်ပြီး၍ အတူနေကြသည့်အခါ သူတို့နှစ်ယောက်ဘဝကို စံနမူနာယူစေနိုင်ဖို့ ဆိုတာကို တရက်ဇ် သိသည်။ ဒါကို သူမုန်းမိ၏။ တခြားညတွေမှာ ပြောလာလျှင်တော့ သူ ငြင်းမိလိမ့်မည်။ အခုအချိန်မှာတော့ ရစ်ချက်ကို ဂရုဏာသက်မိပြီး၊ အပြစ်ရှိသလို ခံစားရ၍ ပြေလည်ရာပြေလည်ကြောင်း လိုက်နေဖို့ လိုအပ်တာကြောင့် ဖြစ်သည်။ရုတ်တရက် လွန်ခဲ့သည့်နွေက တယ်ရီတောင်းရွာဘက်သို့ သူတို့ ပျော်ပွဲစားထွက်ခဲ့တာကို ပြန်သတိရမိ၏။ ရစ်ချက်က မြက်ခင်းပေါ်မှာ လှဲကာ စကားပြောနေရင်း သူ့အိတ်ဆောင်ဓားဖြင့် ဝိုင်ပုလင်းဖော့ဆို့ကို ဖြည်းဖြည်းချင်း ဖွင့်ဖောက်နေတာကို သူ ပြန်မြင်ယောင်မိသည်။ သူတို့ ဘာအကြောင်း ပြောနေတာပါလိမ့်။ ထိုအချိန်လေးက ကျေနပ်ပျော်ရွှင်နေမှုနှင့် တစ်ခုခုကို အတူမျှဝေနေသည့် အနှစ်သာရကို သူ အမှတ်ရမိသည်။ ဘယ်ပေါ်တွင် မူတည်ခဲ့ပြီး၊ အခု အဲခံစားချက်တွေက ဘယ်ပျောက်သွားသလဲကို သူ စဉ်းစားနေမိသည်။အခုတော့ သူ့အနားတွင် ရပ်နေသည့် ကိုယ်ပြားပြားရှည်ရှည်နှင့် ရစ်ချက်၏ပုံရိပ်က သူ့အလေးချိန်နှင့်ပင် တရက်ဇ်ကို ဖိနှိပ်ချုပ်ချယ်ထားသလို ခံစားရ၏။ သူ့မကျေမချမ်းမှုကို အတင်းမျိုသိပ်ထားသော်လည်း အရာဝတ္ထုတစ်ခုလို သူ့ကိုယ်တွင်းတွင် ပိုလေးလံပြီး ပို၍သာ စိတ်ပင်ပန်းနေမိသည်။ဘားကို မှီရပ်နေသော ဂင်တိုတို အီတလီလုပ်သားနှစ်ယောက်ကို သူ ကြည့်လိုက်သည်။ ခုနကတည်းက သတိထားနေမိသည့် ဘားအစွန်းနားမှ မိန်းကလေးနှစ်ယောက်ကိုလည်း သူ ကြည့်လိုက်၏။ အခုတော့ သူတို့နှစ်ယောက်က ထွက်သွားဖို့ လုပ်နေကြသည်။ သူတို့မှာ ဘောင်းဘီရှည်များကို ဝတ်ထားကြပြီး၊ တစ်ယောက်က ယောက်ျားလေး ဆံပင်ပုံစံ ညှပ်ထား၏။ သူတို့က တရက်ဇ် ကြည့်နေတာကို မြင်သွားတာကြောင့် သူတို့ကို ဆက်မကြည့်တော့ဘဲ အဝေးကို မျက်နှာလွှဲလိုက်၏။"ဒီမှာပဲ စားလိုက်ကြမလား။ မင်း ဆာနေပြီလား"ရစ်ချက်က မေး၏။"ဟင့်အင်း။ တခြားတစ်နေရာ သွားရအောင်"ဆမ်နှင့်ဂျုံးတို့ နေထိုင်သည့် အနောက်ဘက်သို့ သူတို့ လျှောက်လာလိုက်ကြသည်။ တရက်ဇ်က သူတို့နှစ်ယောက် အာရုံတွေ မထွေပြားသွားခင် စကားလုံးများကို စိတ်တွင် အရင် ပြန်ရွတ်ကြည့်နေမိ၏။"ကို မစ္စစ်အဲ့ဒ်ကို မှတ်မိသေးလား။ ဟိုတနေ့က ကျွန်မရဲ့အိမ်မှာ ကိုနဲ့ ဆုံဖူးတဲ့ အမျိုးသမီးလေ""ဒါပေါ့""သူက ကျွန်မကို သူနဲ့ ခရီးလိုက်ဖို့ ပြောတယ်။ အနောက်ဘက်ကို သူ့ကားနဲ့ပဲ သွားကြမှာတဲ့။ နှစ်ပတ်သုံးပတ်လောက်တော့ ကြာမယ်။ အဲဒါ ကျွန်မ လိုက်သွားမလို့""အနောက်ဘက်ကို ဟုတ်လား။ ကယ်လီဖိုနီးယားဘက်လား"ရစ်ချက်က အံ့အားသင့်သလို