Chapter 19.1 (Zawgyi)

31 3 0
                                    

အခန်း ၁၉


သူ့ကားက ဘယ်လိုအမျိုးအစားလဲဆိုတာတော့ တရက်ဇ် မသိနိုင်ပေ။ ကားများက သီးခြားကားရုံတွေမှာ ကိုယ်စီ ရပ်ထားပြီး၊ အားလုံးက လော့ခ်ခတ်ထားကြသည်။ ဧည့်ခန်းမှန်မှ ကားဂိုဒေါင်ကို လှမ်းမြင်နေရသော်လည်း ထိုမနက်မှာတော့ အဲလူ ကားထဲမှ ထွက်လာတာကို မမြင်မိပေ။ နေ့လယ်စာစားချိန်မှာလည်း ထိုလူကို သူတို့ မမြင်မိတော့ပေ။မစ္စစ်ဖရန့်ခ်ျက သူတို့ ပြန်တော့မည် သတင်းကြားသောအခါ နှုတ်ဆက်ချင်၍ သူ့အခန်းထဲ လာဖို့ အတင်းတောင်းဆိုလာသည်။"ပြန်တော့မယ်ဆိုတော့ ဝိုင်လေးဘာလေး သောက်သွားဦးပေါ့"မစ္စစ်ဖရန့်ခ်ျက ကယ်ရောကို ပြော၏။"သမီးလိပ်စာလေး ဘာလေးလည်း ပေးခဲ့ဦးလေ"သူတို့တွေ ပန်းမျိုးချင်း လဲလှယ်ကြဖို့ ပြောခဲ့ကြတာကို တရက်ဇ် မှတ်မိသည်။ ပန်းမျိုးစေ့တွေက သူတို့ခင်မင်မှုကို ခိုင်မာစေသည်ဟု တစ်နေ့က ကားထဲမှာ စကားတွေ အများကြီး ပြောရင်း ပြောခဲ့တာကို သူ မှတ်မိနေသည်။ ကယ်ရောက နောက်ဆုံးအထိ မယုံနိုင်လောက်အောင် စိတ်ရှည်ရှည် နားထောင်ပေး၏။ သူတို့ ထသွားဖို့ အလျင်လိုပေမယ့် မစ္စစ်ဖရန့်ခ်ျက ဝိုင် ထပ်ထပ်ဖြည့်ပေးနေသော ဖန်ခွက်လေးကို ကိုင်ထားရင်း မစ္စစ်ဖရန့်ခ်ျ၏ဆိုဖာမှာ ထိုင်နေသည့် ကယ်ရောကို ကြည့်နေတာကို ဘယ်သူမှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။ နှုတ်ဆက်စကား ဆိုပြီးသည့်အခါမှာတော့ မစ္စစ်ဖရန့်ခ်ျက သူတို့နှစ်ယောက်လုံး၏ပါးပြင်ကို နမ်းကာ နှုတ်ဆက်၏။xxxxxဒန်ဗာမှ ဝှိုင်ယမ်မင်သို့ ဦးတည်သည့် မြောက်ဘက်စူးစူး အဝေးပြေးလမ်းမပေါ်တွင် မောင်းနှင်လာခဲ့ကြ၏။ သူတို့ အမြဲတမ်း သဘောကျမိသည့် ကောင်တာတစ်လုံးနှင့် ပိုက်ဆံစေ့ထည့်၍ မိမိလိုရာ ဓာတ်ပြား ဖွင့်နိုင်သည့် ဂီတစက်လေး ရှိသော ရိုးရိုးဆိုင်လေးမှာပဲ ကော်ဖီသောက်ဖို့ ရပ်နားခဲ့ကြသည်။ သူတို့တွေ ဂီတစက်လေးထဲ ပိုက်ဆံ၅ဆင့်ထည့်ကာ သီချင်းနားဆင်ဖြစ်သေးသည်။ ခံစားချက်ကတော့ အရင်ကနှင့်မတူ။ ကယ်ရောကတော့ ဝါရှင်တန်ကိုဖြစ်ဖြစ်၊ ဖြစ်နိုင်လျှင် ကနေဒါဘက်ဖြစ်ဖြစ် သွားမည် ပြောသော်လည်း ကျန်သည့်ခရီးစဉ်မှာ ဒီလို ခံစားချက်ချင်း တူမှာ မဟုတ်မှန်း တရက်ဇ် သိသည်။ နောက်ဆုံး ကယ်ရော သွားဖို့ ဆုံးဖြတ်ချက်ချမည့်နေရာကလည်း နယူးယောက် ဖြစ်မှာမှန်း တရက်ဇ် ခံစားနေမိ၏။ပထမညမှာတော့ အမေရိကန်တိုင်းရင်းသားများ နေထိုင်တတ်သော အိမ်ပုံစံမျိုး တည်ဆောက်ထားသည့် ခရီးသွားတဲစခန်းမှာပဲ သူတို့ နေဖြစ်ခဲ့ကြသည်။ သူတို့ အဝတ်တွေ ချွတ်လဲနေစဉ်မှာ ကယ်ရောက တဲဖျင်တိုင်ထိပ်အပေါ်သို့ ကြည့်ကာ စိတ်ပျက်လက်ပျက် ဆိုလာ၏။"ငမိုက်သားတချို့ ပေးတဲ့ ဒုက္ခပေါ့ကွယ်"သို့သော်လည်း ဒီလိုဆိုလိုက်တာက တရက်ဇ်အတွက် အူတက်အောင် ရယ်စရာ ဖြစ်လာသည်။ ကယ်ရော စိတ်ပျက်သွားလောက်သည်အထိကို ရယ်မိ၍ သူ အရယ်မရပ်ဘူးဆိုလျှင် ဘရန်ဒီတစ်ဖန်ခွက်စာလောက် သောက်ဖို့ကိုပင် စိုးရိမ်လာမိသည်။တရက်ဇ်က ပြတင်းပေါက်နားမှာ ရပ်ကာ ဘရန်ဒီခွက်ကို လက်မှာ ကိုင်ထားရင်း ပြုံးနေမိဆဲဖြစ်ပြီး၊ ကယ်ရော ရေချိုးပြီး ထွက်အလာကို စောင့်နေ၏။ ကားတစ်စီးက တဲစခန်းကြီး ရုံးခန်းဘေးသို့ မောင်းချလာပြီး ရပ်လိုက်တာကို သူ တွေ့လိုက်ရသည်။ ခဏအကြာတွင် ရုံးထဲသို့ ဝင်သွားသည့် လူက ပြန်ထွက်လာပြီး၊ တဲစခန်းနယ်ဝန်းကို အမှောင်ထဲမှာ လှည့်ပတ်ကြည့်လိုက်သေးသည်။ သူ့အာရုံကို ဖမ်းစားထားသော ခိုးချောင်ခိုးဝှက်ခြေလှမ်းမျိုးပင်။ နောက်မှ သူ့မျက်နှာ၊ သူ့ကိုယ်ဟန်ကို သေချာ မမြင်ရသေးဘဲနှင့်ပင် သူလျှိုမှာ သူမှန်း သေချာသွား၏။"ကယ်ရော"သူ ကယ်ရောကို ခေါ်လိုက်၏။ကယ်ရောက ရေချိုးခန်းလိုက်ကာကို ဖယ်ကာ ရေသုတ်နေတာကို ရပ်ပြီး သူ့ကို ကြည့်လိုက်၏။"ဒါက...""