Chapter 16.1 (Zawgyi)

52 3 0
                                    

အခန်း ၁၆


ကယ်ရော ဝတ်ဆင်နေတုန်းမှာ တရက်ဇ်က သတင်းစာယူဖို့ ထွက်လာခဲ့လိုက်သည်။ ဓာတ်လှေကားထဲသို့ သူ လှမ်းလာခဲ့၏။ ဓာတ်လှေကားအလယ်စင်တာတည့်တည့်တွင် ရပ်ကာ ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည်။ အရာရာဟာ ပြောင်းလဲသွားသလို၊ အကွာအဝေးများက မတူညီတော့သလို၊ ဟန်ချက်တွေကလည်း အတော်လေး ကွာခြားနေသလို သူ အနည်းငယ် ကြောင်တောင်နေမိသည်။ ဧည့်စောင့်ခန်း၏ အခန်းထောင့်မှ သတင်းစာစင်သို့ သူ ဖြတ်လျှောက်လာလိုက်သည်။"ကော်ရီယားနဲ့ ထရီဘျွန်း"ကော်ရီယားနဲ့ ထရီဘျွန်း သတင်းစာများကို ယူဆောင်လာသည့် အမျိုးသားတစ်ဦးကို သူ ပြောလိုက်၏။ သူ ဝယ်လိုက်သည့် သတင်းစာနာမည်များလိုပင် သူ ပြောလိုက်သည့် စကားလုံးမှာ ထူးဆန်းနေ၏။"ရှစ်ဆင့်နော်"သတင်းစာသမားက ပြောလိုက်ရာ တရက်ဇ်က သူ့ကို ပေးလာသည့် အကြွေကို ငုံ့ကြည့်လိုက်၏။ ရှစ်ပြားနှင့် နှစ်ဆယ့်ငါးပြားကြား ကွာခြားချက် ရှိနေသေးတာကို သူ တွေ့လိုက်ရ၏။ဧည့်စောင့်ခန်းတွင် သူ လှည့်လည်ဖြတ်လျှောက်လာရင်း အမျိုးသားတချို့ ဆံပင်ညှပ်နေကြသော ဆံပင်ညှပ်ဆိုင်မှန်ကို ကြည့်လိုက်မိသည်။ လူမည်းတစ်ယောက်က ပြောင်ပြောင်လက်လက်ရှိသည့် ဖိနပ်ကို ဝတ်ထားသည်။ ဆေးပြင်းလိပ်တစ်လိပ်ရယ်၊ အနားပြန့်ပြန့် ဦးထုပ်ဆောင်းထားပြီး၊ အနောက်တိုင်းစတိုင် ဘွတ်ဖိနပ်ဝတ်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်က သူ့အနားမှ ဖြတ်လျှောက်သွား၏။ထိုဧည့်စောင့်ခန်းမကြီးနှင့်အတူ လူများ ... ဧည့်လာများကို မှတ်တမ်းပြုစုထားသည့် စားပွဲအောက်ခြေမှ ရှေးကျသော သစ်သားထည်နှင့် ... သတင်းစာအပေါ်က သူ့ကို လှမ်းကြည့်လိုက်ပြီး၊ ထိုင်ခုံပေါ်တွင် မှီထိုင်ချကာ စာဆက်ဖတ်နေသော အမည်းနှင့် မလိုင်ရောင် စကျင်ကျောက်တိုင်အကြားက အနက်ရောင် အပေါ်ကုတ်နှင့် ယောက်ျားတို့ကို သူ အမြဲ မှတ်မိနေတော့မှာ ဖြစ်သည်။xxxxxတရက်ဇ်က အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ ကယ်ရော၏ပုံရိပ်မှာ လှံသွားကဲ့သို့ ဖြတ်ပေါ်လာ၏။ သူလည်း တံခါးလက်ကိုင်ကို ကိုင်ထားရင်း