အခန်း ၇
လူကြီးတစ်ယောက်က ပစ္စည်းတစ်ခုကို လက်မနှင့် လက်ညှိုးကြား ညှပ်ပြီး ပစ်စလက်ခတ် ကိုင်ကြည့်နေ၏။ ခေါင်းအနောက်တွင်သာ ဆံပင်အနက်များ ရှိရုံကလွဲ၍ ထိပ်ပြောင်နေသည်။ ချွေးများကလည်း စီးကျနေသေးသည်။ ကောင်တာတွင် တရက်ဇ် စကားစပြောကတည်းက အထင်သေးမှုနှင့် အဆင်မပြေမှုတွေကို ဖော်ပြလိုဟန်ဖြင့် နှုတ်ခမ်းများက ရှေ့ကို ဆူထွက်နေ၏။"မဖြစ်ဘူး"နောက်ဆုံးတွင် သူ ပြောလာသည်။"ဒီပစ္စည်းက ဘယ်လောက်မှ မတန်ဘူးလား"တရက်ဇ်က မေးလိုက်၏။"၅၀ဆင့်ပဲ ရမယ်"ပြီးတော့ ထိုပစ္စည်းကို တရက်ဇ်ထံ တွန်းပို့လိုက်ကာ တရက်ဇ်ကလည်း ပြန်သိမ်းလိုက်သည်။"ဒါဆို ဒါကရော"တရက်ဇ်က သူ့ကုတ်အင်္ကျီအိတ်ကပ်မှ စိန့်ခရစ်စတိုဖာဆွဲပြားနှင့် ငွေဘယက်လေးကို ထုတ်လိုက်၏။ထိုလူကြီးက လက်မနှင့် လက်ညှိုးနှင့်ပင် ဆွဲပြားကို အထင်သေးဟန်ဖြင့် လှည့်ပတ်ကြည့်လိုက်ကာ '၂၅၀ဆင့်လောက်တော့ တန်မယ်'ဟု ပြောလာသည်။၂၅၀ဆင့်ဆိုတော့ ၂ဒေါ်လာခွဲဖြစ်သည်။ ထိုဘယက်လေး လုပ်တုန်းက ဒေါ်လာ၂၀လောက် ကုန်ကျခဲ့ရသည်ဟု ပြောပြချင်လိုက်သည်။ သို့သော် ဒီနေရာရောက်လျှင် လူတိုင်းက ဒီစကားမျိုး ပြောကြလိမ့်မည် ဖြစ်၍ တရက်ဇ်လည်း ဘာမှမပြောတော့ဘဲ ထိုဘယက်ကို ပြန်ယူကာ အပြင်သို့ ထွက်လာ၏။ဆိုင်အရှေ့ပြတင်းမှန်တွင် ချိတ်ဆွဲထားသည့် အိတ်ဆောင်ဓားများ၊ လက်ပတ်နာရီအစုတ်များနှင့် လက်သမားတန်ဆာပလာများကို ကံကောင်းစွာဖြင့် ရောင်းချနိုင်ခဲ့သည့် လူများကို တရက်ဇ် တွေးနေမိသည်။ အမဲလိုက်ဓားရှည်များ ချိတ်ဆွဲထားသည့် တန်းအောက်မှ ထိုလူကြီး၏မျက်နှာကို တရက်ဇ် ထပ်လှည့်မကြည့်ဘဲ မနေနိုင်ပါ။ အဖိုးကြီးကလည်း သူ့ကို ကြည့်နေပြီး၊ သူ့လှုပ်ရှားမှုတိုင်းကို နားလည်နေသည့်ဟန်ဖြင့် ပြုံးနေသည်။ တရက်ဇ်လည်း လမ်းဘေးပလက်ဖောင်းမှ အမြန်လျှောက်ထွက်လာခဲ့သည်။နောက်ဆယ်မိနစ်လောက်အကြာတွင် တရက်ဇ် ထိုဆိုင်ကို ပြန်ရောက်လာခဲ့၏။ ထိုလူကြီး ပြောသည့် ၂ဒေါ်လာခွဲနှင့်ပင် ငွေဘယက်ကို ပေါင်နှံခဲ့သည်။xxxxxအနောက်ဘက်သို့ သူ အမြန် လျှောက်လာခဲ့လိုက်သည်။ လက်စင်တန်ရိပ်သာလမ်းမှ ပန်းခြံသို့ ပြေးလျှောက်လာခဲ့ပြီး၊ မက်ဒီဆန်လမ်းထဲသို့ ချိုးဝင်လာလိုက်သည်။ သူ့အိတ်ကပ်ထဲမှ ဘူးလေးတစ်ဘူး၏အစွန်းက သူ့ကို စူးသွားမိသည်အထိ ဘူးကို အတင်း ဆုပ်ကိုင်ထားခဲ့မိသည်။ စစ်စတာ ဘီယေထရေ့စ် ပေးခဲ့သည့် ပုလဲတချို့ကို မြှုပ်နှံစီခြယ်ထားသော သစ်သားဘူးလေး ဖြစ်သည်။ မည်မျှ တန်ဖိုးရှိမည်ကို မသိပေမယ့် တော်တော်တော့ တန်ဖိုးရှိလောက်မည်ဟု တရက်ဇ် ထင်ထားမိ၏။ အခုတော့ ဘယ်လောက်မှ မတန်မှန်း တရက်ဇ် သိလိုက်ရသည်။တရက်ဇ်က သားရေပစ္စည်းဆိုင်တစ်ဆိုင်ထဲ ဝင်သွားလိုက်သည်။ မှန်ဗီရိုမှာ ပြထားသည့် ရွှေခါးပတ်ခေါင်းနှင့် ကြိုးပါသည့် အနက်ရောင်လက်ဆွဲအိတ်ကို ပြပေးဖို့ အရောင်းစာရေးမကို ပြောလိုက်သည်။ကယ်ရောနှင့်အတူ နေ့လယ်စာစားသည့် စနေနေ့ မနက်ခင်းထဲက ထိုအိတ်လေးကို သတိထားခဲ့မိသည်။ ဖျတ်ခနဲ တစ်ချက်ကြည့်လျှင်ပင် အိတ်လေးက ကယ်ရောနှင့် တူသေးသည်။ ထိုနေ့ကသာ ကယ်ရောနှင့် သူ ထပ်တွေ့ဖို့ မစီစဉ်ခဲ့လျှင် ဒါမှမဟုတ် ကယ်ရောကို ထပ်မတွေ့နိုင်တော့လျှင်တောင် ထိုအိတ်လေးကို ဝယ်ကာ ကယ်ရောဆီ ပို့ပေးမည်ဟု စိတ်ကူးလိုက်မိသည်။"ဒီအိတ်ကို ယူလိုက်မယ်""ဟုတ်ကဲ့။ အခွန်ပါ ပါရင်တော့ ၇၁ဒေါ်လာနဲ့ ၁၈ဆင့် ကျပါတယ်ရှင်။ ဒီအိတ်ကို ပါကင်ထုတ်ဦးမလား""ဟုတ်ကဲ့"တရက်ဇ်က ဆယ်ဒေါ်လာတန်ပိုက်ဆံရွက်အသစ်များနှင့် အကြွေများကို ကောင်တာပေါ် တင်လိုက်သည်။ 'ဒီအိတ်ကို ည ၆နာရီခွဲလောက်မှ ပြန်လာယူမည်'ဟု မှာခဲ့ကာ ပြေစာစာရွက်ကို သူ့ခေါက်ပိုက်ဆံအိတ်တွင် အသေအချာ ညှပ်ပြီး၊ ဆိုင်မှ ထွက်လာခဲ့သည်။ ကုန်တိုက်ကို ဒီအိတ်ကြီး သယ်လာရလောက်သည်အထိ သူ ထပ်မမိုက်မဲတော့ပါ။ လူတအားကျသည့် ခရစ္စမတ်အကြိုနေ့မှာပင် အခိုးခံရနိုင်သည်။ တရက်ဇ်က တွေးရင်းနှင့် ပြုံးမိသွားသည်။ ဒီနေ့က ကုန်တိုက်မှာ သူ အလုပ်လုပ်သည့် နောက်ဆုံးနေ့ ဖြစ်သည်။ နောက်ထပ် လေးရက်မျှ ကြာလျှင် ကြောင်နက်ရှင်ပြဇာတ်ရုံတွင် အလုပ်ဝင်ရတော့မည်။ ခရစ္စမတ်ပြီးလျှင် ပြဇာတ်ဇာတ်ညွှန်းကို ဖီလ်က လာပေးလိမ့်မည်။ဘရန်တေနိုစာအုပ်တိုက်ကို တရက်ဇ် ဖြတ်လျှောက်လာခဲ့၏။ ဖဲကြိုးများဖြင့် သားရေပတ်စာအုပ်များနှင့် သံချပ်ကာဝတ်ထားသည့် စစ်သည်တော်ပုံများကို မှန်ပြတင်းမှ မြင်လိုက်ရသည်။ တရက်ဇ်က ထိုဆိုင်ကို ပြန်လှည့်ဝင်လာလိုက်သည်။ ပစ္စည်းဝယ်ဖို့ မဟုတ်ပေမယ့် လက်ဆွဲအိတ်ထက် ပိုကောင်းသည့် လက်ဆောင်ကို ရှာကြည့်နေမိသည်။ကောင်တာတစ်ခုပေါ်တွင် တင်ထားသည့် စာအုပ်တစ်အုပ်ကို သူ မျက်စိကျနေမိသည်။ စာအုပ်မျက်နှာဖုံးမှာ မြင်းဖြူတစ်ကောင်ပေါ်ကနေ၍ စစ်သည်တော်တစ်ဦးက ပန်းခင်းကို ဖြတ်နေပြီး၊ သူ့အနောက်တွင် လူတချို့က ပြေးလိုက်နေရကာ နောက်ဆုံးရဲမက်မှာ ရွှေလက်စွပ်ပါသည့် ကူရှင်တစ်ခုကို သယ်ဆောင်လာသည့်ပုံဖြစ်သည်။ ထိုသားရေပတ်စာအုပ်ကို တရက်ဇ် ယူကြည့်လိုက်သည်။ စာအုပ်မျက်နှာဖုံးနောက်တွင် တန်ဖိုး ၂၅ဒေါ်လာဟု ရေးထားသည်။ အကယ်၍ ဘဏ်ကို ချက်ချင်းသွားပြီး ငွေထုတ်လာလျှင် ဒီစာအုပ်လေးကို ဝယ်၍ရသည်။ ၂၅ဒေါ်လာမှာ ဘယ်လောက်မျှ မရှိပေ။ ငွေဘယက်ကိုလည်း ပေါင်နှံစရာမလိုပါ။ သို့သော် ထိုငွေဘယက်မှာ ရစ်ချက် လက်ဆောင်ပေးထားသည့် ပစ္စည်းဖြစ်ပြီး သူမလိုချင်တော့၍ ပေါင်နှံလိုက်ခြင်းဖြစ်သည်။ စာအုပ်ကို ပိတ်လိုက်ပြီး၊ ရွှေချောင်းကလေးများဖြင့် ကွပ်ထားသည့် စာမျက်နှာထောင့်စွန်းများကို တရက်ဇ် သတိထားကြည့်နေမိသည်။သို့သော် သက်လတ်ပိုင်းအရွယ်က အချစ်ကဗျာစာအုပ်ကို ကယ်ရော နှစ်သက်မည်လား ... တရက်ဇ် မသိပေ။ ကယ်ရောက ဘယ်လိုစာအုပ်မျိုး ကြိုက်တတ်မှန်းကိုပင် သူ နည်းနည်းလေးမျှ မသိပါ။ စာအုပ်ကို ချလိုက်ကာ ဆိုင်မှ ခပ်သွက်သွက် ထွက်လာသည်။xxxxxအရုပ်အရောင်းဌာနသို့ ရောက်လာချိန် ကောင်တာတစ်ခုနောက်မှာ မစ္စဆန်တီနီက ရပ်နေကာ လာသမျှလူတိုင်းကို ဘူးထဲမှ သကြားလုံးများ ဝေပေးနေ၏။"နှစ်လုံး ယူသွား"တရက်ဇ်ကို ပြောလာသည်။"ချိုချဉ်အရောင်းဌာနက ပို့ပေးတာလေ"တရက်ဇ်က သကြားလုံးတစ်လုံးကို ငုံရင်း ခရစ္စမတ်ကာလမျိုးတွင် ချိုချဉ်အရောင်းဌာနကပင် စိတ်စေတနာကောင်းနေပါလားဟု တွေးလိုက်သည်။ ထို့ပြင် ဒီနေ့တစ်နေ့လုံး စတိုးဆိုင်တွင် ထူးဆန်းတာတွေသာ ဖြစ်ပျက်နေ၏။နေ့အစပိုင်းမှာက ပုံမှန်လို မဟုတ်ဘဲ တိတ်ဆိတ်လွန်းလှသည်။ ခရစ္စမတ်အကြိုနေ့ဖြစ်၍ ဝယ်သူအများကြီး ရှိနေပေမယ့် သူတို့အားလုံးက အလျင်စလို မဟုတ်ဘဲ အေးအေးဆေးဆေးပင်။တရက်ဇ်က ဓာတ်လှေကားဘက်ကိုသာ ခဏခဏကြည့်နေမိပြီး ကယ်ရောကို ရှာနေမိသည်။ အကယ်၍ ကယ်ရော မလာခဲ့လျှင် (လာမှာမဟုတ်မှန်းကိုလည်း သူ သိနေသည်) ညနေ ၆နာရီခွဲလောက်တွင် ဖုန်းဆက်လိုက်ပြီး၊ ခရစ္စမတ် ဆုတောင်းပေးမည်။ ကယ်ရော၏ ဖုန်းနံပါတ်ကို တရက်ဇ် သိ၏။ ကယ်ရောအိမ်ရောက်တုန်းက တယ်လီဖုန်းဘေးတွင် ဖုန်းနံပါတ်ကို သူ မြင်ခဲ့သည်။"မစ္စဘဲလီဗက်"မစ္စစ်ဟန်ဒရစ်ဆင်က တရက်ဇ်ကို အော်ခေါ်လိုက်၍ ချက်ချင်း အာရုံကပ်အောင် ကြိုးစားလိုက်သည်။ သို့သော် ဟန်ဒရစ်ဆင်က တရက်ဇ်ရှေ့တွင် ရောက်လာသည့် ကြေးနန်းပို့သူကိုသာ ညွှန်ပြလိုက်၏။ ကြေးနန်းလက်ခံရရှိကြောင်းအတွက် တရက်ဇ်က ခပ်သော့သော့ပင် လက်မှတ်ရေးထိုးပေးလိုက်ပြီး၊ စာကို ဖွင့်ဖတ်ကြည့်လိုက်သည်။"ညနေငါးနာရီ ကုန်တိုက်အောက်မှာ ဆုံကြမယ်... ကယ်ရော"စာကို လက်ဖဝါးနှင့် လက်မဖြင့် ဖိသပ်ထားမိပြီး၊ ကြေးနန်းပို့သည့် အဖိုးအိုကြီး ဓာတ်လှေကားဘက် ပြန်လျှောက်သွားတာကို သူ လိုက်ကြည့်နေမိသည်။ အဖိုးကြီးက ခါးကုန်းကုန်းဖြင့် တစ်လှမ်းနှင့်တစ်လှမ်းကို အားယူလျှောက်နေရ၏။ ဒူးခေါင်းက ပတ်တီးများမှာလည်း လျော့လျော့ရဲရဲ ဖြစ်နေသည်။"မင်းကိုကြည့်ရတာ ပျော်နေပုံပဲ"မစ္စစ်ဇက်ဘရစ်စကီက သူ့အနားမှ ဖြတ်လျှောက်ရင်း ပြောသွားသည်။တရက်ဇ်က ပြုံးလိုက်ပြီး "အင်း"ဟု ဖြေလိုက်သည်။မစ္စစ်ဇက်ဘရစ်စကီတွင် နှစ်လသားအရွယ် ကလေးတစ်ယောက်ရှိပြီး၊ သူ့အမျိုးသားကတော့ အလုပ်မရှိတော့ဘူးဟု ပြောဖူးသည်။ မစ္စစ်ဇက်ဘရစ်စကီနှင့် သူ့အမျိုးသားက အခုဆို ချစ်နေကြသေးရဲ့လား၊ အမှန်တကယ် ပျော်နေကြသေးလားဟု တရက်ဇ် တွေးကြည့်သည်။ သူတို့ ချစ်ခဲ့ပျော်ခဲ့နိုင်သည်။ သို့သော် မစ္စစ်ဇက်ဘရစ်စကီ၏ မျက်နှာပြောင်နှင့် မလှမ်းချင်လှမ်းချင် လျှောက်နေသည့် ခြေလှမ်းများကို ကြည့်လျှင် ပျော်ရွှင်နေပုံ မပေါ်ချေ။ တစ်ချိန်မှာတော့ မစ္စစ်ဇက်ဘရစ်စကီက သူ ပျော်သလို ပျော်ခဲ့နိုင်သည်။ ပျော်ရွှင်မှုက ပျောက်ကွယ်သွားတာလည်း ဖြစ်နိုင်၏။ အချစ်ဆိုတာမျိုးက လက်ထပ်ပြီး နှစ်နှစ်လောက်ကြာလျှင် သေဆုံးသွားတတ်သည်ဟု ရစ်ချက်လည်း ပြောဖူးပြီး၊ သူကိုယ်တိုင်လည်း စာအုပ်တစ်အုပ်တွင် ဖတ်ဖူးတာကို သတိရသွားသည်။ တော်တော်ဆိုးဝါးလွန်းသည့် လှည့်စားမှုမျိုး ဖြစ်သည်။ကယ်ရော၏မျက်နှာနှင့် သူ့ရေမွှေးနံ့ ပျောက်ကွယ်သွားပြီး အဓိပ္ပါယ်မရှိတော့မည့်အချိန်တွေကို တရက်ဇ် တွေးကြည့်လိုက်သည်။ သို့သော် သူကရော ကယ်ရောကို ချစ်နေမိပြီလားဟု အရင်ဆုံး မေးရမည်။ သူ မဖြေနိုင်သည့် မေးခွန်းလည်း ဖြစ်၏။၅နာရီထိုးဖို့ ၁၅မိနစ်အလိုတွင် မစ္စစ်ဟန်ဒရစ်ဆင်ဆီ သွားကာ နာရီဝက်လောက် အလုပ်စောဆင်းချင်ကြောင်း ပြောလိုက်သည်။ ဟန်ဒရစ်ဆင်က ကြေးနန်းစာကြောင့် အလုပ်တစ်ခုခုလုပ်စရာ ပေါ်လာသည်ဟု တွေးနေလောက်ပြီး ဘာတစ်ခွန်းမှ မပြောကာ တရက်ဇ်ကို ခွင့်ပြုလိုက်သည်။ ဒီနေ့အဖို့ ထူးဆန်းသည့် နောက်ထပ်ကိစ္စတစ်ခုပင် ဖြစ်သည်။xxxxxကယ်ရောက သူတို့နှစ်ယောက် ဆုံဖို့ ချိန်းထားသည့် ခန်းမအဝင်ဝနားတွင် တရက်ဇ်ကို စောင့်နေ၏။"ဟယ်လို"တရက်ဇ်က နှုတ်ဆက်လိုက်သည်။"အားလုံး ပြီးသွားပြီ""ဘာကိုလဲ""ဒီမှာ အလုပ်လုပ်တာ ဒီနေ့နောက်ဆုံးပဲလေ"သို့သော် ကယ်ရောက စိတ်ညှိုးငယ်နေသည့်ပုံ ပေါ်၏။ တရက်ဇ်ကိုပင် ခဏတွင်းချင်း မျှော်လင့်ချက်များ လျော့သွားစေသည်။ ဘာပဲဖြစ်ဖြစ် ကယ်ရောကို စကားဆက်ပြောလိုက်သည်။"ရှင့်ဆီက ကြေးနန်းရလို့ ကျွန်မ တော်တော်ပျော်သွားသေးတယ်""မင်း အားရဲ့လားတောင် မသိပါဘူး။ ဒီညရော မင်း အချိန်ရရဲ့လား""ဒါပေါ့"တိုးဝှေ့နေသော လူအုပ်ကြီးများကို ရှောင်ကာရှားကာနှင့် သူတို့နှစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြသည်။ ကယ်ရောက သားရေဒေါက်ဖိနပ်လေးကို ဝတ်ထား၍ တရက်ဇ်ထက် လက်မအနည်းငယ် ပိုမြင့်နေသည်။ လွန်ခဲ့သည့် တစ်နာရီလောက်က နှင်းတွေ ကျနေခဲ့၏။ အခုတော့ ရပ်သွားပြီဖြစ်သည်။ လမ်းတစ်လျှောက်နှင့် ပလက်ဖောင်းပေါ်မှ နှင်းများက အဝတ်ပါးလွှာခင်းထားသလို ခြေထောက်များအောက်တွင် ဘာမှမရှိတော့သလိုပင်။"ဒီည အက်ဘီနဲ့တွေ့မလို့ လုပ်ထားတာ။ သူက အလုပ်များနေလို့တဲ့လေ။ ဘာပဲဖြစ်ဖြစ်ပါ။ မင်း ဆန္ဒရှိရင် တို့တွေ ကားပတ်မောင်းလို့ ရတာပဲ။ မင်းနဲ့တွေ့ရတာလည်း တော်တော်အဆင်ပြေတယ်။ ဒီလိုညမျိုးမှာ မင်းတစ်ယောက်တည်းကပဲ တို့အတွက် အချိန်ပေးနိုင်တာ။ မင်းသိရဲ့လား ""ဟုတ်"တရက်ဇ်က ပျော်ရွှင်နေရပေမယ့် ကယ်ရောက စိုးရိမ်သောက ရောက်နေ၏။ ကယ်ရော တစ်ခုခုဖြစ်ခဲ့တာကို တရက်ဇ် သိနေမိသည်။"ဒီဝန်းကျင်က ကော်ဖီဆိုင်ကောင်းကောင်းတစ်ဆိုင်လောက် မင်းသိလား""ဟုတ်ကဲ့။ ရှေ့နည်းနည်းလောက်ဆိုရင် ရောက်ပြီ"တရက်ဇ်က အမှတ်၅လမ်းနှင့် မက်ဒီဆန်လမ်းကြားမှ အသားညှပ်ပေါင်မုန့်ဆိုင်ကို တွေးမိကာ ဖြေလိုက်၏။ သို့သော် တကယ်တမ်းရောက်လာတော့ အရှေ့မှ မိုးအကာချထားသော ဘားကိုသာ သူတို့ ဝင်လိုက်သည်။ ကော့တေးဘီယာ သောက်နေကြသည့်အချိန် ဖြစ်သော်လည်း ကယ်ရောက ကော်ဖီမှာ၍ စားပွဲထိုးက အင်တင်တင်လုပ်နေ၏။ ကယ်ရောက