ကျွန်မလည်း မသိသေးဘူး။ အဲလိုပဲ ထင်တယ်"သူ ပြောလိုက်ပြီးချိန်မှာ ကယ်ရောမျက်နှာပေါ်တွင် ဖြည်းဖြည်းချင်း ဒေါသရိပ်တက်လာပြီး၊ ခက်ထန်လာတာကို သူ တွေ့နေရ၏။ သူကိုယ်တိုင်ရော၊ ကယ်ရောအပေါ်မှာပါ စော်ကားနေတာကို သိလိုက်ရသလို တရက်ဇ်၏ သိက္ခာကိုလည်း ထိခိုက်တုန်လှုပ်စေ၏။"ဘုရား ဘုရား"ကယ်ရောက ပြောပြောဆိုဆို ကိုယ်သုတ်ပဝါကို ကြမ်းပေါ် ပစ်ပေါက်လိုက်သည်။ ဝတ်ရုံကို ပတ်ပြီး၊ ခါးစည်းကို ချည်လိုက်၏။"သူ ဘာလုပ်နေတာလဲ""သူတို့ ဒီမှာ ရပ်နားမှာ ထင်တယ်"တရက်ဇ်က ပြတင်းပေါက်အစွန်းသို့ နောက်ဆုတ်ရပ်လိုက်၏။"ဘာဖြစ်ဖြစ်တော့ သူ့ကားက အခုထိ အဲရုံးရှေ့မှာ ရှိနေတုန်းပဲ။ မီးပိတ်ထားလိုက်ရင်ရော။ ကျွန်မတို့ဘက်က ရှင်းရှင်းလင်းလင်း မြင်ရနိုင်တာပဲ"ကယ်ရောက ညည်းညူလိုက်သေးသည်။"အိုး ... လုပ်မနေပါနဲ့။ တို့လည်း မတတ်နိုင်ဘူး။ ငြီးငွေ့စရာပဲ"အဆုံးစွန် ငြီးငွေ့မှုနှင့် စပ်ဆုပ်ရွံရှာနေသည့်လေသံမျိုးဖြင့် ကယ်ရောက ပြောလာ၏။တရက်ဇ်လည်း မဲ့ရွဲ့ပြီး ပြုံးလိုက်မိသည်။ သို့ပေမယ့် မိုက်မဲစွာဖြင့် ရယ်ချင်လာသည့် စိတ်ကို ထိန်းထားလိုက်၏။ သူ ရယ်မိသွားလျှင် ကယ်ရောက အမျက်ခြောင်းခြောင်းထွက်လာလိမ့်မည်လေ။ထို့နောက် ဒီနယ်ဝန်းထဲက တဲစခန်းတစ်ခု၏ ကားရပ်နားရာ တံခါးပေါက်သို့ ကားလိမ့်ဝင်သွားတာကို သူ တွေ့လိုက်ရသည်။"ဟုတ်တာပေါ့။ သူ ဒီမှာ နားမှာပဲ။ နှစ်ယောက်စီး ဆီဒန်ကားအမည်းလေးပဲ"ကယ်ရောက သက်ပြင်းချကာ အိပ်ရာပေါ် ထိုင်ချလိုက်သည်။ ထို့နောက် တရက်ဇ်ဘက်လှည့်ကာ ပြုံးပြလိုက်၏။ ပင်ပန်းနွမ်းနယ်မှု၊ ပျင်းရိငြီးငွေ့မှု၊ ကြိတ်မှိတ်သည်းခံနေမှု၊ အကူအညီမဲ့နေမှု၊ ဒေါသများ အပြည့်ဖြင့် လျှပ်တပြတ် အပြုံးမျိုး ဖြစ်သည်။"ကဲ ... ရေမိုးချိုး၊ အဝတ်အစားလဲတော့""ဒါပေမယ့် သူမှန်း ကျွန်မ သေချာ မသိသေးဘူးနော်""အဲဒါ အဲကောင်ပဲလေ ... ဒါလင်ရယ်"တရက်ဇ် ရေချိုးပြီးလျှင် အဝတ်အစားအပြည့်ဖြင့် ကယ်ရောဘေးတွင် လဲလျောင်းနေလိုက်၏။ ကယ်ရောက မီးမှိတ်ထားလိုက်သည်။ ကယ်ရောက အမှောင်ထဲတွင် စီးကရက် သောက်နေပြီး၊ သူ့ကို ဘာတစ်ခွန်းမှ မပြောချေ။ နောက်မှ သူ့လက်မောင်းကို ထိကာ "သွားကြရအောင်" ဆိုပြီး ပြောလာ၏။ တဲစခန်းလေးမှ မောင်းထွက်လာသည့် အချိန်ကား ၃နာရီ ၃၀မိနစ်။ သူတို့ အခန်းခကို ကြိုတင်၍ ချေထားခဲ့ပြီး ဖြစ်သည်။ ဘယ်နေရာမှာမှ အလင်းရောင်ရှိမနေ။ သူလျှိုကသာ သူ့မီးနှင့်သူ သူတို့ကို စောင့်ကြည့်မနေခဲ့လျှင် သူတို့ကို ဘယ်သူမှ ရှာမတွေ့နိုင်ပေ။"မင်း ဘာလုပ်ချင်သေးလဲ။ တစ်နေရာရာမှာ အိပ်ချင်သေးလား"ကယ်ရောက သူ့ကို မေးလာ၏။"ဟင့်အင်း။ ရှင်ရော""မအိပ်ချင်ပါဘူးကွယ်။ တို့တွေ ဘယ်လောက် ဝေးဝေးပြေးနိုင်လဲ ... ကြည့်တာပေါ့"ကားကြမ်းပြင်အထိ လီဗာကို ဖိနင်းပြီး မောင်းလာခဲ့၏။ ကားရှေ့မီးအလင်းရောင် ကြိုခင်းထားသည်အထိ လမ်းမှာ ရှင်းလင်းပြီး၊ ချောမွေ့နေသည်။အရုဏ်တက်လာချိန်ရောက်လျှင် ကင်းစောင့်က သူတို့ကို အရှိန်မြှင့်မောင်းနှင်မှုကြောင့် တားထားလိုက်သည်။ ကယ်ရောကလည်း နက်ဘရာစကာစန်ထရယ်ဆိုသည့် ဒီမြို့လေးမှာ ဒေါ်လာ၂၀ ဒဏ်ကြေးဆောင်ခဲ့ရသည်။ ကင်းစောင့်နောက်သို့ လိုက်လာဖို့အတွက် မြို့လေးတစ်မြို့သို့ မိုင်၃၀လောက် လှည့်လာခဲ့ရသေးသည်။ သို့ပေမယ့် ကယ်ရောက သူမဟုတ်သလို၊ အရှိန်မြှင့်မောင်းနှင်မှုကြောင့် အဖမ်းမခံရအောင် ကင်းစောင့်၊ ယာဉ်ထိန်းရဲတို့နှင့် ငြင်းခုံပြီး၊ ချော့မော့အစ်အောက်နေခဲ့ရတုန်းကလို မဟုတ်သလိုမျိုး ဘာစကားမှမဆိုဘဲ လိုက်သွားလိုက်သည်။"စိတ်အနှောင့်အယှက်တွေပဲ"ကားထဲသို့ သူတို့ ပြန်ရောက်လာသည့်အခါ ကယ်ရောက ပြောလာ၏။ နာရီပေါင်းများစွာအကြာမှာ သူပြောဖြစ်တာ ဒီတစ်ခွန်းသာ ဖြစ်သည်။တရက်ဇ်က သူ ကားမောင်းပေးဖို့ ပြောပေမယ့် ကယ်ရောက သူပဲ မောင်းချင်သည်ဟု ဆိုသည်။ ၈နာရီဝန်းကျင်မှာတော့ သည်းမခံနိုင်တော့သည့် ငိုက်မျဉ်းလာမှုကြောင့် မျက်ခွံများပင် လေးပြီး၊ ခေါင်းမကြည်မလင်ဖြစ်လာကာ သူတို့ စောင့်ကြည့်နေသည့် ဆီဒန်ကားအမည်းတစ်စီးလို ကားမျိုး သူတို့နောက်မှာ မြင်လိုက်ရတာတောင် အံ့ဩမှုတစ်စုံတစ်ရာ မခံစားလိုက်ရပေ။"ကျွန်မတို့နောက်မှာ အဲလိုကားတစ်စီးပဲ။ အဝါရောင်လိုင်စင်ပြားနဲ့"ကယ်ရောက ခဏကြာသည်အထိ ဘာစကားမှမပြော။ သို့သော် နောက်ကြည့်မှန်ကိုတော့ တစ်ချက်ကြည့်ပြီး၊ စုဝိုင်းထားသော နှုတ်ခမ်းများမှ လေကို မှုတ်ထုတ်လိုက်သည်။"တို့တော့ မသေချာဘူး။ တကယ်သာဆိုရင်တော့ သူက တို့ထင်ထားတာထက် ပိုတော်တဲ့လူပဲ"သူက အရှိန်ကို လျှော့လိုက်သည်။"တို့ သူ့ကို ပေးကျော်လိုက်ရင် မင်း သူ့ကို သေချာမှတ်မိနိုင်မယ်ထင်လား""ဟုတ်"အခုရော သူ့ဝိုးတိုးဝါးတားပုံရိပ်ကို သူ မှတ်မိနိုင်ပါ့မလား။ကယ်ရောက ကားကို ရပ်လိုက်တော့မလိုပင် အရှိန်လျှော့ချလိုက်၏။ လမ်းမြေပုံစာရွက်ကို ယူကာ စတီယာရင်ပေါ်သို့ ဖြန့်ကြည့်နေသည်။ တခြားကားက ချဉ်းကပ်လာကာ သူတို့ကို ကျော်သွား၏။ ကားအထဲမှာ သူမှန်း သေချာသွားသည်။"ဟုတ်တယ်။ အမှန်ပဲ"တရက်ဇ်က ပြောလိုက်၏။ထိုလူကတော့ သူ့ကို တစ်ချက်ပင် လှည့်မကြည့်သွားပါ။ကယ်ရောက လီဗာကို နင်းကာ ဆက်မောင်းလာ၏။"မင်း သေချာတယ်ပေါ့""တကယ် သေချာတယ်"ကားပြေးနှုန်းတိုင်းဒိုင်ခွက်မှ မြားက ၆၅နှင့်အထက် ကျော်သွားတာကို တရက်ဇ် ကြည့်နေမိ၏။"ကယ်ရော ... ရှင် ဘာလုပ်နေတာလဲ""သူနဲ့ စကားပြောမလို့လေ"သူတို့ကားချင်း အကွာအဝေးနီးကပ်လာချိန်မှာတော့ ကယ်ရောက အရှိန်ကို လျှော့ချလိုက်သည်။ သူလျှို၏ကားနှင့် ယှဉ်လျက် မောင်းနှင်လာကာ ... မပြောင်းလဲသည့် ကျယ်ပြောဖြောင့်တန်းသော ပါးစပ်၊ သူ့ပါးစပ်လို အသက်မပါသော ဝိုင်းစက်ပြီး၊ မီးခိုးရောင် အစက်လို မျက်လုံးတို့ဖြင့် ထိုလူက သူတို့ဘက် လှည့်ကြည့်လာတော့သည်။ ကယ်ရောက အောက်ဘက်သို့ လက်ယမ်းပြကာ ထိုလူ၏ကားက အရှိန်လျှော့သွားသည်။"မင်းရဲ့ မှန်ပြတင်းကို ချလိုက်ဦး"ကယ်ရောက တရက်ဇ်ကို ပြော၏။သူလျှို၏ကားလည်း သဲခင်းထားသော လမ်းစပ်ပေါ်သို့ ကပ်သွားကာ ရပ်လိုက်၏။ကယ်ရောကလည်း ကားကို လမ်းမပေါ်တွင် ချရပ်လိုက်ကာ တရက်ဇ်ကို ဖြတ်ပြီး လှမ်းအော်ပြောလိုက်သည်။"ရှင်က တို့တွေနဲ့ ပူးပေါင်းချင်လို့လား"ထိုလူက ကားထဲမှ ထွက်လာပြီး၊ ကားတံခါးကို ပိတ်လိုက်၏။ ကားနှစ်စီးက မြေပြင်ပေါ်မှာ သုံးကိုက်အကွာလောက် ရှိမည်။ သူလျှိုက အကွာအဝေးတစ်ဝက်လောက် လျှောက်လာကာ ရပ်လိုက်သည်။ အသက်မဝင်သည့် သူ့မျက်လုံးများမှာ အရုပ်မ၏ လှုပ်ရှားမှုမဲ့သည့် ဗလာမျက်လုံးများကဲ့သို့ မီးခိုးရောင်မျက်ဝန်းတစ်ဝိုက်တွင် နက်မှောင်သော အနားဝန်းရှိသည်။ သူက သိပ်တော့ မငယ်ပေ။ သူ ဖြတ်မောင်းလာရသော ရာသီဥတုဒဏ်ကြောင့် သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်ပုံပေါ်ပြီး၊ သူ့မုတ်ဆိတ်က အရိပ်ကျနေမှုဟာ သူ့ပါးစပ်တစ်ဖက်မှ အရေးအကြောင်းကို ပို၍ ထင်းစေ၏။"ကျွန်တော်လည်း ကိုယ့်အလုပ် ကိုယ်လုပ်နေတာပါ ... မစ္စစ်အဲ့ဒ်""သိသာပါတယ်။ မကောင်းတဲ့အလုပ်ပဲမလား"ထိုလူက စီးကရက်ကို သူ့လက်မ၏လက်သည်းဖြင့် တောက်နေ၏။ စတိတ်စင်ဖျော်ဖြေမှုမှာလို လေထန်နေသည့်ကြားက စီးကရက်ကို ဖြည်းဖြည်းချင်း မီးညှိလိုက်သည်။"အလုပ်ကိစ္စက ပြီးခါနီးပါပြီ""ဒါဆိုလည်း တို့တွေကို ဘာလို့ အလွတ်မပေးနေလဲ"စတီယာရင်ဘီးပေါ်သို့ တင်ထားသည့် လက်လိုပင် သူ့အသံမှာ ခပ်တင်းတင်း ရှိလှသည်။"ဘာလို့လဲဆိုတော့ ခင်ဗျားတို့နောက်လိုက်နေဖို့ ညွှန်ကြားချက် ရှိနေတယ်လေ။ ခင်ဗျား နယူးယောက် ပြန်မယ်ဆိုရင်တော့ ကျွန်တော်လည်း ခင်ဗျားတို့နောက် ဆက်လိုက်နေစရာ မလိုတော့ဘူး။ အဲတော့ ခင်ဗျား နယူးယောက်ကို ပြန်လိုက်ဖို့ ကျွန်တော် အကြံပေးချင်တယ် ... မစ္စစ်အဲ့ဒ်။ ခင်ဗျား အခု ပြန်တော့မှာလား""မပြန်ဘူး""ကျွန်တော်လည်း အချက်အလက်တချို့ ရထားတယ်ဗျ။ ကျွန်တော် ပြောပြရင် ခင်ဗျား ပြန်လိုက်ဖို့ စိတ်ဝင်စားလောက်ပါတယ်ဗျာ""ကျေးဇူးပဲ"ကယ်ရောက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။"တို့ကို ပြောပြလို့ ကျေးဇူးအများကြီးတင်တယ်။ ဒါပေမယ့် တို့ စီစဉ်ထားတာက ပြန်လိုက်ဖို့ မဟုတ်ဘူး။ တို့ရဲ့ ခရီးစဉ်ကို ပြောခဲ့မယ်လေ။ အဲတော့ ရှင်လည်း တို့ကို အလွတ်ပေးထားလို့ရပြီး၊ အိပ်ရေးလည်း မပျက်ဘဲ အလုပ်လည်း ပြီးတာပေါ့"သူလျှိုက သူ့ကို လွဲမှားနေပြီး အဓိပ္ပာယ်မဲ့ကာ လူတစ်ယောက်လို မဟုတ်ဘဲ သင်တန်းပေးထားသည့် စက်နှင့်တူသည့် အပြုံးမျိုးဖြင့် ကြည့်လိုက်၏။"ခင်ဗျား နယူးယောက်ကို ပြန်လိုက်မယ် ထင်ပါတယ်ဗျာ။ ကျွန်တော်က အကြံကောင်းကို ပေးနေတာနော်။ ခင်ဗျားရဲ့ကလေးက ခင်ဗျားတို့နှစ်ယောက်ရဲ့ ချိန်ခွင်ညှာပေါ်မှာဆိုတာ ခင်ဗျားလည်း သိတာပဲမလား""တို့ကလေးကို တို့ပိုင်တယ်"အရေးအကြောင်းတစ်ခုက ထိုလူ၏ ပါးပေါ်တွင် ထင်းလာ၏။"လူတစ်ယောက်ကို ပိုင်ဆိုင်မှုဆိုပြီး သတ်မှတ်လို့မှ မရတာ ... မစ္စစ်အဲ့ဒ်ရယ်""ရှင် ကျန်တဲ့ခရီးစဉ်တစ်လျှောက်ရော လိုက်နေဦးမှာလား""ခင်ဗျား နယူးယောက်ကို ပြန်မှာလား""မပြန်ဘူး""ခင်ဗျား ပြန်မှာပါဗျာ"သူလျှိုက ပြောကာ သူ့ကားဘက်ကို ဖြေးဖြေးချင်း လျှောက်သွား၏။ကယ်ရောက စက်နှိုးလိုက်သည်။ ပြီးလျှင် တရက်ဇ်၏လက်ကို လှမ်းကိုင်လိုက်ကာ ခဏလောက် စိတ်ချလက်ချရှိစေရန် သဘောမျိုးဖြင့် ဖိညှစ်ထား၏။"ကယ်ရောရယ်"ကယ်ရောက တိတ်တိတ်ကလေး ငိုနေ၏။မဲ့နေသော သူ့နှုတ်ခမ်းကို တရက်ဇ် ကြည့်နေမိသည်။ ကယ်ရောနှင့် လုံးဝမတူ၊ ငိုနေ၍ မျက်နှာ ရှုံ့မဲ့နေသော ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတစ်ယောက်နှင့် ပိုဆင်တူသည်။ ကယ်ရော၏ပါးရိုးပေါ်သို့ စီးကျလာသော မျက်ရည်များကို သူ မယုံကြည်နိုင်သလို စိုက်ကြည့်နေမိ၏။"တို့ကို