တစ်ခဏမျှ ရပ်နေမိသည်။ရေချိုးခန်းထဲမှ ကယ်ရောက ဆံပင်ကို ဖြီးနေရာက သူ့ခေါင်းပေါ်တွင်ပင် ဘီးကို ထိန်းထားရင်း တရက်ဇ်ကို ကြည့်နေ၏။ သူ့ကို ခေါင်းအစ ခြေအဆုံး ကြည့်နေသည်။"လူကြားထဲမှာတော့ အဲလိုမလုပ်နဲ့ကွယ်"တရက်ဇ်က သတင်းစာကို အိပ်ရာပေါ်သို့ ပစ်တင်ကာ ကယ်ရောဆီ လျှောက်သွားလိုက်၏။ ရုတ်တရက် ကယ်ရောက သူ့ကို သူ့လက်မောင်းများဖြင့် ဖမ်းဆွဲလိုက်သည်။ ဘယ်တော့မှ မခွဲမခွာတော့မည့်အတိုင်း တစ်ယောက်ကိုတစ်ယောက် ဆုပ်ကိုင်ထားကြသည်။ တရက်ဇ်က တုန်ရီနေမိပြီး၊ မျက်ရည်များပင် ဝဲတက်လာသည်။ ကယ်ရော၏ လက်မောင်းများအောက်မှာ အချုပ်ခံထားရခြင်းက အနမ်းများထက်ပင် ပိုနီးစပ်နေရပြီး၊ စကားလုံးများကို ရှာဖွေဖို့ ခက်လှသည်။"ရှင် ဘာလို့ အကြာကြီး စောင့်ခဲ့ရတာလဲ"တရက်ဇ်က မေးလိုက်၏။"ဘာလို့လဲဆိုတော့ တို့ မလိုချင်မိတဲ့ ဒုတိယအကြိမ်ဆိုတာ ထပ်ရှိတော့မှာမဟုတ်ဘူးလို့ တို့ ထင်တယ်လေ။ ဒါပေမယ့် အဲဒါက မမှန်ပါဘူး"တရက်ဇ်က အက်ဘီကို တွေးလိုက်မိသည်။ သူတို့နှစ်ဦးကြားကို ကျရောက်လာသည့် ခါးသက်မှုအချွန်တစ်ခုလိုပင်။ ကယ်ရောက သူ့ကို လွှတ်လိုက်သည်။"နောက်ပြီး တခြားတစ်ခုရှိသေးတယ်။ မင်းအနားမှာ ရှိနေရဖို့၊ မင်းအကြောင်း သိဖို့ရယ်က တော်တော်လေး လွယ်လိမ့်မယ်လို့ တို့ သိနေခဲ့တာပဲ။ တို့ တောင်းပန်ပါတယ်ကွယ်။ မင်းအတွက် မမျှတခဲ့ဘူး"တရက်ဇ် အံကို တင်းတင်း ကြိတ်ထားမိသည်။ အခန်းကို ဖြတ်ကာ ဖြေးဖြေးသာသာ လျှောက်နေသော ကယ်ရောကို သူ ကြည့်ပြီး၊ ကျယ်ပြန့်သော နေရာလွတ်တစ်ခုကို ကြည့်လိုက်သည်။ ထို့နောက် ကုန်တိုက်မှာ အခုလိုပင် ကယ်ရောတစ်ယောက် ဖြည်းဖြည်းသာသာ လျှောက်သွားပုံကို ပထမဆုံးအကြိမ် သူ မြင်ခဲ့တာကို ပြန် အမှတ်ရမိ၏။ ဒါကို ထာဝရ သူ မှတ်မိနေမှာ ဖြစ်သည်။ကယ်ရောက အက်ဘီကိုလည်း ချစ်ခဲ့ဖူးလိမ့်မည်။ ဒါအတွက် ကယ်ရောက သူ့ကိုယ်သူ အပြစ်တင်ဟန် ရှိ၏။ တစ်နေ့မှာ သူ့ကို ချစ်မိလို့ရော ကယ်ရောက သူ့ကိုယ်သူ အပြစ်တင်နေမလားဟု တရက်ဇ် စဉ်းစားနေမိသည်။ ဒီဇင်ဘာနှင့် ဇန်နဝါရီလများဟာ ဒေါသတွေ၊ ချီတုံချတုံဖြစ်နေရမှုတွေ၊ ချော့လိုက်ခြောက်လိုက် ဆိုသလို