မေးလာ၏။"ဘာဖြစ်လို့လဲ""ဘာလို့လဲ။ မင်း သူ့အကြောင်း အဲလောက်တောင် သိလို့လား""ကျွန်မ သူနဲ့ ခဏခဏ ဆုံဖြစ်ပါတယ်""အေး ... ကောင်းတယ်ကွာ။ အဲဒါလည်း မင်း ကို့ကို မပြောပြဘူး"ရစ်ချက်က လက်များကို လွှဲရမ်းကာ လျှောက်နေရင်း တရက်ဇ်ကို ကြည့်လိုက်၏။"မင်းတို့နှစ်ယောက်ပဲလား""ဟုတ်တယ်""ဘယ်တော့ သွားမှာလဲ""၁၈ရက်နေ့""ဒီလထဲလား။ ဒါဆို မင်း ပြဇာတ်ကို မကြည့်လိုက်ရဘဲ နေမှာပေါ့"တရက်ဇ်က ခေါင်းခါလိုက်သည်။"အများကြီး လွတ်သွားစရာ မရှိပါဘူး""လိုက်သွားမှာ သေချာသွားပြီပေါ့""အင်း"သူ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။"သူက ဘယ်လိုလူစားမျိုးလဲ။ သောက်သောက်စားစားလူတော့ မဟုတ်ဘူးမလား""မဟုတ်ပါဘူး"တရက်ဇ်က ပြုံးလိုက်သည်။"သူက သောက်သောက်စားစားပုံ ပေါ်နေလို့လား""မဟုတ်ပါဘူး။ တကယ်တော့ သူက လူရည်သန့်ပြီး ကြည့်ကောင်းပါတယ်။ အံ့ဩလွန်းလို့ပါကွာ။ အဲဒါပဲ""ဘာလို့လဲ""မင်းက ဘယ်ကိစ္စကိုမဆို အတိအကျကြီး ဆုံးဖြတ်ချက်ချခဲပါတယ်။ မင်း စိတ်ပြောင်းချင် ပြောင်းဦးမှာပေါ့""မပြောင်းတော့ဘူး""ဒါဆို ကို မင်းနဲ့ သူ့ကို နောက်တစ်ခါ ထပ်တွေ့လို့ ရဦးမှာပေါ့။ မင်း စီစဉ်ကြည့်ပေးမယ်မလား""မနက်ဖြန် သူ မြို့ထဲလာမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် သူ အချိန်ဘယ်လောက်ရမလဲ၊ ကျွန်မဆီ ဖုန်းဆက်လာဦးမလား၊ ဖုန်းမဆက်ဘဲ နေမလားတော့ ကျွန်မ မသေချာဘူးနော်"ရစ်ချက်ရော၊ တရက်ဇ်ရော စကားဆက်မပြောတော့ချေ။ ထိုတစ်ညနေခင်းလုံးမှာ ကယ်ရောအကြောင်းကို ထပ်မပြောဖြစ်တော့ပါ။xxxxxတနင်္ဂနွေမနက်ခင်းတွင် ရစ်ချက်က ပန်းချီဆွဲပြီး၊ နေ့လယ် ၂နာရီလောက်မှာ တရက်ဇ်၏ တိုက်ခန်းဆီသို့ လာလိုက်သည်။ ကယ်ရော ဖုန်းဆက်ပြီး သိပ်မကြာခင်မှာပင် သူ ရောက်လာ၏။ တရက်ဇ်က ရစ်ချက်လည်း သူနှင့်အတူ ရှိနေမည်ဖြစ်ကြောင်း ကယ်ရောကို ပြောပြလိုက်သည်။"ဒါဆို သူ့ကိုပါ ခေါ်ခဲ့လေ"ကယ်ရောက ပလာဇာအနီးတွင် ရောက်နေပြီး၊ သူတို့ ပမ်အခန်းတွင် ဆုံကြမည်ဖြစ်သည်။နာရီဝက်မျှအကြာတွင် အခန်း၏အလယ်အနားလောက်က စားပွဲဝိုင်းမှ သူတို့နှစ်ယောက်ကို ဦးမော့ကြည့်နေသော ကယ်ရောကို တရက်ဇ် မြင်လိုက်၏။ ပထမဆုံးအကြိမ်လို၊ ကြီးမားသော သက်ရောက်မှု၏ ပဲ့တင်သံလို ကယ်ရော၏ မြင်ကွင်းရှေ့တွင် တရက်ဇ် တုန်လှုပ်နေမိသည်။ကယ်ရောက အနက်ရောင်ဝတ်စုံနှင့် နေ့လယ်စာစားတုန်းက သူ ဝတ်ထားခဲ့သည့် အစိမ်းနှင့်ရွှေရောင်စပ် လည်စည်းလေးကို ဝတ်ဆင်ထား၏။ သို့သော် အခုတော့ ကယ်ရောက တရက်ဇ်ထက် ရစ်ချက်အပေါ်ကို ပို၍ အာရုံထားနေသည်။သူတို့သုံးယောက်စလုံး