စီးကရက်တစ်လိပ်ယူပေး"ကယ်ရောက ပြောလိုက်သည်။တရက်ဇ်က စီးကရက်မီးညှိပေးပြီး ကမ်းပေးလိုက်ချိန်မှာ ကယ်ရောက မျက်ရည်များကို သုတ်ပြီးကာ အငိုတိတ်သွားပြီ ဖြစ်၏။ ကယ်ရောက စီးကရက်သောက်ရင်း ဖြည်းဖြည်းချင်း ကားဆက်မောင်းလာသည်။"နောက်ခန်းထဲကို ဝင်ပြီး၊ သေနတ်ယူပေးပါ"ကယ်ရောက ပြောလာ၏။တရက်ဇ်က တုပ်တုပ်မျှမလှုပ်။ကယ်ရောက သူ့ကို တစ်ချက်ကြည့်လိုက်၏။"ယူပေးမယ်မလား"တရက်ဇ်က ဘောင်းဘီရှည်နှင့်ဖြစ်၍ နောက်ခုံပေါ်သို့ ခပ်သွက်သွက်ကလေး လျှိုဝင်သွားနိုင်ပြီး၊ ထိုင်ခုံပေါ်သို့ အပြာရင့်ရောင် လက်ဆွဲအိတ်ကို ဆွဲထုတ်လိုက်သည်။ အိတ်ခလုတ်ကို ဖွင့်လိုက်ကာ သေနတ်ကို ထုပ်ထားသော ဆွယ်တာကို ယူလိုက်၏။"တို့ကို ကမ်းပေးလိုက်"ကယ်ရောက တည်တည်ငြိမ်ငြိမ်ပင် ဆိုသည်။"တို့ အင်္ကျီဘေးအိတ်ထဲ ထည့်ထားဖို့ပါပဲ"လည်ပင်းကိုပတ်ပြီး ပခုံးပေါ်မှာ လက်ကို ဖြန့်ပေးလာ၏။ တရက်ဇ်လည်း သေနတ်၏ အဖြူရောင်လက်ကိုင်ဘက်ကို လက်ထဲသို့ ထည့်ပေးလိုက်ပြီး၊ ရှေ့ခုံသို့ ပြန်ရောက်လာသည်။သူလျှိုက သူတို့နောက်မှ လိုက်နေဆဲဖြစ်သည်။ ကယ်ရောက တရက်ဇ်၏ လက်ကို ဆုပ်ကိုင်ထားပြီး၊ အဝေးပြေးလမ်းမမှ ညစ်ပတ်ပေရေနေသည့် လမ်းပေါ်သို့ ကားကို ဘယ်လက်တစ်ဖက်တည်းဖြင့် မောင်းနှင်လာခဲ့သည်။"တို့ သူနဲ့ စကားထပ်ပြောရမယ်"ကယ်ရောက ပြောရင်းပင် လီဗာကို ဖြေးဖြေးချင်း ဖိနင်းကာ မောင်းနှင်လာ၏။"တကယ်လို့ မင်း ဆင်းနေချင်တယ်ဆိုရင်တော့ နောက်ထပ်ဆီဆိုင်ဖြစ်ဖြစ် တစ်နေရာရာမှာ ချထားခဲ့ပေးမယ်လေ။ နောက်မှ ပြန်လာခေါ်မယ်""ကျွန်မ ရှင့်တစ်ယောက်တည်း မထားခဲ့ချင်ဘူး"တရက်ဇ်က ပြောလိုက်သည်။ကယ်ရောက သူလျှို ယူထားသမျှ အချက်အလက်တွေကို တောင်းတော့မှာ ဖြစ်သည်။ ကယ်ရော သေနတ်မောင်းကို မဆွဲခင်မှာပင် ကြေးစားလူ၏ ကျွမ်းကျင်မှုအလျင်ဖြင့် သေနတ်ကို ဆွဲထုတ်ကာ ပစ်ခတ်လာပြီး၊ ကယ်ရော အနာတရ ဖြစ်သွားမှာကို တရက်ဇ် မြင်ယောင်နေမိသည်။ သို့သော် ဒီလိုမျိုး မဖြစ်ပျက်သွား၊ ဖြစ်ပျက်လာမှာ မဟုတ်မှန်း တရက်ဇ် တွေးလိုက်ကာ အံကို ကြိတ်ထား၏။ သူ့လက်ချောင်းများဖြင့် ကယ်ရော၏ လက်ကို နှိပ်နယ်ပေးနေမိသည်။"ကောင်းပြီလေ။ ဒါပေမယ့် စိတ်ပူမနေပါနဲ့။ တို့က သူနဲ့ စကားပြောချင်ရုံပါ"ရုတ်တရက်ချည်း အဝေးပြေးလမ်းမ၏ ဘယ်ဘက်လမ်းကြောကို ယူလိုက်သည်။ လမ်းမှာ ဆင်ခြင်လျှောစောက် များသည့် လယ်ကွင်းပြင်များကြားမှ မြင့်တက်သွားကာ တောအုပ်တွေကို ဖြတ်ကျော်သွားရ၏။ လမ်း ဆိုးလှပေမယ့် ကယ်ရောက မြန်မြန်ပင် မောင်းနေသည်။"သူ လိုက်လာတယ်မလား""ဟုတ်ကဲ့"ချုံစေးထနောင်းလွှမ်းပြီး၊ ကျောက်တုံးကျောက်ခဲ ထူပေါသော မြေပြင်လမ်းမှ တောင်ကုန်းပေါ်မှာ တည်ထားသည့် လယ်တဲအိမ်လေးက သူတို့နောက် အကွေ့အကောက်များကြားမှာပင် ပျောက်ကွယ်သွား၏။ မတ်စောက်သည့် တောင်ကုန်းနှင့် ဆက်သွားသည့် လမ်းပေါ်မှာပင် ကွေ့ကွေ့ကောက်ကောက် မောင်းနှင်လာပြီး၊ လမ်းတစ်ဝက်လောက်မှာ ကယ်ရောက ကားကို ပစ်စလက်ခတ် ရပ်ပစ်လိုက်သည်။အင်္ကျီဘေးအိတ်မှ သေနတ်ကို သူ ဆွဲထုတ်လိုက်သည်။ သေနတ်မှ တစ်ခုခုကို ဖွင့်လိုက်ရာ အထဲက ကျည်ဆန်တွေကို တရက်ဇ် မြင်လိုက်ရ၏။ ထို့နောက် ကယ်ရောက ကားရှေ့လေကာမှန်ကို ကြည့်ရင်း လက်နှစ်ဖက်လုံးကို ပေါင်ပေါ် ချထားလိုက်သည်။"အဲလို မလုပ်တာပဲ ကောင်းမယ်"ခပ်မြန်မြန် ပြောဆိုပြီး၊ သေနတ်ကို