အလိုလိုက်တစ်လှည့်ပြီးလျှင် အပြစ်တင်ဆုံးမမှုတို့နှင့် ပြည့်နှက်နေမှန်း သူ အခုမှ နားလည်လာ၏။ သို့သော် အခုချိန်မှာ ကယ်ရော ဘယ်လိုစကားမျိုးပြောပြော အဟန့်အတားနှင့် မရေရာမှုတွေ ဘာမျှ ရှိမှာ မဟုတ်မှန်း သူ သဘောပေါက်မိသည်။ ကယ်ရောနှင့် အက်ဘီကြား အရင်က ဘယ်လိုကိစ္စမျိုးပဲ ရှိခဲ့ ရှိခဲ့ ... ဒီမနက်ခင်းမှာတော့ အက်ဘီမှ မရှိနေခဲ့တာပဲ။"မမျှတခဲ့ဘူးမလား""ကျွန်မ ရှင့်ကို စသိကတည်းက ရှင်က ကျွန်မကို ပျော်ရွှင်စေခဲ့တာပဲ""မင်း ဒီလို ထင်မြင်ချက် မပေးနိုင်ပါဘူးကွယ်""ဒီမနက်မှာတော့ ပေးလို့ရတယ်မလား"ကယ်ရောက ပြန်မဖြေပါ။ တံခါးချက်ကျသွားသည့် သွားကျိန်းစရာ အသံကသာ သူ့ကို ဖြေ၏။ ကယ်ရောက တံခါးချက်ချလိုက်ပြီး၊ အခန်းထဲမှာ သူတို့ သီးသန့်သာ ရှိနေတော့သည်။ တရက်ဇ်က ကယ်ရောဆီ ... ကယ်ရော၏ လက်မောင်းများအတွင်းဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။"ကျွန်မ ရှင့်ကို ချစ်တယ်"တရက်ဇ်က စကားလုံးများကို ကြားနိုင်ရုံမျှ ပြော၏။"ကျွန်မ ရှင့်ကို ချစ်တယ်။ ကျွန်မ ရှင့်ကို ချစ်တယ်"xxxxxကယ်ရောကတော့ ဒီနေ့မှာ သူ့ကို တမင် အာရုံမထားသည့်ဟန် ရှိသည်။ အဟန့်အတားတစ်ခုနှင့် ဝေးရာမှ ကားနောက်ဆုတ်နေရင်း လှောင်ပြောင်သည့်သဘောမဟုတ်ဘဲ ကျိန်ဆဲလိုက်သော်လည်း သူ့ စီးကရက်တိုမှာ မာန်မပါ။"ပရေရီ ကားပါကင်မီတာမှာ ဆယ်ပြားစေ့ထည့်လိုက်မိရင်တော့ သောက်ပြဿနာပဲ"သို့ပေမယ့် ကယ်ရောက သူ့ကို ကြည့်နေတာကို တရက်ဇ် သိသွားသည့်အခါမှာတော့ ကယ်ရောမျက်လုံးများက ပြုံးရွှင်ပြနေ၏။ တစ်နေ့လုံး စီးကရက်စက်ကြီးရှေ့ မတ်တပ်ရပ်နေစဉ် သူ့ပခုံးပေါ် မှီချရင်း ... စားပွဲအောက်မှ သူ့ခြေထောက်ကို လာလာထိရင်း ... သူ့ကို ကျီစယ်နေ၏။ ဒါဟာ တရက်ဇ်ကို တစ်ချိန်တည်းမှာပင် အားနွဲ့လာစေလိုက်၊ စိတ်တင်းမာစေလိုက်နှင့် ခံစားလာစေ၏။ သူ ကြည့်ဖူးသော ရုပ်ရှင်တွေမှာ လူတွေ လက်တွဲထားပုံကို သူ မြင်ယောင်နေမိသည်။ ဘာကြောင့် သူနှင့် ကယ်ရောကရော အတူ လက်မတွဲထားနိုင်ရမှာလဲ။ ရိုးရိုးရှင်းရှင်းပင် ဆိုင်တစ်ဆိုင်မှာ ချိုချဉ်ဘူးတစ်ဘူး ရွေးရင်း ရပ်နေစဉ် ကယ်ရော၏လက်ကို ဆုပ်ကိုင်လိုက်ရာ ကယ်ရောက တိုးတိုး ရေရွတ်လိုက်၏။"မလုပ်နဲ့"တရက်ဇ်က မင်နီယာပေါလစ်မှ သကြားလုံးချိုချဉ်ဆိုင်က ချိုချဉ်ဘူးကို မစ္စစ်ရော်ဘီချက်ဆီ တစ်ဘူး၊ ကယ်လီတို့စုံတွဲဆီကို တစ်ဘူး ပို့ပေးလိုက်သည်။ ရစ်ချက်၏အမေဆီကိုတော့ ခပ်ကြီးကြီး ကုန်းပတ်ဘူးတစ်ဘူး ပို့ပေးလိုက်၏။ အခန်းအကန့်များနှင့် ဒီနှစ်ထပ်သစ်သားဘူးကို မစ္စစ်ဆမ်ကိုက အပ်ချုပ်ပစ္စည်းတွေ ထည့်ထားဖို့ နောက်ပိုင်း ပြန်သုံးမှာကို သူသိနေသည်။xxxxx"အက်ဘီနဲ့ ရှင် အခုလိုမျိုး ရှိခဲ့ဖူးလား"ထိုညနေ ကားထဲမှာ ရှိနေစဉ် တရက်ဇ်က မေးကြည့်လိုက်သည်။ကယ်ရော၏မျက်လုံးများက ရုတ်တရက် နားလည်လိုက်စွာဖြင့် မျက်တောင်တစ်ချက်ခတ်လိုက်၏။"ဘယ်လိုမေးခွန်းမျိုးပါလိမ့်"နောက်မှ သူပြောလာသည်။"ရှိခဲ့တယ်လေ"ရှိခဲ့တာပေါ့။ သူ ဒါကို သိပြီးသား ဖြစ်သည်။"အခုရော""တရက်ဇ်..."သူက ခပ်တင်းတင်း ထပ်မေးလိုက်၏။"ကျွန်မနဲ့ နေခဲ့တုန်းကလိုမျိုး တူလား"ကယ်ရောက ပြုံးလိုက်၏။"မတူပါဘူးကွယ် ... ဒါလင်ရယ်""ယောက်ျားတွေနဲ့ အိပ်ရတာထက် ပိုပျော်စရာကောင်းတယ်လို့ ရှင်မထင်ဘူးလား"ကယ်ရော၏အပြုံးမှာ ရွှင်ပြဖွယ် ရှိ၏။"မလိုအပ်ပါဘူးကွယ်။ ဘယ်သူနဲ့လဲဆိုတာပေါ်မှာတော့ မူတည်တာပေါ့။ မင်းရော ရစ်ချက်အပြင် တခြား ဘယ်သူတွေ ရှိခဲ့သေးလဲ""ဘယ်သူမှ မရှိဘူး""အော် ... တခြားလူတချို့နဲ့ စမ်းကြည့်သင့်တယ်လို့ မင်း မထင်ဘူးလား"တရက်ဇ်မှာ တစ်ခဏတာ စွန့်အသွားရ၏။ သို့ပေမယ့် သူ့ပေါင်ပေါ်တွင် တင်ထားသည့် စာအုပ်ကို သူ့လက်ချောင်းများဖြင့် ခေါက်နေကာ ဘာမှမဟုတ်သလို နေနေလိုက်သည်။"တစ်ချိန်ချိန်ပေါ့ ... ဒါလင်ရယ်။ ဖြတ်သန်းရမယ့် နှစ်တွေအများကြီး ရှိသေးတာပဲလေ"တရက်ဇ် ဘာတစ်ခွန်းမှ မပြောပေ။ ကယ်ရောကို ထားသွားခဲ့ဖို့ သူ ဘယ်လိုမှ မတွေးကြည့်နိုင်ပါ။ နောက်ထပ် ဆိုးရွားလွန်းသည့် မေးခွန်းမှာ သူ့ခေါင်းထဲသို့ စတင် ပေါ်လာပြီး၊ အဖြေကို မရမက ရအောင် နာကျင်စရာ တောင်းဆိုမှုက သူ့ဦးနှောက်ကို ထုနှက်လာ၏။ ကယ်ရောကတော့ သူ့ကို ထားသွားမှာပဲလား။"တို့ဆိုလိုတာက မင်း ဘယ်သူနဲ့ အိပ်တတ်သလဲဆိုတာ အလေ့အကျင့်ပေါ်မှာ အများကြီး မူတည်တယ်လေ"ကယ်ရောက ဆက်ပြော၏။"ပြီးတော့ မင်းက ဆုံးဖြတ်ချက်တွေ အများကြီးချဖို့ ... တခြားအကျင့်တွေ ဖြစ်လာဖို့ တော်တော်ငယ်သေးတယ်လေ""ရှင်ကရော အကျင့်တစ်ခုပဲလား"သူ ပြုံးပြုံးရွှင်ရွှင် မေးလိုက်ပေမယ့် သူ့အသံထဲက မကျေမချမ်းမှုကို သူ ပြန်ကြားလိုက်ရ၏။"အဲဒါက ဘာမှမဟုတ်ဘဲ အကျင့်တစ်ခုလို့ ရှင် ဆိုလိုချင်တာလား""အချိန်တိုင်း စိတ်အားငယ်တတ်တဲ့ တရက်ဇ်လေးရယ်""ကျွန်မ စိတ်အားမငယ်နေပါဘူး"သူ ပြန်လည်ချေပလိုက်သည်။ သို့သော် မရေရာမှုတွေက ဖြစ်လာပြန်၏။ သူ့မှာ ဘယ်လောက်ရှိခဲ့တာက အရေးမကြီး။ ဒါဟာ သူ ရှိခဲ့တာတွေထက် နည်းနည်းပိုပြီး၊ သူ အမြဲတမ်း ဖြစ်ချင်ခဲ့သည့် အရာပဲမလား။ သူ လွှတ်ခနဲ ပြောထွက်သွား၏။"အက်ဘီလည်း ရှင့်ကို ချစ်တယ်မလား"ကယ်ရောက အနည်းငယ် စပြောလာသည်။"မင်းလိုပဲပေါ့။ အက်ဘီက သူ့ဘဝတစ်လျှောက်လုံးမှာ တို့ကို ချစ်ခဲ့တာ"တရက်ဇ်က သူ့ကို စေ့စေ့ကြည့်နေမိသည်။"တစ်ရက်က ကိစ္စကို တို့ ပြောပြမယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်က အတိတ်ပါပဲ။ လွန်ခဲ့တဲ့ လတွေ လတွေတုန်းကပေါ့"တရက်ဇ် ကြားနိုင်ရုံလောက်တင် ကယ်ရောက နူးနူးညံ့ညံ့ ပြောနေ၏။"လပိုင်းလေးတင် ... ဟုတ်လား""အင်း""ကျွန်မကို အခုပြောပြ""အချိန်ရယ် နေရာရယ်လို့တော့ မရှိပါဘူး""ဘယ်တုန်းကမှ အချိန်တစ်ခုရယ်လို့ မရှိပါဘူး"တရက်ဇ်က ပြောလိုက်၏။"ဘယ်တုန်းကမှ မှန်ကန်တဲ့အချိန်ရယ်လို့ မရှိဘူးလို့ ရှင် ပြောခဲ့တယ်မလား""တို့ ပြောခဲ့လို့လား။ ဘာအကြောင်းပြောတုန်းကပါလိမ့်"သို့သော် သူတို့နှစ်ယောက်လုံးက တစ်ခဏကြာမျှ ဘာမှ ထပ်မပြောတော့ချေ။ လေအေးက ခေါင်းခြုံထည်နှင့် လေကာမှန်ကို ဖြတ်၍ တရကြမ်းတိုက်လာကာ မိုးစက်မိုးပေါက်များ ကျလာ၏။ တစ်ခဏကြာ ဘာမျှ ကြားနိုင်မည်မဟုတ်၍ ဖြစ်သည်။ အပေါ်တစ်နေရာမှ အရှက်အကြောက်ကြီးစွာဖြင့် အခြားမိုးနတ်မင်းနှင့် မပြိုင်ဆိုင်တော့သလိုမျိုး လျှပ်စီးတော့ မလက်ပါ။ သူတို့ လမ်းဘေးတစ်နေရာတွင် ရပ်ကာ လုံလုံခြုံခြုံမရှိလှသည့် အကွယ်အကာ တစ်နေရာတွင် ခဏစောင့်ဆိုင်းနေကြလိုက်သည်။"တို့ မင်းကို အလယ်လောက်ကနေ ပြောပြမယ်"ကယ်ရောက ပြောလာ၏။"ဘာလို့လဲဆိုတော့ အဲဒါက ရယ်ရပြီး အထင်အမြင်နဲ့ တခြားစီဖြစ်ခဲ့တာမို့။ လွန်ခဲ့တဲ့ ဆောင်းတွင်းက