ဘာတစ်ခွန်းမှ မပြောဖြစ်သေးပေ။ တရက်ဇ်ဘက်ကို တစ်ကြိမ်မျှ လှည့်ကြည့်လိုက်သည့် ကယ်ရော၏ မီးခိုရောင် မျက်ဝန်းများမှ တည်ငြိမ်အေးဆေးမှုနှင့် ရစ်ချက်မျက်နှာမှ သာမန်ရိုးရှင်းသော အမူအရာကို မြင်နေရသည့် တရက်ဇ်ကတော့ စိတ်ပျက်လာသလို ခံစားနေမိသည်။ရစ်ချက်က ကယ်ရောနှင့်တွေ့ဖို့ လာခဲ့သည်။ သို့သော် ဒီကိုရောက်အောင် လာချင်စိတ်က အကျိုးအကြောင်း သိချင်စိတ်ထက်တော့ နည်းလိမ့်မည်။ သူ့မှာလည်း တခြား လုပ်စရာ အလုပ်မရှိ၍လည်း လိုက်လာတာဖြစ်မည်ဟု တရက်ဇ် တွေးလိုက်၏။လက်သည်းများကို အနီတောက်တောက် အရောင်တင်ထားသည့် ကယ်ရော၏လက်များကို ရစ်ချက်က အသေအချာ ကြည့်နေတာကို တရက်ဇ် တွေ့လိုက်ရသည်။ အစိမ်းရည်ကြည်ကြည်ရှိသည့် နီလာလက်စွပ်နှင့် တခြားလက်တစ်ဖက်မှ လက်ထပ်လက်စွပ်ကိုလည်း သူ သတိထားကြည့်နေ၏။ သွယ်လျသည့်လက်ချောင်းများ ဖြစ်သော်လည်း လက်ကြောမတင်း၊ အသုံးမကျ ခိုကပ်တတ်သည့်လက်များဟု ရစ်ချက် မပြောနိုင်ပါ။ ကယ်ရော၏လက်များက ခိုင်မြဲသန်မာသည့် သဘောရှိပြီး၊ လှုပ်ရှားမှုတိုင်းနှင့် လိုက်လျောညီထွေ တွဲဖက်နေတတ်သည်။ ထို့နောက်ကယ်ရော၏အသံမှာ သူ့ဝန်းကျင်ပတ်လည်က တီးတိုးအသံများကြားမှ ခပ်အုပ်အုပ်ထွက်လာသည်။ ရစ်ချက်ကို ပြောတာမဟုတ်ဘဲ ကယ်ရောက ရယ်လိုက်သေး၏။ကယ်ရောက တရက်ဇ်ကို ကြည့်နေ၏။"မင်း ရစ်ချက်ကို တို့တွေ ခရီးထွက်မယ့်အကြောင်း ပြောပြပြီးပြီလား""ဟုတ်ကဲ့။ မနေ့ညကပဲ""အနောက်ဘက်ကိုဆို"ရစ်ချက်က မေးလိုက်သည်။"တို့ကတော့ အနောက်မြောက်ဘက်ကို သွားချင်တာ။ လမ်းတွေပေါ် မူတည်တာပေါ့"တရက်ဇ်က ရုတ်တရက် စိတ်မရှည်ဖြစ်လာသည်။ ဒီအကြောင်းကို ဆွေးနွေးဖို့သက်သက် ဒီမှာ ထိုင်ဖြစ်ကြနေတာပဲလား။ အခုလည်း သူတို့တွေက အပူချိန်အကြောင်းနှင့် ဝါရှင်တန်ပြည်နယ်အကြောင်း ပြောနေကြသည်။"ဝါရှင်တန်က တို့ဇာတိပြည်နယ်လို့ ပြောလို့ရတယ်"ကယ်ရောက ပြောသည်။ခဏအကြာတွင် ကယ်ရောက ပန်းခြံမှာ လမ်းလျှောက်ကြမလားဟု မေးလာ၏။ ရစ်ချက်က ဘေးကားထွက်နေသည့် သူ့ဘောင်းဘီအိတ်ကပ်က ငွေတောင်းခံလွှာများနှင့် အကြွေများကို ဆွဲထုတ်ကာ သူတို့ သောက်ထားသည့် ဘီယာနှင့် ကော်ဖီဖိုး ရှင်းလိုက်သည်။ ကယ်ရောနှင့်တောင် သူ့အပြုအမူများက မထူးခြားဘူးဟု တရက်ဇ် တွေးလိုက်၏။ ရစ်ချက်က သူ့ကိုပင် အရိပ်အချည် ကြည့်မနေဘူးဟု တရက်ဇ် ခံစားနေရသည်။ အမှန်ပင် ... တရက်ဇ်က ကျောက်တုံးတွေ၊ တိမ်ပုံသဏ္ဌာန်တွေကို ခံစားပုံဖော်ဖို့ ကြိုးစားကြည့်နေချိန်တွင် ရစ်ချက်က အဲဒါတွေကို တစ်ခါတလေ ကြည့်တောင်ကြည့်မနေတတ်ချေ။ အခုလည်း သူက စားပွဲကို ငုံ့ကြည့်နေသည်။ သူ့ ပါးလျသော နှုတ်ခမ်းများနှင့် အတော်သင့် ပြုံးနေရင်း မတ်တပ်ထရပ်လိုက်၏။ ပြီးလျှင် သူ့ဆံပင်များကို လက်နှင့် အလျင်အမြန် တွန်းသပ်လိုက်သေးသည်။xxxxxသူတို့တွေ ၅၉လမ်းက ပန်းခြံဝင်ပေါက်မှ တိရစ္ဆာန်ရုံဘက်သို့ ဦးတည်၍ အေးအေးလူလူ လျှောက်လာခဲ့ကြ၏။ မြင်မြင်ချင်း တံတားအောက်က စင်္ကြံပေါ်တွင် လျှောက်လာရင်း စင်္ကြံလမ်းလေး ချိုးကွေ့သွားမှ ပန်းခြံထဲသို့ ဝင်ရောက်လာကြသည်။ လေမှာ ငြိမ်သက်ပြီး အေးစက်နေကာ အနည်းငယ် တိမ်ဖုံးနေသည်။ သူတို့ ခပ်ဖြေးဖြေး လှမ်းလာကြသည့် ပုံရိပ်များကြားက အရာအားလုံးမှာ ငြိမ်သက်နေသလို၊ အသက်မဲ့နေသလို သေဝပ်နေ၏။"ကျွန်တော် မြေပဲနည်းနည်းလောက် ရှာဝယ်လိုက်ရမလား"ရစ်ချက်က မေးလိုက်သည်။ကယ်ရောက ပလက်ဖောင်းအစွန်းနားတွင် ကိုယ်ကို ကိုင်းညွတ်နေကာ ရှဥ့်ကလေးကို သူ့လက်နှင့် မြှူနေ၏။"တို့ တစ်ခုခု ထည့်လာပါတယ်"ကယ်ရောက ညင်ညင်သာသာ ပြောလိုက်၏။ရှဥ့်ကလေးက ကယ်ရောအသံကို ကြားသွားပေမယ့် ပြန်ချဉ်းကပ်လာကာ ကယ်ရောလက်ချောင်းများကို ကြောက်ကြောက်လန့်လန့်နှင့် ဆုပ်ကိုင်လိုက်ရင်း သွားများကို စိလိုက်ပြီး၊ အဝေးသို့ သုတ်ကာချီကာ ပြေးသွား၏။ကယ်ရောက ပြုံးရင်း မတ်တပ်ရပ်လိုက်သည်။"ဒီမနက်ကပဲ တို့ အိတ်ကပ်ထဲကို တစ်ခုခု ထည့်ထားခဲ့တာ""ခင်ဗျားနေတဲ့နေရာမှာလည်း ရှဥ့်တွေကို အစာကျွေးတတ်တယ်ပေါ့"ရစ်ချက်က မေးလိုက်၏။"ရှဥ့်တွေရယ်၊ မြောက်အမေရိကရှဥ့်တွေရောပဲ"ကယ်ရောက ပြန်ဖြေလိုက်သည်။သူတို့ ဘာပျင်းစရာကောင်းတာတွေများ ပြောနေပါလိမ့်ဟု တရက်ဇ် စဉ်းစားနေမိသည်။ထို့နောက် သူတို့ ခုံတန်းလျားလေးတစ်ခုပေါ်တွင် ထိုင်ပြီး စီးကရက်ဖွာနေကြသည်။ သေးသေးကွေးကွေး နေမင်းလေးဟာ လိမ္မော်ရောင်တောက်သည့်အလင်းကို သယ်လာရင်းက အဆုံးမှာ သစ်ပင်တစ်ပင်၏ ပိန်ခြောက်နေသည့် အမည်းရောင်သစ်ခက်များကြား ဖြာကျလာတာကို ကြည့်ရင်း တရက်ဇ်က 'ဒီမှာပဲ မိုးချုပ်ပြီး၊ ကယ်ရောနှင့်သူ နှစ်ယောက်တည်း ရှိနေဖို့' ဆုတောင်းနေမိသည်။ သူတို့ လမ်းပြန်လျှောက်ဖို့ လုပ်လိုက်သည်။ကယ်ရောက အခုချက်ချင်း အိမ်ပြန်ဖို့ လုပ်လာလျှင် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်မိလိမ့်မည်ဟု တရက်ဇ် တွေးမိလိုက်သည်။ ၅၉လမ်း တံတားပေါ်ကပဲ ခုန်ချမိမလား။ လွန်ခဲ့သည့်အပတ်က ရစ်ချက် သူ့ကို ပေးထားသော ဘန်ဇဒရင်းစိတ်ကြွဆေးပြား သုံးပြားလောက်ကို သောက်ပစ်မိမှာပဲလား။"မင်းတို့တွေ တစ်နေရာရာဝင်ပြီး လက်ဖက်ရည်သောက်ချင်သေးလား"သူတို့တွေ တိရစ္ဆာန်ရုံနားမှာသာ ရှိနေစဉ် ကယ်ရောက မေးလာသည်။"ကာနီဂီခန်းမနားက ရုရှားဆိုင်လေးဆိုရင်ရော""ရမ်ပယ်မေယာဆိုင်က ဒီနားမှာပဲ"ရစ်ချက်က ပြောလိုက်၏။"ရမ်ပယ်မေယာဆိုင်ဆိုရင်ရော အဆင်ပြေလား"တရက်ဇ် သက်ပြင်းချလိုက်သည်။ ကယ်ရောကလည်း တုံ့ဆိုင်းသွားဟန် ရှိ၏။ သို့သော် သူတို့တွေ အဲဆိုင်ကိုသာ ဝင်လိုက်ကြသည်။ တရက်ဇ်က ထိုဆိုင်ကို အန်ဂျလိုနှင့် တစ်ခေါက်ရောက်ဖူးမှန်း အမှတ်ရသွားသည်။ နေရာကိုတော့ ဂရုမစိုက်ပေ။ ဆိုင်မှ စူးရှသည့်အလင်းရောင်များက သူ့ကို မကွယ်ကာထားသော ခံစားမှုမျိုးကို ပေးသည်။ လူတစ်ယောက်က လူတစ်ယောက်ကို ကြည့်နေလျှင် မသိရတာ ဒါမှမဟုတ် မှန်ထဲကပုံရိပ်ကို ကြည့်နေလျှင် မသိရတာက သူ့အတွက် စိတ်ရှုပ်စရာ ဖြစ်သည်။"ဟင့်အင်း။ မယူတော့ဘူး။ ကျေးဇူးပဲ"ကယ်ရောက စားပွဲထိုးမလေး ကိုင်ထားသည့် မုန့်ညက်မုန့်ဗန်းကြီးကို ခေါင်းခါပြရင်း ပြောလိုက်သည်။တရက်ဇ်ကလည်း ငြင်းလိုက်ပေမယ့် ရစ်ချက်ကတော့ မုန့်ညက်နှစ်ခုကို ရွေးယူလိုက်သည်။"ဒါက ဘာအတွက်လဲ။ ကျွန်မ စိတ်ပြောင်းသွားရင်ပေါ့ဆိုပြီး ... ဟုတ်လား"တရက်ဇ်က မေးလိုက်၏။ရစ်ချက်က သူ့ကို မျက်စိမှိတ်ပြလိုက်သည်။ သူ့လက်သည်းများက ညစ်ပေနေပြန်တာကို တရက်ဇ် သတိထားလိုက်မိ၏။ရစ်ချက်က ကယ်ရောကို ဘယ်လိုကားမျိုး ရှိတာလဲဟု မေးလိုက်၏။ ကားအမျိုးမျိုး၏ ကောင်းကွက်တွေကို သူတို့ ပြောနေကြပြန်သည်။ကယ်ရောက သူ့အရှေ့မှ စားပွဲဝိုင်းများဆီသို့ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်တာကို တရက်ဇ် တွေ့လိုက်ရ၏။ တရက်ဇ်ကလည်း ကယ်ရောနောက်တွင် စောင်းချထားသည့် မှန်မှ အမျိုးသားတစ်ဦးကို စိုက်ကြည့်နေမိသည်။ ထိုလူကြီးက တရက်ဇ်ကို ကျောပေးထား၏။ ရှေ့ဘက်ကို ကိုင်းညွတ်နေကာ အမျိုးသမီးတစ်ဦးနှင့် ရေပက်မဝင် ပြောဆိုနေ၏။ ထိုအမျိုးသမီးကလည်း လေးလေးနက်နက် ကိစ္စတစ်ခုခုကို ပြောနေရင်း ထိုအမျိုးသား၏ ဘယ်လက်ကို ဆက်ခနဲ ဆွဲလိုက်သည်။သူနှင့် စကားပြောနေသော ပိန်ပိန်ပါးပါးနှင့် သက်လတ်ပိုင်းအရွယ်ရှိသည့် အမျိုးသမီးကို တရက်ဇ် ကြည့်နေရင်း ထိုလူကြီးအပေါ် ရင်းရင်းနှီးနှီး ရှိနေသည့် ထိုအမျိုးသမီး၏ အရှိန်အစော်က စစ်မှန်သလား၊ မှန်တစ်ချပ်လို ဆက်ဆံနေသလားဟု စဉ်းစားနေမိသည်။ မျက်နှာပြင်ပေါ်တွင် ပုံရိပ်ကို အတိမြင်လိုက်ရမှ ဆပ်ပြာပူစီဖောင်း ပေါက်သွားသလို မှတ်ဉာဏ်က ဗွားခနဲ ပေါ်လာသည်။ ဟာ့ဂ်ျ ဖြစ်နေသည်။တရက်ဇ်က ကယ်ရောကို စေ့စေ့စောင်းစောင်း ကြည့်လိုက်၏။ အကယ်၍ ကယ်ရောက ဟာ့ဂ်ျကို သတိထားမိလျှင်တောင် တရက်ဇ်လည်း သူ့နောက်မှ မှန်ဖြင့် ဟာ့ဂ်ျကို မြင်နေရတာတော့ သိလိမ့်မည် မထင်ပါ။ ခဏအကြာတွင် ကယ်ရော၏ပခုံးကို ကျော်၍ မှန်ကို တစ်ချက် ကြည့်လိုက်ရာ ဟာ့ဂ်ျကို ထင်ထင်ပေါ်ပေါ် တွေ့လိုက်ရသည်။ ကယ်ရောအိမ်မှာ ရှိနေခဲ့တုန်းက ပုံရိပ်လို ဟာ့ဂ်ျမှာ နှာတံတိုတိုမောက်မောက်၊ မျက်နှာက ထောင့်ကျကျနှင့် ပုံမှန်ဆံပင်ခွဲကြောင်းမှ ရွှေရောင်ဆံပင်ခွေများက ပြေပြေလျော့လျော့ လိမ်ကောက်နေသည်။ကယ်ရောက ရစ်ချက်ကိုကြည့်ရင်း တရက်ဇ်ဘက်သို့ လှည့်ကြည့်လိုက်၏။ "ဟုတ်တာပေါ့"ဟု ဆိုရင်း အနည်းငယ်ပြုံးလိုက်ကာ ရစ်ချက်ဘက်သို့ ပြန်လှည့်သွားပြီး စကားဆက်ပြောနေပြန်သည်။ ကယ်ရောအမူအရာများမှာ အရင်အတိုင်းပင် လုံးဝ မပြောင်းလဲသွားချေ။ တရက်ဇ်က ဟာ့ဂ်ျနှင့်အတူ ရှိနေသည့် အမျိုးသမီးကို သတိထားကြည့်ကြည့်သည်။ သူက ငယ်လည်း မငယ်ရွယ်။ ဆွဲဆောင်မှုလည်း ထိုမျှ မရှိ။ ဟာ့ဂ်ျ၏ ဆွေမျိုးတစ်ယောက်ယောက် ဖြစ်မည်ဟု သူ တွေးလိုက်သည်။ထို့နောက် ကယ်ရောက ရှည်ကျန်နေသေးသည့် စီးကရက်ကို အမြန်ဖွာသောက်နေတာကို တရက်ဇ် တွေ့လိုက်ရ၏။ ရစ်ချက်ကလည်း စကားပြောတာ ရပ်လိုက်သည်။ သူတို့ ထွက်သွားကြဖို့ အဆင်သင့်နေပြီ ဖြစ်သည်။ကယ်ရောကို မြင်သွားသည့် ဟာ့ဂ်ျကို တရက်ဇ် ကြည့်လိုက်၏။ ဟာ့ဂ်ျက မြင်မြင်ချင်း ကယ်ရောမှ ဟုတ်ရဲ့လားဟု စောင်းစွေပြီး ကြည့်လိုက်သလို သူ့မျက်လုံးများက ပိတ်လုနီးပါး မှေးသွားသည်။ သူနှင့်အတူ ရပ်နေသည့် အမျိုးသမီးကို တစ်ခုခုပြောကာ ကယ်ရောဆီ လျှောက်လာ၏။"ကယ်ရော""ဟယ်လို ... ဟာ့ဂ်ျ"ကယ်ရောက ရစ်ချက်နှင့် တရက်ဇ်တို့ဘက် လှည့်ကြည့်လိုက်သည်။"တို့ကို ခဏလောက် ခွင့်ပြုဦးနော်"ရစ်ချက်နှင့်အတူရပ်နေသည့် တံခါးပေါက်မှနေ၍ ကယ်ရော၏ ခေါင်းဆောင်းထိပ်သီးမျှ အရပ်မရှည်သည့် ဟာ့ဂ်ျ၏ ရှေ့သို့ ကိုင်းညွတ်နေသည့် ပုံရိပ်ကို မြင်နေရသည်။ ထိုပုံရိပ်ကို ကျော်လွန်ပြီး ဟာ့ဂ်ျ၏ စိုးရိမ်ကြောင့်ကြမှုကြားက ဂုဏ်မောက်မှုမာနနှင့် ရန်လိုမှု၊ ဟာ့ဂ်ျပြောသမျှကို ပြီးပြီးရော မျက်စိမှိတ်ခေါင်းညိတ်လုပ်နေသည့် ကယ်ရော၏ အမူအရာ၊ သူတို့ အခု ပြောနေတဲ့ကိစ္စတွေအပြင် လှေနှင့်ဓာတ်ပုံကို ရိုက်ကူးထားသည့် အချိန်က၊ လွန်ခဲ့သည့် သုံးနှစ် ငါးနှစ်လောက်က သူတို့ အချင်းချင်း ပြောဖြစ်ခဲ့ကြမည့် စကားများကို တရက်ဇ် မှန်းဆနေမိသည်။ ကယ်ရောက သူ့ကို တစ်ကြိမ်တစ်ခါမျှတော့ ချစ်ဖူးခဲ့ပြီး၊ အခုတော့ ဒါကို အမှတ်ရရန်ပင် ခက်ခဲနေလိမ့်မည်။xxxxx"ကိုတို့ အခု သွားလို့ရပြီလား ... တယ်ရီ"ရစ်ချက်က တရက်ဇ်ကို မေးလာသည်။ကယ်ရောက ဟာ့ဂ်ျ၏စားပွဲဝိုင်းမှ အမျိုးသမီးကို နှုတ်ဆက်ရင်း ခေါင်းညိတ်ပြနေတာကို တရက်ဇ် မြင်လိုက်ရ၏။ ထို့နောက် ဟာ့ဂ်ျဆီမှ လှည့်ထွက်လာလိုက်သည်။ ဟာ့ဂ်ျက ကယ်ရောအပြင် တရက်ဇ်နှင့် ရစ်ချက်ကိုပါ လှမ်းကြည့်နေသည်။ တရက်ဇ်ကို မှတ်မိသည့်ပုံမပေါ်ချေ။ သူ သူ့စားပွဲဝိုင်းသို့ ပြန်ဝင်ထိုင်လိုက်၏။"တို့ အားနာပါတယ်ကွယ်"ကယ်ရောက သူတို့ဆီ ပြန်လာပြီး ပြော၏။လမ်းစင်္ကြံတွင် တရက်ဇ်က ရစ်ချက်ကို သူ့နား ဆွဲကပ်လိုက်ပြီး ပြောလိုက်သည်။"ဒါဆို ကျွန်မ ဒီမှာပဲ နှုတ်ဆက်လိုက်တော့မယ်နော် ... ရစ်ချက်။ ကယ်ရောက ဒီည သူ့သူငယ်ချင်းတစ်ယောက်ဆီ သွားလည်ဖို့ ကျွန်မကို လိုက်စေချင်လို့""အိုး"ရစ်ချက်က မျက်မှောင်ကြုတ်လိုက်သည်။"ကို ဒီညအတွက် ဂီတဖျော်ဖြေပွဲလက်မှတ်တွေ ရထားတာလေ။ မင်းသိသားနဲ့"တရက်ဇ်က အခုမှ ပြန်မှတ်မိသွားသည်။"ဟုတ်သား။ အဲလက်စ်ရဲ့ပွဲပဲ။ ကျွန်မမေ့သွားတယ်။ တောင်းပန်ပါတယ်"ရစ်ချက်က မရွှင်မပြဖြင့် ပြောလာ၏။"အရေးမကြီးပါဘူးကွာ"တကယ်လည်း အရေးမကြီးပေ။ ရစ်ချက်၏သူငယ်ချင်း အဲလက်စ်က တယောဂီတဖျော်ဖြေဝိုင်းနှင့် တွဲကာ၊ လွန်ခဲ့သည့်အပတ်က သူကိုယ်တိုင်ပင် ရစ်ချက်ကို ထိုလက်မှတ်များ ပေးခဲ့သည်။"မင်းက ကို့ထက် သူနဲ့ပဲ တွေ့ဖြစ်ချင်နေတာမလား"ရစ်ချက်က မေး၏။ကယ်ရောက အငှားကားငှားဖို့ လုပ်နေတာကို တရက်ဇ် တွေ့လိုက်ရသည်။ ကယ်ရောက သူတို့နှစ်ယောက်တည်းကို တစ်ခဏမျှ အချိန်ပေးနေတာလည်း ဖြစ်မည်။"အနည်းဆုံးတော့ ကိုက ဒီမနက်ပဲဖြစ်ဖြစ် ဖျော်ဖြေပွဲအကြောင်း သတိပေးရမှာကို""ခုနက သူ့အမျိုးသားလား"ရစ်ချက်က မျက်မှောင်ကြုတ်ရင်းပင် မျက်လုံးများက မှေးသွား၏။"ဘာတွေလဲ ... တယ်ရီ""ဘာက ဘာကိုလဲ""သူ့ယောက်ျားကို ကို မသိဘူးလေ"ရစ်ချက်က ခဏ စောင့်ဆိုင်းလိုက်၏။ ထို့နောက် သုန်မှုန်နေသည့်မျက်နှာထားမျိုး မဟုတ်တော့ဘဲ သူက အကျိုးအကြောင်း မဆီလျော်မှန်း လက်ခံလာသလို ပြုံးလာ၏။"ကို တောင်းပန်ပါတယ်။ ကို ဒီည မင်းနဲ့တွေ့ဖို့ပဲ စိတ်အားသာနေလို့"သူ ကယ်ရောဆီ လျှောက်သွားလိုက်၏။"ဒါဆို ကောင်းသောညပါဗျာ"ရစ်ချက်က ပြော၏။ရစ်ချက်က သူပဲ ထွက်သွားတော့မလို ကြည့်နေ၏။ကယ်ရောက ပြောလာသည်။"မင်း မြို့ထဲဘက် သွားမှာလား။ တို့ မင်းကို လမ်းကြုံခေါ်သွားပေးလို့ ရပါတယ်""ကိုယ့်ဘာသာပဲ လမ်းလျှောက်လိုက်ပါမယ်ဗျာ။ ကျေးဇူးပဲ""မင်းတို့နှစ်ယောက် ချိန်းထားတာတစ်ခုခု ရှိတယ်မလား"ကယ်ရောက တရက်ဇ်ကို မေးလာ၏။ရစ်ချက်က ဖင့်နွဲ့နေတာကို တရက်ဇ် မြင်လိုက်ရသည်။ တရက်ဇ်က သူမကြားနိုင်တော့လောက်သည့် နေရာမှ ကယ်ရောဆီသို့ လျှောက်သွားလိုက်၏။"သိပ်အရေးမကြီးပါဘူး။ ရှင်နဲ့လိုက်လို့ ရပါတယ်"အငှားကားတစ်စီးက ကယ်ရောဆီ ထိုးရပ်လာ၏။ ကယ်ရောက ကားတံခါးကို ဖွင့်ဖို့ လက်ဟန်ပြင်လိုက်သည်။"တို့ကိစ္စလည်း အရေးမကြီးပါဘူး။ မင်း ဒီညကို ရစ်ချက်နဲ့ပဲ နေလိုက်တော့ပေါ့"တရက်ဇ်က ရစ်ချက်ကို ကြည့်လိုက်သည်။ ရစ်ချက်က ကယ်ရောပြောတာကို ကြားလိုက်သည်ဟု တရက်ဇ် ထင်၏။"ဒါဆို တာ့တာနော် ... တရက်ဇ်""ကောင်းသောညပါဗျာ"ရစ်ချက်က လှမ်းနှုတ်ဆက်လိုက်၏။"ကောင်းသောညပါရှင်"တရက်ဇ်က နှုတ်ဆက်လိုက်ပြီး၊ ကယ်ရော ကားတံခါးပိတ်သွားသည်အထိ ကြည့်နေမိသည်။xxxxx"ကဲ ဒီတော့..."တရက်ဇ်က ရစ်ချက်ကို ကျော်ကာ လျှောက်လာ၏။ ဒီညမှာ သူ ဖျော်ဖြေပွဲကိုလည်း သွားမှာမဟုတ်၊ သူ့ကိုယ်သူ ထိခိုက်နာကျင်အောင်လည်း လုပ်မှာမဟုတ်။ အိမ်ကိုသာ မြန်မြန်ပြန်လျှောက်ပြီး၊ ဟာကီဗီကို ပြနိုင်ဖို့ အင်္ဂါနေ့အမှီ အပြီးသတ်ချင်သည့် စင်ဒီဇိုင်းကိုသာ ဆက်ဆွဲနေလိုက်မည်။ ရစ်ချက်က သူ့ကို လိုက်မှီလာသည့် တစ်ခဏအတွင်းကို စိတ်ဆင်းရဲစရာတစ်ဝက်၊ အာခံဖီဆန်နေရတာတစ်ဝက် ဖြစ်ရသည့် တစ်ညနေခင်းလုံးကို ပြန်မြင်ယောင်ကြည့်နေသည်။"ဘာဖြစ်ဖြစ် ကျွန်မ ဖျော်ဖြေပွဲကို မသွားချင်တာက မသွားချင်တာပဲ"တရက်ဇ်၏လုပ်ပုံကြောင့် ရစ်ချက်မှာ နောက်ပြန်လှမ်းမိကာ စိတ်ဆိုးဆိုးဖြင့် ပြောလိုက်၏။"အေး ... ကောင်းတယ်။ မသွားနဲ့"ရစ်ချက်က အနောက်ဘက် ၅၉လမ်းဆီသို့ တစ်ဖက်စောင်းနင်း ခြေလှမ်းများဖြင့် လျှောက်သွားသည်။ ညာဘက်ပခုံးက ရှေ့ကို ကြိုရောက်နေပြီး၊ လက်များက မညီမညာ လွှဲရမ်းသွားသည်။ အိမ်အပြန်လမ်းတစ်လျှောက်လုံး သူ ဒေါသထွက်သွားမှာကို တရက်ဇ် သိနေသည်။ ရစ်ချက်မှာ သူ့မြင်ကွင်းက ပျောက်ကွယ်သွားတော့သည်။လွန်ခဲ့သည့်တနင်္လာမှာ ကတ်တရင်းက သူ့ကို ပယ်ချလိုက်မှုကို စိတ်ထဲ ပြန်ရောက်လာ၏။ ရစ်ချက် ပျောက်ကွယ်သွားသည့် အမှောင်ထုထဲသို့ တရက်ဇ် ငေးစိုက်ကြည့်နေမိသည်။ ဒီညအတွက်တော့ အပြစ်ရှိသည်ဟု သူ မခံစားရပါ။ တခြားခံစားချက်တစ်ခုခု ဖြစ်လိမ့်မည်။သူ ရစ်ချက်ကို အားကျမိ၏။ သူ့အတွက် နေရာတစ်နေရာ၊ အိမ်တစ်အိမ်၊ အလုပ်တစ်ခု၊ လူတစ်ယောက်ယောက် အမြဲ ရှိနေလိမ့်မည်ဆိုသည့် သူ၏ ယုံကြည်နေမှုကို တရက်ဇ် အားကျမိသည်။ သူ့သဘောထားကိုလည်း အားကျမိသေးသည်။ ဒီလိုစိတ်နေစိတ်ထားရှိသည့် သူ့ကိုပင် တရက်ဇ်တစ်ယောက် မကျေမချမ်း ဖြစ်မိခဲ့သည်။
**********
YOU ARE READING
Carol (မြန်မာပြန်)
RomanceMyanmar Translation of A Romance Novel - well known as Carol on the screen. (love between the two women in 1950s)