အင်္ကျီဘေးအိတ်ထဲ ပြန်ထည့်ထားလိုက်၏။ထို့နောက် ကားတံခါးကို ဖွင့်ကာ တောင်ကုန်းကြီး၏ ဘေးတွင် ရပ်နေလိုက်သည်။"ကားထဲမှာပဲ နေခဲ့နော်"သူ တရက်ဇ်ကို ပြောခဲ့ပြီး ထွက်သွား၏။သူလျှို၏ ကားသံကို တရက်ဇ် ကြားလိုက်ရသည်။ ကယ်ရောက အသံလာရာသို့ ခပ်ဖြည်းဖြည်းချင်း လျှောက်သွား၏။ သူလျှို၏ ကားက ကွေ့ကာပတ်ကာနှင့် ရောက်လာသည်။ သိပ်တော့ မမြန်။ သို့ပေမယ့် ကား အရှိန်လျှော့လိုက်သံက စီခနဲ မြည်ထွက်လာသည်။ ကယ်ရောက လမ်းမပေါ်သို့ လျှောက်လှမ်းသွား၏။ တရက်ဇ်လည်း ကားတံခါးကို ဖွင့်ကာ ပြတင်းမှန်မှာ လက်မှီတင်ကာ ထိုင်နေ၏။ထိုလူက သူ့ကားမှ ထွက်လာသည်။"အခုရော ဘာလဲ"လေထဲမှာ သူ့အသံကို မြှင့်ကာ ပြောလာ၏။"ရှင် ဘယ်လိုထင်လို့လဲ"ကယ်ရောက ထိုလူနားသို့ တိုးသွားလိုက်သည်။"ရှင် ရထားသမျှ အရာအားလုံး - အသံဖမ်းတိပ်ခွေတွေဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်မ အကုန် လိုချင်တယ်"သူလျှို၏ မျက်ခုံးများက သူ့မျက်လုံးများ၏ ဖျော့တော့သည့်အစက်များပေါ်မှ မြင့်တက်သွား၏။ ထိုလူက သူ့ကား၏ ရှေ့ဘက်ခြမ်းကို မှီရပ်နေကာ သူ၏ ကျယ်ပြောပြီး ပါးလျသည့် နှုတ်ခမ်းများဖြင့် လှောင်ပြုံးပြုံးနေသည်။ ထိုလူက တရက်ဇ်ကို လှမ်းကြည့်ပြီး၊ ကယ်ရောကို ပြန်ကြည့်လိုက်သည်။"အကုန်လုံးကို ပို့လိုက်ပြီ။ ပစ္စည်းတစ်ခုနဲ့ စာတိုလေးတွေပဲ ကျန်တော့တာ။ အချိန်တွေ၊ နေရာတွေ မှတ်ထားတာလေးတွေပေါ့""ကောင်းပြီလေ။ အဲဒါတွေ အကုန်လိုချင်တယ်""ခင်ဗျားက ဝယ်ချင်တယ်လို့ ပြောတာလား""အဲလို မပြောလိုက်ပါဘူး။ လိုချင်တယ် ပြောတာ။ ရှင်က ရောင်းချင်တာလား""ကျွန်တော်က ခင်ဗျား ဝယ်ချင်တိုင်း ဝယ်လို့ရမယ့်လူတော့ မရဘူး""ပိုက်ဆံအတွက် မဟုတ်ရင် ဒါတွေ ဘာလို့ လုပ်နေသေးလဲ။ကယ်ရောက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။"ငွေပိုရမှာပဲကို ဘာလို့ မလုပ်လဲ။ ရှင် ရထားတာတွေအတွက် ရှင် ဘာတွေ ပြန်ယူလဲ"သူလျှိုက လက်ပိုက်လိုက်သည်။"အကုန်လုံးကို ပို့ပြီးလိုက်ပြီလို့ ကျွန်တော် ပြောပြီးပြီပဲ။ ခင်ဗျား ပိုက်ဆံ ကုန်တာပဲ ရှိမယ်""ကော်လိုရာဒိုစပရင်းစ်က အသံမှတ်တမ်းတွေကို ပို့ပေးပြီးပြီလို့တော့ ကျွန်မ မထင်ဘူး""မထင်ဘူးလား"ထိုလူက ထေ့ငေါ့စွာ ပြန်မေး၏။"မထင်ဘူး။ အဲအတွက် ရှင် ဘာပဲတောင်းတောင်း ကျွန်မ ရှင့်ကို ပေးမယ်"ထိုလူက ကယ်ရောကို ခေါင်းစခြေဆုံး ကြည့်ပြီး၊ တရက်ဇ်ကို လှမ်းကြည့်ပြန်၏။ ထို့နောက် ပြုံးလာပြန်သည်။"တိပ်ခွေလား၊ မှတ်တမ်းတွေလား၊ ဘာဖြစ်ဖြစ် အကုန် သွားယူခဲ့ပေး"ကယ်ရောက ပြောကာ ထိုလူက ရွေ့သွား၏။ထိုလူက သူ့ကားမှ သူ့လက်ဆွဲအိတ်ထားရာဘက်သို့ လျှောက်သွားလိုက်သည်။ ကားတံခါးကို ဖွင့်နေချိန်မှာ သော့၏ တချွင်ချွင် မြည်သံကို တရက်ဇ် ကြားနေရသည်။ တရက်ဇ်လည်း ကြာကြာ မထိုင်နေနိုင်တော့၍ ကားမှ ထွက်လာလိုက်သည်။ ကယ်ရောနှင့် ပေ အနည်းငယ်အကွာအထိ သူ လျှောက်လာပြီး၊ ရပ်လိုက်၏။ ထိုလူက လက်ဆွဲအိတ်ကြီးထဲက တစ်ခုခုကို လှမ်းယူနေ၏။ သူ မတ်မတ် ပြန်ရပ်လိုက်သည့်အခါ ဖွင့်ထားသော လက်ဆွဲအိတ်အဖုံးက သူ့ဦးထုပ်နှင့် သွားခေါက်မိသွားသည်။ လေတိုက်ခတ်နေတာကြောင့် ဦးထုပ်လျှာကို ထိန်းကိုင်ထား၏။ အခုတော့ သူ့လက်ထဲတွင် မြင်ဖို့ ခက်သည့် တစ်စုံတစ်ခုကို ကိုင်ဆောင်ထားသည်။"ဒီမှာ နှစ်ခု"ထိုလူက ပြောလာ၏။"၅၀၀လောက်တော့ တန်မယ်။ နယူးယောက်ကို ရောက်သွားတာသာ သိပ်မများရင် တော်တော် တန်လိမ့်မှာနော်""ရှင်က သဘောကောင်းတဲ့ ရောင်းသူပါပဲ။ ယုံတောင် မယုံဘူး"ကယ်ရောက ပြောလိုက်သည်။"ဘာလို့လဲ။ သူတို့က တိပ်ခွေတွေကို နယူးယောက်ဆီ အမြန် ပို့လာစေချင်တာနော်"ကြေးစားက သူ့ဦးထုပ်ကို အသေအချာ ပြန်ဆောင်းလိုက်ပြီး၊ လက်ဆွဲအိတ်ကို ပိတ်လိုက်၏။"ဒါပေမယ့် သူတို့လည်း တော်တော်များများ ရသွားပြီးပါပြီ။ ခင်ဗျားလည်း နယူးယောက်ကို ပြန်လိုက်တာ ပိုကောင်းမယ်လို့ ကျွန်တော် ပြောတယ်နော် ... မစ္စစ်အဲ့ဒ်"ထိုလူက သူ့ရှေ့ မြေကြီးပေါ်သို့ စီးကရက်ကို ပစ်ချကာ သူ့ခြေဖြင့် နင်းချေလိုက်သည်။"အခု ခင်ဗျား နယူးယောက်ကို ပြန်တော့မှာလား""တို့ စိတ်ပြောင်းမှာမဟုတ်ဘူး"ကယ်ရောက ပြောလိုက်သည်။ထိုလူကလည်း ပခုံးတွန့်သွား၏။"ကျွန်တော်က ဘယ်ဘက်ကမှ မဟုတ်ဘူး။ ခင်ဗျား နယူးယောက်ကို စောစော ပြန်ရောက်ရင်တော့ ကျွန်တော်တို့လည်း စောစော အလုပ်သိမ်းတာပေါ့""အခုလည်း အလုပ်သိမ်းလို့ ရတာပဲ။ ကျွန်မကို ဒါတွေ ပေးပြီးရင် ရှင် ထွက်သွားပြီး၊ ခရီးဆက်နေလို့ ရတာပဲ"ကြေးစားက အထဲမှာ ဘာမှမရှိသည့် လက်ကို ဘာရှိမလဲဟု ခန့်မှန်းကစားနည်းထဲက လက်သီးလိုမျိုး လက်သီးဆုပ်ထားရာမှ ဆန့်လာ၏။"ဒါတွေအတွက် ခင်ဗျား ဒေါ်လာ ၅၀၀ တကယ် ပေးဖို့ စိတ်ကူးထားလား"သူက မေး၏။ကယ်ရောက သူ့လက်ဟန်ကို ကြည့်လိုက်သေးသည်။ ထို့နောက် သိုင်းလွယ်အိတ်ကို ဖွင့်ကာ သူ့ခေါက်ပိုက်ဆံအိတ်ကို ထုတ်ပြီး၊ ချက်လက်မှတ်စာအုပ်ကို ယူလိုက်သည်။"ငွေသားပဲ လိုချင်တာနော်"ထိုလူက ပြောလာ၏။"အဲလိုဆို ကျွန်မမှာ မရှိဘူး"ထိုလူက ပခုံး ထပ်တွန့်ပြ၏။"ကောင်းပြီလေ။ ချက်လက်မှတ်ပဲ ယူလိုက်တော့မယ်"ကယ်ရောက ချက်လက်မှတ်ကို သူ့ကားပေါ် တင်ကာ ရေးပေးနေသည်။ထို့နောက် ထိုလူက အနည်းငယ် ကိုင်းညွတ်လိုက်ပြီး၊ ကယ်ရောကို ကြည့်နေ၏။ သူ့လက်ထဲမှ အနက်ရောင် ပစ္စည်းလေးတစ်ခုကို တရက်ဇ် မြင်နေရသည်။ တရက်ဇ်က ရှေ့တိုးသွားလိုက်သည်။ ကြေးစားက သူ့နာမည်ကို စာလုံးပေါင်းပြနေပြီး၊ ကယ်ရောက သူ့ကို ချက်လက်မှတ် ပေးလိုက်သည့်အခါ ထိုလူက ကယ်ရောလက်ထဲ ဘူးလေးနှစ်ဘူးကို ထည့်ပေးလိုက်သည်။"ဒါ ယူထားတာ ဘယ်လောက်ကြာပြီလဲ"ကယ်ရောက မေးလိုက်၏။"ဖွင့်ကြည့်ကြည့်လေ""ကျွန်မ ဒီကို ဟာသလုပ်ဖို့ ရောက်နေတာ မဟုတ်ဘူး"ကယ်ရောက ပြန်ပြောကာ သူ့အသံမှာ အက်ကွဲနေသည်။ထိုလူက ချက်လက်မှတ်ကို ခေါက်ကာ ပြုံးနေ၏။"ခင်ဗျားကို ကျွန်တော် သတိမပေးဘူးလို့ မပြောနဲ့နော်။ ခင်ဗျား ရထားတာက အကုန် မဟုတ်သေးဘူး။ နယူးယောက်မှာ အများကြီး ရောက်ထားပြီးသား"ကယ်ရောက သူ့လွယ်အိတ်ကို ပြန်ချည်ကာ တရက်ဇ်ကိုပင် မကြည့်ဘဲ ကားဆီသို့ ပြန်လှည့်လျှောက်လာ၏။ ထို့နောက် ရပ်သွားပြီး၊ ထိုလူကို ပြန်လှည့်ကြည့်လာသည်။"သူတို့ လိုချင်တာတွေ ရသွားပြီဆိုရင် ရှင် အလုပ်နားလို့ ရပြီ မဟုတ်ဘူးလား။ ရှင် ဆက်မလိုက်လာဖို့ ကျွန်မကို ကတိပေးလို့ ရလား"ထိုလူက ကားတံခါးကို ဖွင့်နေရင်း သူ့ကို လှမ်းကြည့်ကာ ရပ်သွား၏။"ကျွန်တော် အလုပ်လုပ်နေရဦးမှာပဲ ... မစ္စစ်အဲ့ဒ်။ ကျွန်တော့်ရုံးအတွက် ကျွန်တော် လုပ်ပေးနေရမှာပဲ။ ကျွန်တော် အိမ်ပြန်ဖို့ ခင်ဗျား လေယာဉ်စရိတ် ပေးရင် တစ်မျိုးပေါ့။ တခြားနေရာသွားနေဖို့ပဲ ဖြစ်ဖြစ်လေ။ မဟုတ်လည်း ကျွန်တော့်ကို