ထပြန်တော့မည် ပြင်မှ သူက ကော်ဖီကို ယူလာပေးသည်။တရက်ဇ်က လက်ဆွဲအိတ်ကို သွားယူဖို့ စိတ်လှုပ်ရှားနေသည်။ အိတ်ကို ပါကင်ထုတ်ထားသော်လည်း ကယ်ရောနှင့်တော့ အိတ်ကို သွားမယူချင်ပါ။"ရှင် ဘာဖြစ်နေတာလဲ""ရှင်းပြဖို့ အတော်ခက်တယ်ကွယ်"ကယ်ရောက တရက်ဇ်ကို ပြုံးပြလိုက်သည်။ ပင်ပန်းနွမ်းနယ်နေသော အပြုံးမျိုး ဖြစ်သည်။ ခဏကြာလျှင်တော့ သူတို့နှစ်ယောက်က လေဟာနယ်ထဲတွင် ဝေးကွာနေရသလို တိတ်ဆိတ်သွားပြန်သည်။'သူမျှော်လင့်ထားသည့်ကိစ္စက အမှားတစ်ခုခု ဖြစ်သွား၍လား' တရက်ဇ် တွေးနေမိသည်။ ခရစ္စမတ်အကြိုနေ့ဖြစ်၍ ကယ်ရောလည်း အလုပ်ရှုပ်နေခဲ့မှာတော့ သေချာ၏။"မင်း လုပ်စရာတစ်ခုခုရှိရင် တို့ကို အားမနာနဲ့နော်""ကျွန်မ မက်ဒီဆန်လမ်းမှာ အထုပ်တစ်ထုပ် သွားယူစရာတော့ ရှိတယ်။ ဒီကနေ သိပ်တော့မဝေးပါဘူး။ ရှင် ကျွန်မကို စောင့်ပေးမယ်ဆိုရင် ကျွန်မ အခုပဲ သွားယူလိုက်မယ်လေ""ကောင်းပြီလေ"တရက်ဇ် မတ်တပ်ထရပ်လိုက်သည်။"အငှားကားစီးသွားရင်တော့ ၃မိနစ်လောက်ပဲ ကြာမှာပါ။ ရှင် ကျွန်မကို စောင့်နေမှာ သေချာပါတယ်နော်"ကယ်ရောက ပြုံးပြီး၊ တရက်ဇ်၏လက်ကို ဆုပ်ကိုင်လိုက်၏။ ပြီးတော့ လက်ကို လွှတ်ချလိုက်သည်။"တို့ မင်းကို စောင့်နေပါ့မယ်။ ဟုတ်ပြီလား"တရက်ဇ်က အငှားကားငှားလိုက်သည်။ ထိုင်ခုံအစွန်းတွင် ဝင်ထိုင်လိုက်သည်အထိ ကယ်ရော၏ လေးတိလေးလံအသံကို နားထဲ ကြားယောင်နေမိ၏။ အထုပ်ကို ယူပြီး၊ ပြန်အလာမှာတော့ လမ်းပိတ်နေ၍ ကားပေါ်က ဆင်းကာ တစ်ဘလောက်စာလောက် ပြေးလာလိုက်သည်။ကယ်ရောက အဟုတ်စောင့်နေသည်။ ကော်ဖီကတော့ တစ်ဝက်လောက်သာ ကုန်သေး၏။"ကျွန်မတော့ ကော်ဖီမသောက်တော့ဘူး"ကယ်ရောက ထသွားဖို့ အဆင့်သင့်ဖြစ်နေ၍ တရက်ဇ်ကပင် စကားချီလိုက်သည်။"တို့ကားက မြို့ထဲမှာ။ အဲကို အငှားကား ငှားသွားရအောင်"စီးပွားရေးအချက်အချာကျသည့် နေရာကို သူတို့ ရောက်လာကြ၏။ ကယ်ရော၏ ကားကို မြေအောက်ကားပါကင်မှ ထုတ်လာခဲ့ပြီး၊ အနောက်ဘက် အဝေးပြေးလမ်းမဆီကို မောင်းလာခဲ့ကြသည်။ကယ်ရောက ကားမောင်းနေရင်း သူ့အပေါ်ကုတ်အင်္ကျီကို ချွတ်လိုက်သည်။"အခုမှပဲ နေလို့ကောင်းသွားတယ်။ ဒါကို အနောက်ခန်းထဲ ထည့်ပေးမလား"ထို့နောက် တိတ်ဆိတ်သွားပြန်သည်။ ကယ်ရောက သွားစရာတစ်နေရာရာ ရှိနေသလိုမျိုး လမ်းကြောများကို ပြောင်းလိုက်၊ ကားတွေကို ကျော်လိုက်နှင့် ခပ်မြန်မြန် မောင်းလာ၏။ ဂျော့ဂ်ျဝါရှင်တန်တံတားသို့ ရောက်လာသည့်အခါ တရက်ဇ်က တစ်ခုခုပြောရန် ကြံလိုက်သည်။ ကယ်ရောနှင့် သူ့အမျိုးသားက ကွာရှင်းဖို့အတွက် ရှေ့နေကို တွေ့ဖို့ မြို့ထဲကို လာခဲ့ရသလားဟု သူ ရုတ်တရက် တွေးမိသွားသည်။ မြို့ထဲတွင် ရှေ့နေရုံးများစွာ ရှိ၏။ ပြီးလျှင် ထိုရှေ့နေရုံးမှာ ပြဿနာတစ်ခုခုတက်ခဲ့ကြမည်။ ဘာကြောင့်များ သူတို့တွေ ကွာရှင်းဖို့ လုပ်ကြတာလဲ။ ဟာ့ဂ်ျက စင်သီယာဟုခေါ်သည့် အမျိုးသမီးနှင့် ဖောက်ပြန်နေ၍လား။xxxxxတရက်ဇ် ချမ်းနေမိသည်။ ကယ်ရောက သူ့ဘေးက ပြတင်းမှန်ကို ချထားသဖြင့် ကားတွေက အရှိန်ဖြင့် ဖြတ်မောင်းသွားသည့်အခါတိုင်း လေက အေးစက်စက်လက်များနှင့် သူ့ကို လာပြီး လွှမ်းခြုံထားသလို ဖြစ်နေသည်။"ဒါ အက်ဘီနေတဲ့နေရာလေ"ကယ်ရောက မြစ်တစ်ဖက်ကမ်းကို မေးငေါ့ပြလိုက်သည်။ တရက်ဇ်က မီးအလင်းရောင်ကိုပင် ကောင်းကောင်း မမြင်ရချေ။"အက်ဘီက ဘယ်သူလဲ""တို့ရဲ့ အချစ်ခင်ရဆုံး သူငယ်ချင်းလေ"ထို့နောက် ကယ်ရောက တရက်ဇ်ကို လှမ်းကြည့်လိုက်သည်။"ကားမှန်ချထားမိတာ မင်းချမ်းနေရောပေါ့""မချမ်းပါဘူး""မင်း ချမ်းနေပါတယ်ကွယ်"မီးပွိုင့်မီးနီမိသွားသည့်အချိန် ကားရပ်ထားရစဉ်တွင် ကယ်ရောက မှန်ကို ပြန်တင်လိုက်သည်။ ပြီးတော့ တရက်ဇ်ကို သေချာကြည့်၏။ တစ်ညနေခင်းလုံး အတူ ရှိနေပေမယ့် အခုမှ သူ့ကို သတိထားကြည့်နေသည်။ တရက်ဇ်၏ မျက်နှာမှ ပေါင်ခွင်ပေါ်တွင် တင်ထားသည့်လက်များအထိ သေချာကြည့်နေသည်။ သူ့ဘေးတွင် ကားလိုက်စီးနေသော တရက်ဇ်ကို မြင်ပြီး၊ ကယ်ရောက လမ်းဘေးဆိုင်တစ်ဆိုင်မှ ခွေးအိမ်နှင့် ခွေးကလေးကို ဝယ်လာကာ သူ့ဘေးခုံတွင် တင်ထားပြီး မောင်းခဲ့သည့်အချိန်ကို အမှတ်ရနေသလို ကြည့်နေသလို တရက်ဇ် ခံစားနေရသည်။"ရှင် ဒီနေ့ ဘာဖြစ်ခဲ့တာလဲ ... ကယ်ရော။ ရှင် ကွာရှင်းဖို့ လုပ်ခဲ့ရတာလား""ဟုတ်တယ်။ တို့ ကွာရှင်းတော့မှာ"ကယ်ရောက တည်တည်ငြိမ်ငြိမ်နှင့် ဖြေပြီး ကားကို ဆက်မောင်းလာသည်။"ကလေးကရော ... သူ ခေါ်ထားတာပေါ့""ဒီတစ်ညပါပဲ"တရက်ဇ်က နောက်မေးခွန်းတစ်ခုကို ထပ်မေးမည်အလုပ်မှာ ကယ်ရောက 'အခြားကိစ္စတစ်ခုပဲ ပြောရအောင်'ဟု ပြောလာ၏။ ခရစ္စမတ် နာတာလူးသီချင်းများကို ဖွင့်ပြီး၊ အထဲကလူတွေက လိုက်ဆိုနေကြသည့် ကားတစ်စီးက သူတို့ကို ဖြတ်သွားသည်။သူတို့နှစ်ဦး တိတ်ဆိတ်သွားပြန်သည်။ ယွန်းခါးစ်မြို့ကို ကျော်၍ မောင်းလာခဲ့ကြ၏။ လမ်းတစ်လျှောက်တွင် ကယ်ရောနှင့် စကားပြောရမည့် အခွင့်အရေးတွေကို ဆုံးရှုံးနေရသလို တရက်ဇ် ခံစားနေမိသည်။ည၈နာရီ ထိုးတော့မည်ဖြစ်၍ တစ်ခုခု ဝင်စားကြဖို့ ကယ်ရောက ပြောလာ၏။ ပင်လယ်ခုံးကြော်နှင့် အသားညှပ်ပေါင်မုန့်ရောင်းသည့် လမ်းဘေးဆိုင်တွင် ကားကို ရပ်လိုက်သည်။ ထိုင်ခုံတစ်နေရာတွင် ဝင်ထိုင်ပြီး အသားညှပ်ပေါင်မုန့်နှင့် ကော်ဖီကို မှာလိုက်သော်လည်း ကယ်ရောက မစားမသောက်ပေ။xxxxxကယ်ရောက ရစ်ချက်အကြောင်း မေးလာ၏။ တနင်္ဂနွေနေ့လယ်ခင်းက မေးသလိုမျိုးတော့ စိတ်ဝင်တစားမေးခြင်းမဟုတ်ဘဲ တရက်ဇ်က သူ့ကို မေးခွန်းထုတ်လာမှာစိုး၍ သူက ဦးစွာမေးထားခြင်းမျိုးပင် ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ မေးခွန်းများ ဖြစ်သော်လည်း တရက်ဇ်က ကိုယ်ရေးကိုယ်တာ မဟုတ်သလို အားလုံးကို ပွင့်ပွင့်လင်းလင်း ဖြေနေမိသည်။ ကယ်ရော၏အသံမှာ တဖြည်းဖြည်း တိုး၍ တိုး၍ လာသည်။ ကယ်ရော၏အသံမှာ ၃ကိုက်အကွာလောက်က ကောင်တာမှ ကောင်လေးတစ်ယောက်က တခြားလူနှင့် စကားပြောနေသည့် အသံထက်ပင် တိုး၏။"မင်း သူနဲ့ အိပ်ဖူးလား""နှစ်ခါ သုံးခါလောက်ပဲ အတူအိပ်ဖြစ်ခဲ့တာပါ"ထိုအချိန်က အဖြစ်အပျက်တွေကို တရက်ဇ် စေ့စေ့စပ်စပ် ပြောပြမိသည်။ သို့သော် ဒီကိစ္စတွေကို ပြောပြလိုက်၍ သူ မရှက်မိပါ။ ဟိုးအရင်ကတည်းက ဒီကိစ္စဟာ တရက်ဇ်အတွက် အရေးပါသည့် ကိစ္စမျိုးလည်း မဟုတ်ခဲ့ပေ။ ကယ်ရောကတော့ ထိုညနေခင်းက အချိန်တွေကို မျက်လုံးထဲတွင် မြင်ယောင်နေမလားဟု တရက်ဇ် တွေးနေမိသည်။ ကယ်ရောက တရက်ဇ်ကို အကဲခတ်နေသလို ကြည့်နေကာ 'မင်းက အေးတိအေးစက် မိန်းကလေးမျိုး ဒါမှမဟုတ် မခံစားတတ်တဲ့ မိန်းကလေးမျိုးတော့ မဟုတ်ပါဘူး' ဆိုပြီး ပြောလာမလားဟု တရက်ဇ် ခံစားနေရသည်။ တကယ်တမ်းတွင် ကယ်ရောက နှုတ်ဆိတ်နေပြီး၊ တရက်ဇ်ကလည်း သူ့အရှေ့မှ သီချင်းဆောင်းဘောက်ပေါ်က သီချင်းနာမည်တွေကို မကြည့်ချင်ကြည့်ချင်နှင့် ကြည့်နေဖြစ်သည်။ 'သူက စိတ်လှုပ်ရှားပြီး အကုန်ပြောချပစ်တတ်သည်'ဟု တရက်ဇ်ကို လူတစ်ယောက်က ပြောဖူးတာကိုလည်း အမှတ်ရလိုက်သည်။ ဘယ်သူပြောဖူးမှန်းတော့ မမှတ်မိတော့ပေ။"တစ်ခါတလေတော့ အချိန်ယူဖို့ လိုပါတယ်လေ။ လူတွေကို နောက်ထပ် အခွင့်အရေးပေးသင့်တယ်လို့ မထင်ဘူးလား""ဒါပေမယ့် ဘာလို့လဲ။ ကျွန်မမှ မပျော်တာ။ ပြီးတော့ ကျွန်မ သူ့ကိုမှ မချစ်မိတာ""တကယ်လို့ မင်း အခွင့်အရေးပေးလိုက်လို့ အဆင်ပြေလာမယ်ဆိုရင်ရော""ဒီလိုနဲ့ ... လူတွေက ချစ်သွားကြလို့လားရှင်"ကယ်ရောက ကောင်တာနောက်က သမင်ဦးခေါင်းကို မော့ကြည့်လိုက်သည်။"ဟင့်အင်း။ မထင်ပါဘူး"ကယ်ရောက ပြုံး၍ ပြောလာသည်။"မင်းက ရစ်ချက်ကို ဘာတွေသဘောကျတာလဲ""အင်း။ သူက ..."ရစ်ချက်က အမှန်တကယ် ကြင်နာရိုးသားတတ်သလားတော့ မသေချာ။ ရိုးသားကြင်နာမှု မရှိဘူးဟုလည်း သူ တစ်ခါတစ်ခါ ခံစားရသည်။ ပန်းချီဆရာတစ်ယောက် ဖြစ်လာချင်သည့် ရည်ရွယ်ချက်ကလည်း အမှန်ဟုတ်မဟုတ် သူ မသိပေ။"တခြားယောက်ျားလေးတွေနဲ့ မတူတဲ့ သူ့ရဲ့သဘောထားကိုပေါ့။ ကျွန်မအပေါ်ကို ခဏ အပျော်တွဲပြီး ခွဲသွားလိုက်မယ့် မိန်းကလေးတွေကို ဆက်ဆံသလိုမျိုး မဟုတ်ဘူးလေ။ ပြီးတော့ သူ့မိသားစုကို သဘောကျတယ်။ အထူးသဖြင့် သူ့မှာ မိသားစုရှိတယ်ဆိုတဲ့ အချက်ကို သဘောကျတယ်""လူတော်တော်များများက မိသားစုရှိကြတာပဲကွယ်"တရက်ဇ်က ထပ်ဖြေလိုက်သည်။"သူက ပြောင်းလဲလွယ်သေးတယ်။ သူက ဆရာဝန်ပါ၊ အာမခံ ပွဲစားပါဆိုပြီး သတ်မှတ်ထားလို့ရတဲ့ ယောက်ျားမျိုး မဟုတ်ဘူး""အင်း ... တို့ လက်ထပ်ပြီးလို့ လတွေ အတော်ကြာမှ ဟာ့ဂ်ျအကြောင်းကို သေချာ သိရတာထက်စာရင် မင်းက သူ့အကြောင်းကို ပိုသိနေတာပဲ။ အနည်းဆုံးတော့ တို့သိတဲ့ အသက်၂၀အရွယ် လူတွေထဲမှာ မင်းက တို့လို အိမ်ထောင်ပြုမိတဲ့ အမှားမျိုးကို မမှားနိုင်တော့ပါဘူး""ရှင်က သူ့ကို တစ်ခါမှ မချစ်ခဲ့ဖူးဘူးပေါ့""ချစ်ခဲ့ကြတာပေါ့။ အရမ်းချစ်ခဲ့ကြတာ။ ဟာ့ဂ်ျလည်း အတူတူပါပဲ။ သူက တို့ဘဝကို တစ်ပတ်အတွင်း အပိုင်သိမ်းပြီး သူ့အိတ်ကပ်ထဲ ထည့်လိုက်နိုင်တဲ့ လူမျိုးပဲလေ။ မင်းရော ချစ်ခဲ့ဖူးလား ... တရက်ဇ်""ဟင့်အင်း"တရက်ဇ်နှုတ်မှ မှားယွင်းပြီး အပြစ်ရှိစွာဖြင့် ဖြေလိုက်သည်။"ဒါပေမယ့် မင်း ချစ်တတ်ဖူးချင်မှာပါ"ကယ်ရောက ပြုံးနေသည်။"ဟာ့ဂ်ျကရော ရှင့်ကို ချစ်သေးလား"ကယ်ရောက ခေါင်းငုံ့သွားသည်။ တရက်ဇ်၏ တုံးအမှုကြောင့် ကယ်ရောက စိတ်မရှည်သည့်ပုံမျိုးဖြင့် ဖြေလာ၏။ လေသံကတော့ ပြောင်းလဲခြင်းမရှိပေ။"တို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။ သူက အမြဲ ဒီပုံစံပဲလေ။ တို့ကသာ အခုမှ သူ ဘယ်လို လူစားမျိုးလဲဆိုတာ သိရတာ။ သူပြောတာတော့ တို့က သူ ပထမဆုံး ချစ်ခဲ့ဖူးတဲ့ အမျိုးသမီးပဲတဲ့။ တို့လည်း ယုံလိုက်တာပေါ့။ ဒါပေမယ့် လနည်းနည်းလောက် ကြာတော့ တို့ကို သူ မချစ်တော့ဘူးလို့တောင် ထင်လာမိတယ်။ သူ့မှာ တခြား စိတ်ဝင်စားပြီး သဘောကျရတဲ့လူ ရှိလို့လည်း မဟုတ်ဘူး။ တကယ်လို့ အဲလိုဆိုရင်တောင် သူလည်း လူသားထဲက လူပဲမို့ တို့ နားလည်ပြီး ခွင့်လွှတ်ပေးလိုက်ဦးမယ်""ရင်ဒီလေးကိုရော သူ ချစ်လား""တုန်နေအောင်ကို ချစ်တာ"ကယ်ရောက သူ့ကို ပြုံးပြီး ကြည့်နေသည်။"သူက တခြားလူတစ်ယောက်ကို ချစ်နေတယ်ဆိုရင်တောင် အဲဒါ ရင်ဒီလေးပဲ""ရင်ဒီဆိုတာ ဘယ်လိုနာမည်မျိုးပါလိမ့်""နီရင်ဒါလေ။ ဟာ့ဂ်ျပဲ အဲနာမည်ပေးထားတာ။ သူက သားလေးလိုချင်ခဲ့တာ။ ဒါပေမယ့် သမီးလေး ရလာတော့လည်း ပိုတောင် ပျော်နေသေးတယ်။ တို့ကတော့ သမီးလေး လိုချင်ခဲ့တာလေ။ ကလေး နှစ်ယောက်သုံးယောက်လောက် လိုချင်ခဲ့တာ""ဟာ့ဂ်ျက မလိုချင်တာလား""တို့က မလိုချင်တော့တာပါ"ကယ်ရောက တရက်ဇ်ကို တစ်ချက် ကြည့်လိုက်၏။"ခရစ္စမတ်အကြိုညမှာ ပြောသင့်တဲ့ စကားတွေ ဟုတ်ရဲ့လားတောင် မသိတော့ပါဘူး"တရက်ဇ် လှမ်းပေးလိုက်သည့် ဖီးလစ်မောရစ် စီးကရက်ကို ကယ်ရောက ယူလိုက်သည်။"ရှင့်အကြောင်းတွေကို ကျွန်မ သိချင်မိလို့ပါ""တို့ကပဲ နောက်ထပ်ကလေးတွေ မယူချင်တော့တာ။ အခု ရင်ဒီလေးနဲ့တောင် တို့အိမ်ထောင်ရေးက ရှေ့ဆက်ဖို့ ခက်ခဲနေမှာကို တွေးပူနေခဲ့လို့လေ။ ဒီတော့ မင်းကရော ချစ်မိချင်ရဲ့လား။ ဘာဖြစ်ဖြစ် မကြာခင်မှာတော့ မင်းလည်း ချစ်မိလာမှာပါ။ အဲအချိန်ရောက်ရင် အချစ်ဆိုတာကြီးကို ပျော်ပျော်ကြီး ခံစားလိုက်။ နောက်ပိုင်းကျရင် မလွယ်တော့ဘူး""တစ်ယောက်ယောက်ကို ချစ်လိုက်ဖို့လား""ချစ်မိသွားဖို့ပါ။ တကယ်လို့ မင်းမှာ သူနဲ့ အတူအိပ်ချင်တဲ့ ဆန္ဒရှိလာရင်လည်း အိပ်လိုက်ပေါ့။ လူတွေက လိင်ဆက်ဆံပြီးတော့ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှုတွေ ထားချင်ကြတယ်လို့ တို့ ထင်မိတာပဲ။ အထူးသဖြင့် ယောက်ျားတွေပေါ့။ အစပိုင်းမှာတော့ စိတ်သာယာမှုနောက်ကို လိုက်တာပါပဲ။ နောက်ပိုင်းကျတော့ တစ်ခုခုကို စူးစမ်းရှာဖွေကြတာပေါ့""ဘာကိုလဲ"တရက်ဇ် မေးလိုက်သည်။"ဘယ်လိုပြောရမလဲ။ မင်းက သူတို့ရဲ့ သူငယ်ချင်းတစ်ယောက်၊ အဖော်တစ်ယောက်၊ မျှဝေခံစားပေးတဲ့လူ တစ်ယောက် ဖြစ်ရဲ့လား၊ ဟုတ်ရဲ့လား ဆိုပြီးတော့လေ။ စကားလုံးတွေနဲ့ ဘယ်လို ပြောပြရမလဲ။ လူတွေက ဒီအဖြေတွေကို တခြားနည်းလမ်းတွေထက် ပိုလွယ်ကူတဲ့ လိင်ဆက်ဆံမှုနဲ့ပဲ ရှာဖွေချင်ကြတော့တယ်လို့ တို့ ထင်တာပဲ။ကယ်ရော ပြောသည့် စူးစမ်းရှာဖွေမှုကို မှန်သည်ဟု တရက်ဇ် တွေးလိုက်သည်။"တခြားနည်းလမ်းတွေကရော"တရက်ဇ် မေးလိုက်တော့ ကယ်ရောက သူ့ကို တစ်ချက် လှည့်ကြည့်လိုက်ပြန်သည်။"ဒါကတော့ လူတစ်ယောက်ချင်းစီက ရှာဖွေရမှာပဲလေ။ ဒီမှာ သောက်စရာ ထပ်ရနိုင်သေးလား ... မသိဘူး"သို့သော် ဆိုင်မှာက ဘီယာနဲ့ဝိုင်တွေပဲ ရနိုင်တော့၍ နှစ်ယောက်သား ထွက်လာခဲ့ကြသည်။xxxxxကယ်ရောက တစ်ခုခုသောက်ဖို့ကိုပင် ဘယ်နေရာမှာမှ မရပ်တော့ဘဲ နယူးယောက်ကို တောက်လျှောက် မောင်းလာခဲ့၏။ တရက်ဇ်ကို အိမ်တန်းပြန်မလား၊ သူ့အိမ်ကို ခဏဝင်ဦးမလားဟု ကယ်ရောက မေးလာရာ တရက်ဇ်က သူ့အိမ်ကို ဝင်ဖို့ သဘောတူလိုက်သည်။ကယ်လီတို့စုံတွဲက ဒီညပါတီမှာ ဝိုင်နှင့်သစ်သီးကိတ်တွေ လာစားဖို့ သူ့ကို ခေါ်ထားသည်။ တရက်ဇ်ကလည်း လာမည်ဟု ကတိပေးခဲ့၏။ သို့သော် သူ ရောက်မလာလျှင်လည်း မျှော်နေမှာ မဟုတ်လောက်ဘူးဟု တရက်ဇ် တွေးလိုက်သည်။"စိတ်ညစ်စရာကောင်းတဲ့ အချိန်တွေပဲ မင်းကို ပေးနေမိတယ်"ကယ်ရောက ရုတ်တရက် ပြောလာသည်။"တနင်္ဂနွေနေ့ကရော၊ အခုရော။ ဒီညနေမှာလည်း မင်းအတွက် အကောင်းဆုံး အဖော် မဖြစ်နိုင်ပြန်ဘူး။ အခု မင်း လုပ်ချင်တာ တစ်ခုခုရှိလား။ နယူးယောက်က ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ကြမလား။ အဲမှာ သာသာယာယာ ရှိတယ်။ ခရစ္စမတ်မီးတွေနဲ့ သီချင်းတွေလည်း ဖွင့်ထားတယ်။ နိုက်ကလပ်တော့ မဟုတ်ပါဘူး။ တို့တွေ အဲမှာ ညစာကောင်းကောင်း စားလို့ရတယ်""ရှင် ဘယ်သွားသွား ကျွန်မက ကိစ္စမရှိပါဘူး""တစ်နေ့လုံး မင်းက ကုန်တိုက်မှာ စိတ်ရှုပ်လာရတာပဲ။ အခု အဲကနေ လွတ်မြောက်လာတာကို ဘာဂုဏ်ပြုပွဲလေးမှ မကျင်းပရသေးဘူး""ရှင်နဲ့အတူ ရှိနေရရင်ကို ကျွန်မ ကျေနပ်ပါတယ်"တရက်ဇ်က သူရှင်းပြသည့် လေသံကို ပြန်ကြားယောင်ရင်း သဘောကျမိသွားသည်။ ကယ်ရောက သူ့ကို မကြည့်ဘဲ ခေါင်းခါလိုက်၏။"ကလေးလေး ... ကလေးလေး ... မင်းတစ်ယောက်တည်းဆိုရင် ဘယ်တွေ လျှောက်သွားနေမလဲ"နယူးဂျာဆီအဝေးပြေးလမ်းမပေါ်သို့ သူတို့ ရောက်လာကြသည်။"တို့သိပြီ"ကယ်ရောက ပြောပြောဆိုဆိုနှင့် ကားကို ကွေ့လိုက်ကာ ကျောက်စရစ်များ ခင်းထားသည့် လမ်းဘေးသို့ ချရပ်လိုက်သည်။"တို့နဲ့ လိုက်ခဲ့"ခရစ္စမတ်သစ်ပင်တွေ ပုံထားပြီး၊ မီးပြပြထွန်းထားသည့် ခြံရှေ့သို့ သူတို့ ရောက်လာခဲ့ကြသည်။ ကယ်ရောက သိပ်လည်းမကြီး၊ သိပ်လည်းမသေးလွန်းသည့် အနေတော်သစ်ပင်လေးတစ်ပင် ရွေးပေးဖို့ တရက်ဇ်ကို ပြော၏။ သစ်ပင်ကို ကားနောက်ခန်းတွင် ထည့်ကာ အရှေ့ခန်းမှာက တရက်ဇ်နှင့် ကယ်ရော ထိုင်လိုက်သည်။ ကားတစ်စီးလုံးက အရွက်အဖြာများဖြင့် ပြည့်သွားသည်။တရက်ဇ်က တောအုပ်ထဲက သစ်ပင်အနံ့မျိုးရသည့် သစ်ရွက်များကို နမ်းရှိုက်လိုက်မိသည်။ ခရစ္စမတ်သင်္ကေတများဖြစ်သည့် သစ်ပင်တန်ဆာများ၊ လက်ဆောင်များနှင့် ပွဲများ၊ ဂီတသံများနှင့် အားလပ်ရက်များကို သူ မြင်ယောင်လာမိသည်။ စတိုးဆိုင်မှနေ၍ အခုဆိုလျှင် ကယ်ရောအနားတွင် ရှိနေရပြီဖြစ်သည်။ သူ့လက်များဖြင့် ထိကြည့်၍ရသည့် သစ်ကိုင်းသစ်ဖြာများမှ ဆူးများ၏ ခြစ်သံ ထွက်လာပြီး၊ ကားအင်ဂျင်စက် နှိုးလိုက်သံကို သူ ကြားလိုက်ရသည်။ တရက်ဇ်တစ်ယောက် စိတ်တွင် အလွန် ကြည်နူးနေမိသည်။အိမ်ကို ရောက်ရောက်ချင်းပင် ကယ်ရောက သစ်ပင်ကို အလှဆင်ကြဖို့ ပြောသည်။ ကယ်ရောက ဧည့်ခန်းမမှ ရေဒီယိုကို ဖွင့်လိုက်ပြီး၊ သူတို့နှစ်ယောက်အတွက် သောက်စရာ တစ်ခုခု ပြင်နေသည်။ ရေဒီယိုမှ ခရစ္စမတ်သီချင်းများ လာနေပြီး၊ ဘုရားကျောင်းဝန်းထဲ ရောက်နေသလို ဓမ္မတေးခေါင်းလောင်းသံများ ပဲ့တင်ထပ်နေသည်။ကယ်ရောက သစ်ပင်၏ သစ်ရွက်များမှ နှင်းစက်ရေများကို သုတ်ဖို့ ဂွမ်းထည်တစ်ထည်ကို ယူလာသည်။ တရက်ဇ်ကတော့ သစ်ရွက်လေးများ အရောင်တောက်လာစေရန် သကြားရည်များနှင့် အသာလိုက်သုတ်နေ၏။ ရွှေရောင်ဖဲပြားလေးကို ညီညီညာညာ ညှပ်ပြုလိုက်ပြီး သစ်ပင်ထိပ်ဆုံးတွင် ကပ်ထားလိုက်၏။ ထို့နောက် သစ်ကိုင်းသစ်ဖြာများတွင် ဖဲကြိုးလေးများကို တွဲလျားချထားလိုက်သည်။ မီးလင်းဖိုရှေ့တွင် ရပ်နေသော ကယ်ရောက သစ်ပင်ကို သေချာကြည့်ကာ ပြောလာ၏။"မင်းက သစ်ပင်အလှဆင်တာ တော်တော် တော်တာပဲ။ တကယ်လှတယ်။ အခု လက်ဆောင်တွေပဲ ကျန်တော့တယ်"ကယ်ရောအတွက် လက်ဆောင်က ဆိုဖာပေါ်မှ တရက်ဇ်၏ကုတ်အင်္ကျီဘေးမှာ ဖြစ်သည်။ လက်ဆောင်ကတ်က အိမ်မှာ ကျန်နေခဲ့၍ ကတ်မပါဘဲနှင့်တော့ ထိုလက်ဆောင်ကို မပေးချင်ပါ။ တရက်ဇ်က သစ်ပင်ကို ကြည့်လိုက်သည်။"ဘာလိုသေးလဲဟင်""ဘာမှမလိုတော့ပါဘူး။ ခု ဘယ်အချိန်တောင် ရှိနေပြီလဲ"ရေဒီယိုအစီအစဉ်များလည်း ရပ်နားကုန်ပြီဖြစ်သည်။ တရက်ဇ်က တိုင်ကပ်နာရီကို ကြည့်လိုက်ရာ ညတစ်နာရီပင် ကျော်နေပြီဖြစ်သည်။"ခရစ္စမတ်နေ့တောင် ရောက်သွားပြီပဲ"ကယ်ရောက ပြောလာသည်။"မင်း ဒီမှာပဲ အိပ်လိုက်တာ ကောင်းမယ်နော်""ဟုတ်ကဲ့""မင်း မနက်ဖြန် ဘာလုပ်စရာရှိသေးလဲ""ဘာမှ မရှိပါဘူး"ကယ်ရောက ရေဒီယိုပေါ်မှ သူ့ဖန်ခွက်လေးကို ယူလိုက်သည်။"ရစ်ချက်နဲ့ မချိန်းထားဘူးလား"အမှန်မှာ နေ့လယ် ၁၂နာရီလောက်တွင် ရစ်ချက်နှင့် သူ ချိန်းထား၏။ ရစ်ချက်၏ အိမ်တွင် ခရစ္စမတ်နေ့ကို ကုန်ဆုံးဖို့ စီစဉ်ထားကြသည်။ သို့သော် ရစ်ချက်နှင့် မတွေ့ဖြစ်တော့လျှင်လည်း သူ အကြောင်းပြချက်တစ်ခုခု ပေးလိုက်မည်ဖြစ်သည်။"ဟင့်အင်း။ သူနဲ့ တွေ့လို့ရရင် တွေ့မယ်လို့ ပြောထားရုံပါ။ အရေးမကြီးပါဘူး""ဒါဆို