တို့တွေအတူ ပရိဘောဂဆိုင် ဖွင့်တုန်းကပေါ့။ ဒါပေမယ့် မင်းကို အစပိုင်းက မပြောဘဲ ပြောပြလို့ ရမှာမဟုတ်ပါဘူးလေ။ အဲဒါက တို့တွေ ကလေးတုန်းကပေါ့။ တို့တွေမိသားစုက နယူးဂျာဆီမှာ နေကြတာ နီးနီးလေးပဲ။ အဲတော့ အားလပ်ရက်တွေဆိုရင် တို့တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖြစ်တယ်ပေါ့လေ။ တို့တွေ အသက် ခြောက်နှစ် ရှစ်နှစ်လောက် ရှိတုန်းမှာတောင် အက်ဘီက တို့ကို နည်းနည်း သဘောကျနေတယ်လို့ တို့ ထင်မိတယ်။ ပြီးတော့ သူ အသက် ၁၄နှစ်လောက် ကျောင်းနဲ့ဝေးနေချိန်မှာ သူက တို့ဆီ စာတွေ ရေးလာတယ်။ အဲအချိန်တုန်းကတည်းက မိန်းကလေးချင်း ကြိုက်တဲ့ မိန်းကလေးတွေအကြောင်း တို့ ကြားဖူးသားပဲ။ ဒါပေမယ့် အဲလိုမျိုးက အသက် အပိုင်းအခြားတစ်ခုရောက်ရင် မရှိနိုင်တော့ဘူးလို့ စာအုပ်တွေက ပြောထားတယ်လေ"စကားတစ်ခွန်းနှင့်တစ်ခွန်းကြား ဆက်မပြောတော့မည့်အတိုင်း ပြောနေရင်း တန့်တန့်သွားတတ်၏။"သူနဲ့ ကျောင်း အတူတူ တက်တာလား""ဟင့်အင်း။ တို့အဖေက တို့ကို မြို့ပြင်က တခြားကျောင်းမှာ ထားတာ။ အက်ဘီက ၁၆နှစ်လောက် ရောက်တော့ ဥရောပသွားတယ်။ သူ ပြန်လာတော့ တို့က အိမ်မှာ မဟုတ်ဘူး။ တို့ အိမ်ထောင်ကျပြီးတော့ ပါတီတစ်ခုမှာမှ သူနဲ့ တစ်ခေါက် တွေ့ရတာ။ အက်ဘီက တော်တော်လေး ပြောင်းလဲသွားတယ်။ ယောက်ျားလေးပုံစံ မဟုတ်တော့ဘူး။ ပြီးတော့ ဟာ့ဂ်ျနဲ့ တို့က တခြားမြို့ဆီ ပြောင်းသွားပြန်ရော။ သူနဲ့ နှစ်တွေကြာအောင် ထပ်မတွေ့ရတော့ပြန်ဘူး။ ရင်ဒီလေး မွေးပြီး တော်တော်ကြာကြာအထိပဲ။ ဟာ့ဂ်ျနဲ့ တို့ မြင်းစီးနေကျ မြင်းဇောင်းကို သူ ခဏလောက် တစ်ခါ ရောက်လာသေးတယ်။ အဲနောက်ပိုင်း တို့တွေ ခဏခဏ အတူတူ မြင်းစီးဖြစ်ကြတယ်။ ဟာ့ဂ်ျက ဂေါ့ဖ်ရိုက်သွားတဲ့ စနေနေ့လယ်ခင်းမျိုးဆို တို့နဲ့အက်ဘီက တင်းနစ် ကစားဖြစ်တယ်။ အက်ဘီနဲ့ တို့က အတူတူဆိုရင် အမြဲ ပျော်ရွှင်နေရတာပဲ။ အရင်ကလို အက်ဘီက တို့ကို သဘောကျနေတယ်ဆိုတဲ့အတွေးမျိုး တို့ လုံးဝ မတွေးမိဘူး။ တို့တွေက အတူတူ ကြီးပြင်းလာပြီး၊ ကိစ္စတော်တော်များများလည်း ဒီတိုင်း ဖြစ်ပျက်နေတာပဲလေ။ နောက်တော့ ဟာ့ဂ်ျနဲ့ သိပ်မတွေ့ချင်တော့တာနဲ့ပဲ ဆိုင်တစ်ဆိုင်ဆိုင် ဖွင့်မယ်ဆိုတဲ့ အကြံဉာဏ် တို့ ရလာတယ်။ တို့တွေက တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာကြတယ်လို့ တို့ ထင်လာတယ်လေ။ ဒါကို အဲအကြံကတော့ ကူညီပေးနိုင်မှာဆိုပြီး။ အဲတော့ ဆိုင်ဖွင့်ဖို့ သူရော တို့နဲ့ ပူးပေါင်းမလားဆိုပြီး တို့ အက်ဘီကို မေးကြည့်ရာကနေ တို့တွေ ဆိုင်ဖွင့်ဖြစ်သွားတာပဲ။ ရက်သတ္တပတ်နည်းနည်းကြာလာတော့ တို့ကပဲ သူ့ကို စိတ်ဝင်စားလာသလို ဖြစ်လာတယ်"ကယ်ရောက ခပ်တိုးတိုးပင် ပြောနေ၏။"ဒါကို တို့ နားမလည်ခဲ့ဘူး။ အရင်က အက်ဘီလည်း ဒီလိုမျိုး ခံစားဖူးမယ် ဒါမှမဟုတ် တို့နှစ်ယောက်လုံး ဒီလိုမျိုး ခံစားနေရတယ်ဆိုတာ သဘောပေါက်လာရင်း တို့ နည်းနည်း ကြောက်လာမိတယ်။ ဒါကို အက်ဘီ မသိအောင် တို့ တမင် ကြိုးစားနေခဲ့တယ်။ တို့ အောင်မြင်ခဲ့တယ်လို့ ထင်တာပဲ။ ဒါပေမယ့် ရယ်ရတာက ... ဒါက နောက်ဆုံး ရယ်ရတဲ့အပိုင်းပဲ။ လွန်ခဲ့တဲ့ဆောင်းတွင်းပိုင်း ညတစ်ညက အက်ဘီရဲ့အိမ်မှာလေ။ အဲညက လမ်းမှာ နှင်းတွေအပြည့်ပဲ။ ရိုးရိုးရှင်းရှင်းပဲ အက်ဘီရဲ့ အခန်းမှာ တို့တွေအတူ နေလိုက်ကြဖို့ အက်ဘီရဲ့အမေက အတင်း ပြောတာပေါ့။ ဘာလို့လဲဆိုတော့ တို့ နေဖူးတဲ့ အခန်းက အိပ်ရာမှာ အိပ်ရာခင်းမရှိ ဘာမရှိနဲ့လေ။ အရမ်းလည်း နောက်ကျနေတာနဲ့ပဲ။ အက်ဘီကလည်း အိပ်ရာခင်း ပြင်ပေးလိုက်ပါမယ် ပြော ... တို့တွေ ငြင်းကြပေမယ့် အက်ဘီ့အမေက မလျှော့တမ်း ပြောနေတော့တာ"ကယ်ရောက အနည်းငယ် ပြုံးကာ သူ့ကို တစ်ချက်ကြည့်လိုက်၏။ သို့ပေမယ့် ကယ်ရောက သူ့ကို မြင်တောင်မမြင်ဘူးဟု တရက်ဇ် ခံစားရသည်။"အဲတော့ တို့ အက်ဘီနဲ့ နေလိုက်ရတာပေါ့။ အဲညမှာ အဲလိုမဟုတ်ခဲ့ရင် ဘာမှဖြစ်ခဲ့မှာမဟုတ်ဘူးဆိုတာ တို့ သေချာတယ်။ အက်ဘီရဲ့အမေကြောင့်လည်း မဟုတ်ခဲ့ရင်ပေါ့။ အထင်နဲ့အမြင်တခြားစီဆိုတာ အဲဒါလေ။ အက်ဘီရဲ့အမေက အဲကိစ္စတွေ ဘာမှမှ မသိတာ။ ဒါပေမယ့် အဲလို ဖြစ်ခဲ့ကြတယ်။ တို့လည်း မင်းလိုပဲ ခံစားခဲ့ရတယ်။ မင်းလိုပဲ အရမ်းပျော်ခဲ့တယ်ပေါ့လေ"ဘယ်လိုစိတ်ခံစားချက်မျိုးမှ မရှိသလို တည်ငြိမ်လှသည့် လေသံမျိုးနှင့် ကယ်ရောက အဆုံးသတ်ကို ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။ဒါဟာ သဝန်တိုမှုလား၊ တုန်လှုပ်မှုလား၊ ဒါမှမဟုတ် အရာရာကို ရုတ်တရက် ရောထွေးပစ်လိုက်သော ဒေါသများလားဆိုတာ မသိဘဲ တရက်ဇ်က သူ့ကို ငေးစိုက်ကြည့်နေမိ၏။"နောက်ပြီးတော့ရော"တရက်ဇ်က မေးလိုက်သည်။"နောက်ပြီးတော့ တို့ အက်ဘီကို ချစ်နေမိတာ သိလာတယ်။ ဒါကို ဘာလို့ အချစ်လို့ မခေါ်တာလဲတော့ တို့ မသိဘူး။ ကြိုတင်စီစဉ်ထားမှုတွေ အားလုံးတော့ ရှိတာပဲ။ ဒါပေမယ့် ဝင်ပြီး ပြန်ထွက်သွားတဲ့ ရောဂါလိုပဲ ... နှစ်လပဲ ကြာလိုက်တယ်"ကယ်ရောက လေသံတစ်မျိုး ပြောင်းသွား၏။"ဒါလင် ... အဲဒါက မင်းနဲ့ မသက်ဆိုင်တော့ဘူး။ အဲတော့ တော်ပြီနော်။ မင်းသိချင်တာ တို့ သိပါတယ်။ ဒါပေမယ့် မင်းကို ပြောပြဖို့ အကြောင်းအရင်း မရှိဘူးလေ။ အရေးမှ မကြီးဘဲ""ဒါပေမယ့် ရှင်က သူနဲ့ပတ်သက်ပြီးလည်း ဒီလိုမျိုးပဲ ခံစားရတာဆိုရင်...""နှစ်လပဲလေ"ကယ်ရောက ဖြတ်ပြောလိုက်၏။"မင်းမှာ ယောက်ျားနဲ့ ကလေး ရှိလာတဲ့အခါ မင်း နားလည်မှာပါကွယ်။ နည်းနည်းတော့ ကွာခြားသွားတာပေါ့"သူနှင့် ကွာခြားသည်ဟု ကယ်ရောက ဆိုလိုတာဖြစ်သည်။ သူကတော့ ဘာတာဝန်ယူစရာမှ မရှိဖူးဘူးလေ။"ဟုတ်လား။ ရှင် ဒီတိုင်းပဲ စပြီး၊ ဒီတိုင်း ရပ်လိုက်လို့ ရလား""မင်းမှာ အခွင့်အရေးတစ်ခုတလေ မရှိခဲ့တဲ့အခါမှာပေါ့"ကယ်ရောက ဖြေလိုက်၏။မိုးစဲသွားပေမယ့် ငွေရောင်တန်းများလို မဟုတ်တော့သည့် မိုးစက်မိုးပေါက်များကိုတော့ သူ မြင်ရသေးသည်။"ကျွန်မ မယုံဘူး""မင်းတော့ ပြောရဆိုရ ခက်တဲ့ အခြေအနေ ရောက်နေပြီ""ရှင် ဘာလို့ အဆိုးမြင်ရတာလဲ""တို့က အဆိုးမြင်တယ် ဟုတ်လား"တရက်ဇ် ပြန်ဖြေရဖို့လောက်ထိတော့ မသေချာပါ။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ဘာလဲ။ အချစ်ဆိုတာ ဘာများလဲ။ အချစ်က ဘာလို့ အဆုံးသတ်ရလဲ။ အဆုံးမသတ်ရလဲ။ ဒါတွေကမှ တကယ့်မေးခွန်းအစစ်အမှန်တွေ ဖြစ်သည်။ ဘယ်သူတွေကများ ဒါတွေကို ဖြေပေးနိုင်မလဲ။"ဒါကို ထားလိုက်ပါတော့ကွယ်"ကယ်ရောက ပြောလာ၏။"တို့တွေ ခရီးဆက်ကြတော့မလား။ တစ်နေရာရာမှာ ဘရန်ဒီကောင်းကောင်း သွားသောက်ကြမယ်လေ။ ခြောက်သွေ့တဲ့ပြည်နယ်မှာဖြစ်ဖြစ်"


**********

Carol (မြန်မာပြန်)Where stories live. Discover now