အမှုမပတ်အောင် ကြည့်လုပ်ကြပေါ့။ အဲလိုဆို ကျွန်တော်လည်း ရုံးကို တစ်ခုခု ပြောလို့ရတယ်။ ကော်လိုရာဒိုစပရင်းစ်မှာ အရင်ရက်တွေထဲက ရှိမနေတာဆိုပြီး ဖြစ်ဖြစ်။ အဲထက် ပို စိတ်လှုပ်ရှားစရာ ကောင်းတဲ့တစ်ခုခုပေါ့။"အိုး ... ဒါဆိုလည်း သူတို့ဘာသာ စိတ်လှုပ်ရှားစရာ ဖန်တီးပါစေတော့"ထိုလူက ပြုံးလိုက်ကာ သွားတချို့ပင် ပေါ်လာ၏။ ကားထဲသို့ ပြန်ဝင်သွားသည်။ ဂီယာကို နင်းကာ သူ့နောက်ကို ကြည့်ဖို့ ခေါင်းကိုလည်း လှည့်ကြည့်လိုက်သည်။ ထို့နောက် ကားကို ခပ်မြန်မြန်ပင် နောက်ပြန်ကွေ့လိုက်သည်။ ပြီးလျှင် အဝေးပြေးလမ်းမပေါ်သို့ မောင်းတက်သွားလေ၏။ထိုလူ၏ ကားမော်တာသံမှာ ခပ်မြန်မြန်ပင် မှေးမှိန်ပျောက်ကွယ်သွားသည်။ ကယ်ရောလည်း ကားဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး၊ ကားထဲတွင် ဝင်ထိုင်ကာ ကားလေကာမှန်ရှေ့မှ ပေအနည်းအကွာက မြေပြင်ကိုသာ စိုက်ကြည့်နေ၏။ ကယ်ရောမှာ အားနည်းမောပန်းနေသလိုပင် သူ့မျက်နှာဟာလည်း ဗလာနတ္ထိ ဖြစ်နေသည်။တရက်ဇ်က သူ့အနားမှာ ရှိနေသည်။ ကယ်ရော၏ ပခုံးကို သူ့လက်မောင်းဖြင့် သိုင်းဖက်ထားလိုက်၏။ ကုတ်အင်္ကျီ၏ ပခုံးအနားသားကို သူ ဖျစ်ညှစ်ပေးနေမိသည်။ တရက်ဇ်လည်း သူစိမ်းတစ်ယောက်လို သူ့ကိုယ်သူ အသုံးမဝင်၊ အသုံးမကျသလို ခံစားနေရမိ၏။"ထားပါ။ ဒါတွေက ညာစားနေတာပဲ"ရုတ်တရက်ချည်း ကယ်ရောက ပြောလာသည်။သို့ပေမယ့် ကယ်ရော၏မျက်နှာမှာ ဖြူဖျော့သွားပြီး၊ အသံမှ အားအင်တွေ ယုတ်လျော့သွားသလို ခံစားရသည်။ကယ်ရောက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လာကာ ဘူးအဝိုင်းအသေးလေး နှစ်ဘူးကို ကြည့်လိုက်၏။"တခြားနေရာတွေထက် ဒီနေရာလေးက ကောင်းတာပဲ"သူ ကားထဲက ထွက်သွားကာ တရက်ဇ်ကလည်း သူ့နောက်က လိုက်သွား၏။ ကယ်ရောက ဘူးတစ်ဘူးကို ဖွင့်ကာ ရုပ်ရှင်ဖလင်နှင့်တူသော တိပ်ခွေကို ထုတ်ယူလိုက်သည်။"သေးသေးလေးပါပဲ။ မီးရှို့လိုက်ရင် မကောင်းဘူးလား။ သူ့ဘာသူပဲ လောင်ကျွမ်းသွားပါစေတော့"တရက်ဇ်က ကားထဲမှ မီးခြစ်ဆံကို သွားယူကာ မီးရှို့လိုက်၏။ တိပ်ခွေက ခပ်မြန်မြန်ပင် လောင်ကျွမ်းသွားသည်။ သို့ပေမယ့် မြေပြင်ပေါ် ချလိုက်သည်နှင့် လေက မီးကို ငြိမ်းသက်သွားသည်။ ကယ်ရောက စိတ်ရှုပ်မခံဘဲ တိပ်ခွေနှစ်ခွေလုံးကို မြစ်ထဲ မျှောလိုက်ဖို့ ပြောလာ၏။XXXXX"ဘယ်အချိန် ရှိပြီလဲ"ကယ်ရောက မေးလာသည်။"၁၂နာရီထိုးဖို့ မိနစ်၂၀"ကားထဲသို့ ပြန်ဝင်လာကာ ကယ်ရောက အဝေးပြေးလမ်းမဆီသို့ ပြန်မောင်းနှင်လာခဲ့သည်။"အိုမားဟားမှာ အက်ဘီနဲ့ တို့ရှေ့နေကို ဖုန်းပြောရမယ်"တရက်ဇ်က လမ်းမြေပုံကို ကြည့်လိုက်သည်။ သူတို့တွေ တောင်ဘက်သို့ ချိုးကွေ့သွားလျှင် နောက်ထပ် မြို့ကြီးတစ်မြို့ အိုမားဟားကို ရောက်ကြလိမ့်မည်ဖြစ်သည်။ကယ်ရောကို ကြည့်ရတာ ပင်ပန်းနေပုံ ပေါ်ပြီး၊ တိတ်ဆိတ်မှုမှ မပြေပျောက်သေးသည့် ဒေါသကို တရက်ဇ် ခံစားနေမိသည်။ ကားမှာ ချိုင့်တစ်ခုကြောင့် လှုပ်ယမ်းသွားကာ ရှေ့ထိုင်ခုံအောက်တစ်နေရာမှ လိမ့်သွားသော ဘီယာဘူး၏ တလိမ့်လိမ့် မြည်သွားသံကို တရက်ဇ် ကြားလိုက်ရသည်။ ဘီယာဘူးဟာ ထိုပထမဆုံးနေ့က သူတို့ မဖွင့်နိုင်ခဲ့သည့် ဘီယာဘူးလေး ဖြစ်သည်။ နာရီပေါင်းများစွာ ကြာအောင် မစားရသေး၍ သူလည်း အတော် ဆာနေပြီဖြစ်သည်။
**********

Carol (မြန်မာပြန်)Where stories live. Discover now