မင်းကို တို့ မနက်စောစော ပြန်လိုက်ပို့ပေးပါမယ်""မနက်ဖြန် ရှင် အလုပ်များနေမှာပေါ့"ကယ်ရောက ဖန်ခွက်မှ လက်ကျန်ကို အကုန်မော့သောက်လိုက်ပြီး "အင်း"ဟု ဖြေသည်။တရက်ဇ်က သူ ဖွထားသည့် တစ်ရှူးနှင့် ဖဲကြိုးအပိုင်းအစများကို ပြန်ရှင်းလင်းနေရသည်။ တစ်ခုခုလုပ်ပြီးလျှင် ပြန်သိမ်းဆည်းရသည့်အလုပ်ကို တရက်ဇ် မုန်းမိသည်။"မင်းကောင်လေး ရစ်ချက်က မိန်းကလေးတစ်ယောက်ယောက်ကို သူ့အနား အမြဲရှိနေဖို့ လိုအပ်တဲ့ လူစားမျိုးပဲ ဖြစ်မယ်။ သူ အဲမိန်းကလေးနဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားထား၊ မရည်ရွယ်ထားထားလေ။ ဟုတ်တယ်မလား"'ရစ်ချက်အကြောင်းကို ဘာလို့ ပြောနေရတာပါလိမ့်'ဟု တရက်ဇ်က စိတ်ရှုပ်စွာနှင့် တွေးလိုက်မိသည်။'ကယ်ရောက ရစ်ချက်ကို သဘောကျနေတာများလား'ဒီအတွေးက အမှားတစ်ခု ဖြစ်နိုင်ပေမယ့် တွေးလိုက်ရုံနှင့်တင် မနာလိုစိတ်မှာ အပ်ဆူးမိသလို နာကျင်ရသည်။"တကယ်တော့ တစ်ယောက်တည်းနေ၊ တစ်ယောက်တည်းတွေးပြီး၊ မိန်းမတွေကို သူတို့အမှားထဲ ဆွဲထည့်တတ်တဲ့ ယောက်ျားတွေထက်စာရင် ရစ်ချက်လိုလူမျိုးကို တို့ လေးစားမိပါဦးမယ်"တရက်ဇ်က ကော်ဖီစားပွဲပေါ်မှ ကယ်ရော၏ စီးကရက်ဘူးကို စိုက်ကြည့်နေမိသည်။ ကယ်ရောပြောလာသည့် စကားကို သူ ဝင်ပြောစရာမရှိပေ။လန်းဆန်းတက်ကြွစေပြီး၊ အနံ့ပြင်းပြင်းရှိသည့် ကယ်ရော၏ရေမွှေးနံ့က တရက်ဇ် နှာခေါင်းထဲသို့ တိုးဝင်လာပြန်သည်။ ရေမွှေးရနံ့နောက်ကို လိုက်ပြီး၊ ကယ်ရောကို သူ့လက်များဖြင့် ထွေးပွေ့ထားလိုက်ချင်၏။"လူတွေ အိမ်ထောင်ပြုခြင်း၊ မပြုခြင်းက အဲဒါနဲ့ ဆိုင်တယ်ထင်လား""ရှင်"တရက်ဇ်က ကယ်ရောကို ကြည့်လိုက်ရာ ကယ်ရောမှာ အနည်းငယ် ပြုံးနေသလို ရှိသည်။"ဟာ့ဂ်ျက သူ့ဘဝထဲကို ဘယ်မိန်းမမှ အဝင်မခံတတ်တဲ့ ယောက်ျားမျိုးလေ။ မင်းကောင်လေးကျပြန်တော့လည်း အတည်တကျ လက်ထပ်ယူမယ့် ယောက်ျားမျိုး မဟုတ်ပြန်ဘူး။ လက်ထပ်ယူမယ်ဆိုတဲ့ စိတ်ကူးပေါ်လာရာကနေ အဲစိတ်ကူးက ပြန်ပြန်ပျောက်သွားတတ်တဲ့ လူစားမျိုးပေါ့"ကယ်ရောက တရက်ဇ်ကို ခေါင်းစခြေဆုံး ကြည့်လိုက်သည်။"သူ့အတွက် မဟုတ်တဲ့ မိန်းကလေးတွေနဲ့ ဆိုမှပါ"ကယ်ရောက ထပ်ဖြည့်ပြောလိုက်သည်။"မင်း ကတတ်လား ... တရက်ဇ်။ ကချင်လား"တရက်ဇ် ငိုချမိချင်အောင်ပင် ရုတ်ချည်း ပြောထွက်လာသော ကယ်ရော၏ စကားများက ခါးသက်သက်နိုင်လွန်းလှသည်။"ဟင့်အင်း"အမှန်ဆိုလျှင် ရစ်ချက်အကြောင်းကို ဘယ်တုန်းကမှ မပြောခဲ့သင့်ဘူးဟု တရက်ဇ် တွေးလိုက်မိသည်။ သို့သော် ပြောပြီးတာက ပြောပြီးသည်ကိုး။"မင်း ပင်ပန်းနေပြီပဲ။ အိပ်တော့လေ"စနေနေ့က ဟာ့ဂ်ျ ဝင်သွားသော အခန်းထဲသို့ ကယ်ရောက သူ့ကို ခေါ်သွားသည်။ ဆင်တူကုတင်နှစ်လုံးမှ တစ်လုံး၏ အိပ်ရာခင်းစောင်ကို ကယ်ရောက ဖယ်ပေးနေ၏။ ဟာ့ဂ်ျအခန်းဖြစ်လောက်သည်ဟု တရက်ဇ် ထင်မိသည်။ ကလေးအခန်းဟု ဆိုရအောင်လည်း ကလေးပစ္စည်းများ မရှိပေ။ ဒီအခန်းထဲမှ ဟာ့ဂ်ျ ယူထုတ်သွားသည့် ရင်ဒီလေး၏ ပစ္စည်းများကို တရက်ဇ် မြင်ယောင်ကြည့်သည်။ ဟာ့ဂ်ျက ကယ်ရောနှင့်အတူ အိပ်သော အိပ်ရာမှ ဒီအခန်းထဲသို့ ရွှေ့လာပြီး ရင်ဒီလေးကိုလည်း သူ့ကစားစရာပစ္စည်းများနှင့် ခေါ်ထားလိုက်တာ ဖြစ်မည်။ ပြီးလျှင် ရင်ဒီလေးကို ကယ်ရောနှင့် ခွဲထားပြီး၊ သူနှင့်သာ နီးနီးကပ်ကပ် နေစေတာပဲ ဖြစ်ရမည်။ကယ်ရောက ညအိပ်ဝတ်စုံကို ကုတင်ခြေရင်းနားတွင် တင်ထားပေးခဲ့သည်။"ကောင်းသော ညလေးပါကွယ်"ကယ်ရောက တံခါးနားတွင် ရပ်ကာ ပြောလိုက်သည်။"မယ်ရီ ခရစ္စမတ်နော်။ ခရစ္စမတ် လက်ဆောင် မင်းဘာလိုချင်လဲ"တရက်ဇ်က ပြုံးလိုက်သည်။"ဘာမှ မလိုချင်ပါဘူး"xxxxxထိုညက တရက်ဇ် အိပ်မက်မက်၏။ မှောင်မည်းနေသည့် တောအုပ်နက်ထဲတွင် ကြိုးကြာငှက်တွေလို ငှက်နီနီများက ပင်လယ်ခုံးကောင်သဏ္ဌာန် အနီရောင်အခုံးကြီးဖြစ်အောင် အုပ်စုလိုက် ပျံသန်းနေကြသည်။တရက်ဇ် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ခပ်တိုးတိုး စကားသံမှာ တဖြည်းဖြည်း ကျယ်ကျယ်လာပြီး၊ ပြန်ပြန်တိုးသွားသည်။ ငှက်လေးများကလည်း အသံပိစိလေးနှင့် တီတီတာတာ မြည်နေ၏။ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်လျှင် အလင်းရောင်မှာ မီးခိုးရောင်သာ ရှိသေးသည်။ ပြတင်းပေါက်တည့်တည့်အောက်မှ တီးတိုးသံကို သူ ထပ်ကြားရပြန်သည်။ တရက်ဇ် အိပ်ရာမှ ထလာလိုက်၏။ အိမ်အဝင်လမ်းမတွင် အမိုးပွင့်ကားရှည်တစ်စီး ရပ်ထားသည်။ ကားပေါ်မှ အမျိုးသမီးတစ်ယောက်က မတ်တပ်ရပ်နေပြီး၊ ကယ်ရောနှင့် စကားပြောနေခြင်း ဖြစ်သည်။ တရက်ဇ်၏ အိပ်မက်ထဲကအတိုင်း ကောင်းကင်မှာ အရောင်အဆင်းမဲ့နေပြီး မြူထူနေသည်။သူတို့နှစ်ယောက်တည်း တီးတိုး ပြောနေကြသော်လည်း အခန်းတစ်ခန်းတည်းတွင် သူတို့သုံးယောက် ရှိနေသလို သူတို့ပြောသမျှကို အတိုင်းသား ကြားနေရသည်။"နင်က အခုမှ အိပ်မှာလား။ အိပ်ရာက ထလာတာလား"ကားထိုင်ခုံပေါ်တွင် ရပ်နေသည့် အမျိုးသမီးက ပြန်ဖြေလိုက်သည်။"နှစ်ခုလုံးပဲ"ထိုအမျိုးသမီး၏ ခပ်အုပ်အုပ်ရယ်သံကို တရက်ဇ် ကြားလိုက်ရပြီး သဘောကျမိသည်။"ကားပတ်စီးကြမလား"အမျိုးသမီးက မေးလိုက်သည်။ပြီးလျှင် ပြတင်းပေါက်ဘက်ကို မော့ကြည့်လိုက်ရာ ထိုအမျိုးသမီး၏ အပြုံးကြီးပြုံးနေသည့် အပြုံးကို တရက်ဇ် မြင်လိုက်ရ၏။"နင်ကတော့ တော်တော်ရူးမိုက်တာပဲ"ကယ်ရောက တီးတိုးပြောလိုက်သည်။"နင်တစ်ယောက်တည်းလား""မဟုတ်ဘူး""အိုး ... အို""ကိစ္စမရှိပါဘူး။ အိမ်ထဲဝင်ကြရအောင်လေ"အမျိုးသမီးက ကားပေါ်မှ ဆင်းလာသည်။တရက်ဇ်ကလည်း သူ့အခန်းတံခါးဆီသို့ လျှောက်သွားပြီး၊ တံခါးကို ဖွင့်လိုက်သည်။ ဝတ်ရုံခါးစည်းကို မြဲမြံစွာ စည်းနေရင်း ဧည့်ခန်းမထဲသို့ ဝင်လာသည့် ကယ်ရောနှင့် တည့်တည့်ဆုံသွားသည်။"အားနာလိုက်တာ။ မင်းကို နှိုးလိုက်မိသလို ဖြစ်သွားပြီပဲ။ ပြန်အိပ်ချင် အိပ်နော်""ပြဿနာမရှိပါဘူး။ ကျွန်မ အောက်ဆင်းလာလို့ရတယ်မလား""ဒါပေါ့"ကယ်ရောက ပြုံးလိုက်သည်။"ဗီရိုထဲက အပေါ်ဝတ်ရုံတစ်ထည် ယူဝတ်လို့ရတယ်နော်"တရက်ဇ်က ဝတ်စုံတစ်ထည်ကို ထုတ်ဝတ်လိုက်ပြီး၊ အောက်ထပ်သို့ ဆင်းလာသည်။ ဝတ်ရုံမှာ ဟာ့ဂ်ျ၏ဝတ်ရုံ ဖြစ်နိုင်သည်။"ဒီခရစ္စမတ်ပင်ကို ဘယ်သူ အလှဆင်ထားတာလဲ"ထိုအမျိုးသမီးက မေးလိုက်သည်။သူတို့အားလုံးက ဧည့်ခန်းမှာ ဖြစ်သည်။"သူ လုပ်ထားတာလေ"ကယ်ရောက တရက်ဇ်ဘက်ကို လှည့်ပြီး ဖြေလိုက်၏။"ဒါ အက်ဘီလေ။ အက်ဘီဂါးဟတ်ဒ် ... သူက တရက်ဇ် ဘဲလီဗက်""တွေ့ရတာ ဝမ်းသာပါတယ်"အက်ဘီကပင် စပြီး နှုတ်ဆက်လိုက်သည်။"ဟုတ်ကဲ့။ တွေ့ရတာ ဝမ်းသာပါတယ်"တရက်ဇ်က အစကတည်းက အက်ဘီဖြစ်မည်ဟု မျှော်လင့်ပြီးသား ဖြစ်သည်။အက်ဘီက ကားထဲတွင် ရပ်နေတုန်းကလို ပျော်ရွှင်နေသည့် အကြည့်မျိုးဖြင့် တရက်ဇ်ကို ကြည့်နေ၏။"မင်းက သစ်ပင်ကို သေချာလေး အလှဆင်ထားတာပဲ"အက်ဘီက တရက်ဇ်ကို လှမ်းပြောလိုက်သည်။"အားလုံး တိုးတိုးတိုးတိုးနဲ့ ပြောနေတာ ရပ်လိုက်ကြတော့မလား"ကယ်ရောက မေးလာသည်။အက်ဘီက သူ့လက်နှစ်ဖက်ကို နွေးသွားအောင် ပွတ်လိုက်ပြီး၊ ကယ်ရောနောက်က လိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။"ကော်ဖီရှိလား ... ကယ်ရော"တရက်ဇ်က ထမင်းစားပွဲဘေးတွင် သူတို့နှစ်ယောက်ကို ရပ်ကြည့်နေ၏။ အက်ဘီကလည်း တရက်ဇ်ကို အာရုံမထားဘဲ သူ့အပေါ်ကုတ်အင်္ကျီကို ချွတ်ကာ ကယ်ရောကို ကော်ဖီ ဖျော်ကူပေးနေသည်။ ခရမ်းရောင် သိုးမွေးဝတ်စုံကို ဝတ်ဆင်ထားသည့် အက်ဘီ၏ ခါးနှင့်တင်မှာ ကြည့်ကောင်းလှသည်။ အရှေ့နှ့င်အနောက် မရှိဘဲ ဒုလုံးရှည်လို ဖြစ်၏။ သူ့လက်များကတော့ ချောချောမွေ့မွေ့မရှိ။ ခြေထောက်များကလည်း ကယ်ရောလို ကြည့်မကောင်းပေ။ အက်ဘီက ကယ်ရောထက် အသက်ပိုကြီးသည့်ပုံ ပေါ်သည်။ သူ ရယ်လိုက်သည့်အခါ သူ့မျက်ခုံးနှစ်ဖက်က အပေါ်သို့ မြင့်တက်သွားပြီး၊ သူ့နဖူးပေါ်က အရေးအကြောင်းနှစ်ခုမှာ ထင်ထင်ရှားရှား ပေါ်လာသည်။ကယ်ရောနှင့်အက်ဘီက ကော်ဖီနှင့် လိမ္မော်ရည် ဖျော်ရင်း စာကြောင်းအပြည့်အစုံ မဟုတ်ဘဲ သူတို့ချင်းသာ နားလည်သော သိပ်အရေးမကြီးလောက်သည့် စကားများ ပြောရင်း ရယ်မောနေကြသည်။ထို့နောက် အက်ဘီက လိမ္မော်ရည်ဖန်ခွက်ထဲမှ အစေ့ကို ဆယ်ထုတ်ပြီး၊ သူ့လက်ကို သူ့ဝတ်စုံနှင့်ပင် နမော်နမဲ့ သုတ်လိုက်သည်။"ဟာ့ဂ်ျကြီးရော ဘယ်လိုလဲ""မပြောင်းလဲပါဘူး"ကယ်ရောက ရေခဲသေတ္တာထဲမှ တစ်ခုခုကို ရှာရင်း ပြန်ပြောလိုက်သည်။အက်ဘီ ဆက်ပြောသည့် စကားများကို သူ နားမလည်တော့ပြန်ပေ။ ကယ်ရောတစ်ယောက်တည်း နားလည်နိုင်မည့် စကားများ ဖြစ်လိမ့်မည်။ ကယ်ရောက ရုတ်ချည်း အားပါးတရ ရယ်မောလိုက်ပြီး၊ မျက်နှာထားပင် ပြောင်းလဲသွားသည်။ သူကတော့ အခုလို ကယ်ရော ရယ်မောလာအောင် မလုပ်နိုင်ဘဲ အက်ဘီကတော့ လုပ်နိုင်သည်ဆိုသည့် အတွေးဝင်လာကာ မနာလိုဖြစ်မိသေးသည်။"ငါ ဒါကို သူ့ပြောပြရမယ်။ မပြောဘဲနဲ့ မနေနိုင်ဘူး"ဟာ့ဂ်ျ၏ ကင်းထောက်လူငယ်အသင်းမှ အိတ်ဆောင်တံဆိပ်လေး အကြောင်း ဖြစ်သည်။"ဘယ်က ထွက်လာတယ်ပါ ပြောပြလိုက်"အက်ဘီက ဒီရယ်စရာကိစ္စကို တရက်ဇ်ကိုလည်း ပြောပြနေသည်ဆိုသည့် သဘောဖြင့် သူ့ဘက် လှည့်ကြည့်လိုက်သည်။"မင်းက ဘယ်မှာနေတာလဲ"မီးဖိုချောင်၏ တစ်ဖက်တစ်ခြမ်းမှ စားပွဲခုံလေးတွင် ဝင်ထိုင်လိုက်ကာ တရက်ဇ်ကို လှမ်းမေးလိုက်သည်။"သူက နယူးယောက်ကလေ"ကယ်ရောက အစားဝင်ဖြေလိုက်သည်။အက်ဘီက ဖြေရခက်သည့် မေးခွန်းမျိုး ထပ်မေးလာမည်ဟု သူ ထင်သော်လည်း ဘာမှ ထပ်မမေးချေ။ တရက်ဇ် ပြောလာမည့် စကားကိုသာ စောင့်နေရင်း ခပ်ပြုံးပြုံး ကြည့်နေသည်။သူတို့ ပျာယီးပျာယာနှင့် လုပ်လိုက်သည့် မနက်စာမှာ လိမ္မော်ရည်၊ ကော်ဖီနှင့် ဘယ်သူမှ မစားချင်လောက်သည့် ထောပတ်မသုတ်ထားသော ပေါင်မုန့်မီးကင်တချို့သာ ဖြစ်သည်။ အက်ဘီက မနက်စာကို မထိရသေးဘဲ စီးကရက်မီးကို အရင် ညှိလိုက်သည်။"မင်း စီးကရက်သောက်ဖို့ အသက်ပြည့်ပြီမလား"ခရေဗန်အေ့စ်ဟု ရေးထားသည့် စီးကရက်ဘူးအနီလေးကို တရက်ဇ်ဆီ လှမ်းပေးလိုက်သည်။ကယ်ရောက သူ့ဇွန်းကို စားပွဲပေါ် တင်လိုက်သည်။"အက်ဘီ ... ဒါ ဘာကြီးလဲဟာ"ကယ်ရောက တရက်ဇ် တစ်ခါမှ မမြင်ဖူးသည့် အနေခက်နေသော ပုံစံနှင့် ရှက်နေသော လေသံမျိုးဖြင့် မေးလာသည်။"ကျေးဇူးပါပဲ ... ကျွန်မ တစ်လိပ်ယူလိုက်မယ်နော်"ဟု ဆိုကာ တရက်ဇ်က စီးကရက်တစ်လိပ်ကို ယူလိုက်သည်။အက်ဘီက စားပွဲပေါ်တွင် တံတောင်ဆစ်များကို တင်လိုက်သည်။"နင်က ... ဘာကို ဘာကိုလဲလို့ မေးချင်တာလဲ""နင် နည်းနည်းတော့ တင်းနေတယ်မလား""လေတွေကြားထဲကနေ နာရီနဲ့ချီပြီး ကားမောင်းလာရလို့လား။ နယူးရိုချယ်ကနေ နှစ်နာရီက ထွက်လာပြီး အိမ်ပြန်ရောက်လာတော့ နင် ပို့ထားတဲ့စာကို တွေ့တယ်။ အခုတော့ ငါ ဒီကို ရောက်လာပြီပဲကို"အက်ဘီက တစ်ကမ္ဘာလုံးက အချိန်တွေကို ပိုင်နေသလားဟု တရက်ဇ် ထင်လိုက်မိသည်။ သူ လုပ်ချင်သော ဆန္ဒရှိသည့် အလုပ်ကလွဲပြီး တစ်နေ့လုံး ဘာမှ လုပ်မှာမဟုတ်ဘူးဟု တရက်ဇ် တွေးလိုက်၏။"ကဲ ... အဲတော့""အေး။ ငါ ပထမအကြိမ် ကြားနာမှုမှာ ရှုံးသွားတယ်"ကယ်ရောက ဖြေလိုက်ပေမယ့် အက်ဘီကတော့ မအံ့ဩသည့်ပုံနှင့် စီးကရက်ကို ခဲလိုက်သည်။"ဘယ်လောက်ကြာမယ်တဲ့လဲ""သုံးလ""ဘယ်အချိန်ကစပြီးတော့လဲ""အခုကစပြီး။ မနေ့ညက စတာပေါ့"ကယ်ရောက တရက်ဇ်ကို လှည့်ကြည့်လိုက်ပြီး၊ ကော်ဖီခွက်ကို ပြန်ငေးကြည့်လိုက်သည်။ တရက်ဇ်က သူ ဒီမှာရှိနေသရွေ့ ဒီကိစ္စနှင့် ပတ်သက်ပြီး ဘာတစ်ခွန်းမှ ဆက်ပြောတော့မှာမဟုတ်ဘူးဟု အလိုလို သိလိုက်ရသည်။"အမှုက မတည်သေးဘူးမလား"အက်ဘီက မေးလိုက်သည်။"တည်သွားပြီ"ကယ်ရောက မထူးခြားတော့သည့်လေသံဖြင့် ပခုံးတွန့်ကာ ဖြေလိုက်သည်။"အရင်ဆုံးတော့ အမေးအဖြေကဏ္ဍပဲ ရှိမှာပါ။ နောက်တော့လည်း ရင်ဆိုင်ရမှာပဲ။ ဒီည နင် ဘာတွေ လုပ်စရာရှိလဲ။ နောက်ကျမှာလား""အစောပိုင်းတော့ ဘာမှမရှိဘူး။ နှစ်နာရီမှာတော့ စားပွဲ သွားစရာ ရှိတယ်""အားရင် ဖုန်းခေါ်လိုက်ဦး""အင်း"ကယ်ရောက သူ့လက်ထဲမှ လိမ္မော်ရည်ဖန်ခွက်ကို ငုံ့ကြည့်နေသည်။ ကယ်ရော၏ မဲ့နေသည့် နှုတ်ခမ်းမှ ဝမ်းနည်းမှုကိုပါ တွေ့လိုက်ရသည်။ သူ့ဆုံးဖြတ်ချက်ကြောင့် ဝမ်းနည်းနေခြင်းမဟုတ်ဘဲ ရှုံးနိမ့်မှုကြောင့် ဝမ်းနည်းနေခြင်းမျိုးပင်။"ငါ ခရီးသွားစရာရှိတယ်။ ဒီနေရာကနေ ဝေးတဲ့ တစ်နေရာကို ခရီးထွက်မလို့"အက်ဘီက တရက်ဇ်ကို ခင်ခင်မင်မင်ရှိသည့် အကြည့်ဖြင့် ကြည့်ပြန်သည်။ ထိုအကြည့်က တရက်ဇ် ဝင်မပါနိုင်သည့်ကိစ္စကို ဝင်ပါနိုင်သလို ကြည့်နေသည့် အကြည့်မျိုး ဖြစ်၏။ တရက်ဇ်က 'ကယ်ရောမှာ သူနှင့် အဝေးတစ်နေရာကို ခရီးထွက်သွားတော့မည်' ဟူ၍ အတွေးမျိုးဝင်လာပြီး၊ ငိုင်သွားမိသည်။"ငါတော့ စိတ်မပါပါဘူး"ကယ်ရောက ပြောလိုက်သည်။သို့သော် ထိုသို့ပြောပြီးမှ ခရီးကို လိုက်ဖြစ်သွားနိုင်သော အရိပ်အယောင် မြင်လာပြန်သည်။အက်ဘီက အနည်းငယ် ပျင်းကြောဆန့်လိုက်ပြီး၊ ဘေးဘီကို တစ်ချက်ကြည့်လိုက်သည်။"မနက်ခင်းဆိုရင် ဒီနေရာကြီးက ကျောက်မီးသွေးတွင်းလို မှောင်မနေဘူးလား"တရက်ဇ် အနည်းငယ် ပြုံးမိသွားသည်။ အနောက်ဘက်မှာက စိမ်းလန်းနေသော သစ်ပင်များနှင့် ပြတင်းပေါက်မှ နေခြည်ဖြာထွက်နေသည့် ကျောက်မီးသွေးတွင်းကို ဆိုလိုချင်တာများလား။ကယ်ရောက အက်ဘီကို ချစ်ချစ်ခင်ခင်ရှိသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး၊ အက်ဘီ၏ စီးကရက်တစ်လိပ်ကို ယူကာ မီးညှိနေသည်။ 'သူတို့မှာ တစ်ယောက်အကြောင်း တစ်ယောက် ဘယ်လောက်တောင် ကောင်းကောင်း သိလိုက်ကြမလဲ။ ဘယ်သူ ဘယ်အရာကမှ သူတို့ကို အံ့ဩအောင် လုပ်နိုင်မှာမဟုတ်သလို အချင်းချင်း အထင်လွဲမှုရှိလာမှာ မဟုတ်ဘူး' ဆိုပြီး တရက်ဇ် တွေးနေမိသည်။"ပါတီမှာ ပျော်ခဲ့ရတယ်ပေါ့""အင်း"အက်ဘီက မထူးခြားသည့်ပုံစံဖြင့် ဖြေလိုက်သည်။"ဒါနဲ့ ဘော့ဘ်ဟေဗာရှန် ဆိုတဲ့ လူကို နင် သိလား""မသိဘူးလေ""သူလည်း မနေ့ညက အဲမှာပဲ။ သူနဲ့ နယူးယောက်မှာတုန်းကတော့ တွေ့ဖြစ်သေးတယ်။ တော်တော်ရယ်ရတာပဲ။ သူက ရတ်နာနဲ့ အဲ့ဒ် အကျိုးဆောင်ဌာနမှာ အလုပ်လုပ်တာ ဆိုပြီး ငါ့ကို လာပြောပြနေတာ""တကယ်ကြီးလား""အေး ... ငါတော့ အဲက အဲ့ဒ်သူဌေးနဲ့ သိတယ်လို့ မပြောလိုက်ပါဘူး""အခု ဘယ်အချိန်ရှိနေပြီလဲ"ကယ်ရောက မေးလာသည်။အက်ဘီက သူ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ ရွှေရောင်မှန်ကူနှင့် ပိရမစ်ပုံပါသည့်နာရီပင် ဖြစ်သည်။"၇နာရီခွဲလောက် ရှိပြီ။ ဘာလုပ်မလို့လဲ""မင်း ထပ်အိပ်ချင်သေးလား ... တရက်ဇ်""ဟင့်အင်း။ မအိပ်တော့ပါဘူး""မင်း သွားရမယ့်အချိန် ပြောနော်။ ပြန်လိုက်ပို့ပေးမယ်"xxxxxနောက်ဆုံးမှာတော့ ဆယ်နာရီလောက်မှာ တရက်ဇ်ကို အိမ်ပြန်လိုက်ပို့ပေးသူက အက်ဘီ ဖြစ်သွားသည်။ အက်ဘီက သူ တခြားလုပ်စရာအလုပ် မရှိသလို တကယ့်စိတ်ရင်းအမှန်နှင့် လိုက်ပို့ပေးချင်၍ဟု ဆိုလာသည်။အက်ဘီလည်း ကယ်ရောကဲ့သို့ အအေးကြိုက်တတ်သည့် လူမျိုး ဖြစ်သည်။ အဝေးပြေးလမ်းမတွင် အရှိန်ပြင်းပြင်း မောင်းနှင်လာ၏။ ဘယ်သူကများ ဒီဇင်ဘာလတွင် အမိုးဖွင့်ကားကို မောင်းကြလို့လဲ။"မင်းနဲ့ကယ်ရော ဘယ်မှာ ဆုံဖြစ်ကြတာလဲ"အက်ဘီက လေသံကို အုပ်အောင် အော်ပြောလိုက်သည်။တရက်ဇ်က အမှန်အတိုင်း ပြောပြဖို့လိုမည်ဟု ထင်မိသည်။"ကုန်တိုက်တစ်ခုမှာပါ"တရက်ဇ်ကလည်း ပြန်အော်ပြောလိုက်သည်။အက်ဘီက မထင်လျှင်မထင်သလို အရှိန်မြှင့်ကာ မောင်းရင်းနှင့် တစ်နေရာတွင် ကားကြီးကို ဝေ့ဝိုက် ကျော်တက်လိုက်သည်။"မင်း သူ့ကို သဘောကျလား""ဒါပေါ့ရှင်"'ဘယ်လိုမေးခွန်းမျိုးပါလိမ့်'သူ့အတွက်တော့ သူ့ကို 'ဘုရားသခင်ကို ယုံကြည်လား' ဆိုပြီး မေးလာသလို ဖြစ်နေ၏။လမ်းလေးထဲ ချိုးဝင်လာပြီးနောက်မှာတော့ တရက်ဇ်က အက်ဘီကို သူ့အိမ်သို့ ညွှန်ပြလိုက်သည်။"ကျွန်မကို တစ်ခုလောက် ကူညီပေးလို့ရမလား"တရက်ဇ်က မေးလိုက်သည်။"ရှင် ကျွန်မကို ဒီမှာ ခဏလောက် စောင့်ပေးပါလား။ ကျွန်မ ကယ်ရောကို ပေးလိုက်စရာတစ်ခု ရှိလို့""ဟုတ်ပြီလေ"အက်ဘီက ပြောလိုက်သည်။တရက်ဇ်က လှေကားကို အမြန်ပြေးတက်သွားပြီး၊ သူ ပြင်ဆင်ထားသည့် လက်ဆောင်ကတ်ကို ထုတ်ယူကာ ကယ်ရောအတွက် လက်ဆောင်အိတ်၏ ဖဲပြားအောက်သို့ ညှပ်ထည့်လိုက်သည်။ ပြီးတော့ အက်ဘီဆီကို ယူသွားလိုက်သည်။"ရှင်တို့ ဒီည တွေ့ကြမှာမလား"အက်ဘီက ဖြည်းဖြည်းသာသာ ခေါင်းကို ညိတ်ပြသည်။အက်ဘီ၏ သိချင်စိတ်လွှမ်းမိုးနေသည့် မျက်လုံးမည်းမည်းများမှ စိန်ခေါ်မှုတစ်မျိုးကို တရက်ဇ် ခံစားလိုက်ရသည်။ 'တရက်ဇ်ကတော့ ကယ်ရောနှင့် တွေ့ရမှာ မဟုတ်ဘဲ သူကတော့ တွေ့ရမည်။ ဒါကို တရက်ဇ်တစ်ယောက် ဘာတတ်နိုင်မှာလဲ' ဆိုသည့် စိန်ခေါ်မှုမျိုး ဖြစ်သည်။"ကျွန်မကို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးပါပဲရှင်"အက်ဘီက ပြုံးလိုက်သည်။"တို့ကို တခြားလိုက်ပို့ခိုင်းစရာ နေရာမရှိတော့တာ သေချာပါတယ်နော်""ဟုတ်ကဲ့။ ကျေးဇူးပါပဲရှင်"တရက်ဇ်လည်း ပြုံးမိသွားသည်။အက်ဘီက ဒီကနေ၍ ဘရွတ်ကလင်ဟိုက်ကို လိုက်ပို့ခိုင်းလျှင်တောင် အားရဝမ်းသာ လိုက်ပို့ပေးလိမ့်ဦးမည်။တရက်ဇ်က အရှေ့နားသို့ လျှောက်လာပြီး၊ စာတိုက်ပုံးကို ဖွင့်လိုက်သည်။ စာနှစ်စောင်၊ သုံးစောင်မျှ ရောက်နေ၏။ ခရစ္စမတ်ကတ်အချို့လည်း ပါသည်။ တစ်ခုမှာ ဖရန်ကန်ဘက်မှ ဖြစ်သည်။ သူ လမ်းဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ သူ တွေးထားသည့်အတိုင်းပင် ကားလေးက သူ့အိပ်မက်ထဲက ငှက်အတိုင်းပင် ခပ်ဝေးဝေးကို ပြေးသွားပြီ ဖြစ်သည်။
**********
YOU ARE READING
Carol (မြန်မာပြန်)
RomanceMyanmar Translation of A Romance Novel - well known as Carol on the screen. (love between the two women in 1950s)