Chapter 10 (Unicode)

118 9 0
                                    

အခန်း ၁၀

အလုပ်ဝင်ပြီးငါးရက်မြောက် အင်္ဂါနေ့မှာတော့ ဒါရိုက်တာအသစ် မစ္စတာဒိုနိုဟျူးက သူ့စင်ဒီဇိုင်းပုံကို ကြည့်ချင်သည်ဆို၍ ကြောင်နက်ရှင်ပြဇာတ်ရုံ၏ အနောက်ဘက်မှ မျက်နှာကြက်လည်းမရှိ၊ ရှင်းလင်းနေသည့် အခန်းကျဥ်းလေးတွင် တရက်ဇ်က ထိုင်စောင့်နေရသည်။

မနေ့မနက်ကပင် ဒိုနိုဟျူးက ဒါရိုက်တာကော့တ်၏နေရာတွင် အစားထိုးဝင်လာသူ ဖြစ်သည်။ တရက်ဇ်၏ ပထမဆုံး စင်ဒီဇိုင်းကို ပယ်ချလိုက်ကာ၊ ဖီလ်မကယ်ရွိုင်းကိုလည်း ပြဇာတ်၏ ဒုတိယအစ်ကိုနေရာမှ ထုတ်ပယ်လိုက်သည်။ ဖီလ်ကတော့ စိတ်ဆိုးမာန်ဆိုးနှင့် ထွက်သွားသည်။ တရက်ဇ်ကတော့ သူ့စင်ဒီဇိုင်းပုံနှင့်အတူ သူ့ကို မထုတ်ပယ်လိုက်၍ တော်သေးသည်ဟု ဆိုရမည်။ စာမှာပါသည့်အတိုင်း မစ္စတာဒိုနိုဟျူး၏ ညွှန်ကြားချက်များကို လိုက်နာ၍ ဖြစ်မည်ဟု တရက်ဇ် ထင်မိသည်။ ဒီဇိုင်းပုံအသစ်မှာ ပထမပုံလို ရွှေ့ပြောင်းစရာအခန်းမပါပေ။ နောက်ဆုံးပြကွက်အတွက် ဧည့်ခန်းအခင်းအကျင်းအစား လှေကားထစ်အခင်းအကျင်းကို ပြောင်းခွင့်ပေးထားသည်။ မစ္စတာဒိုနိုဟျူးက တစ်မူ ထူးထူးခြားခြားရှိသည့်ပုံရော၊ ရိုးရှင်းလွန်းသည့်ပုံရောကို ငြင်းလိုက်သည်။ ဇာတ်တစ်ခုလုံးကို ဧည့်ခန်းနောက်ခံထားထား၍ နောက်ဆုံးပြကွက်မှ ပြောစကား တော်တော်များများလည်း ပြောင်းခဲ့ရသည်။ တချို့ အလွန်ကောင်းသည့် အချီအချပြောစကားများပင် ဖြုတ်ပစ်လိုက်ရ၏။

တရက်ဇ်၏ဒီဇိုင်းပုံအသစ်တွင် မီးလင်းဖိုတစ်လုံး၊ ပြင်သစ်ပုံစံ ခပ်ကျယ်ကျယ်ပြတင်းပေါက်နှစ်ခုတို့က လှေကားနှင့် တံခါးနှစ်ပေါက်၊ ဆိုဖာခုံတစ်ခုံ၊ စာအုပ်စင်တို့ဘက်ကို မျက်နှာမူထားသည်။ အပြီးသတ်ပုံမှာ စလုန်းစံပြအိမ်က အခန်းတစ်ခန်းလို ဖြစ်ရာ နောက်ဆုံးပြာခွက်အထိ အသက်ဝင်လှသည်။

တရက်ဇ် မတ်တပ်ထရပ်လိုက်ပြီး၊ အကြောဆန့်လိုက်သည်။ ပြီးလျှင် တံခါးပေါ်မှ တန်းတွင် ချိတ်ထားသော ချည်ကတ္တီပါဂျာကင်ကို ယူလိုက်သည်။ ထိုနေရာမှာ တင်းကုပ်လိုပင် အေးစက်နေ၏။ မစ္စတာဒိုနိုဟျူးက နေ့လယ်ခင်းအထိ လာမည်မဟုတ်။ တရက်ဇ် သတိမပေးလျှင် ဒီနေ့တစ်နေ့လုံးပင် ရောက်လာမည်မထင်ပါ။ ဇာတ်စင်နောက်ခံအတွက်လည်း အလျင်လိုခြင်း မရှိ။ ဒီအပိုင်းက ထုတ်လုပ်မှုတစ်ခုလုံးတွင် အရေးမကြီးဆုံးလည်း ဖြစ်နိုင်သည်။ သို့သော် တရက်ဇ်က မနေ့ညတွင် နောက်ကျသည်အထိ ဒီဇိုင်းပုံကို အားကြိုးမာန်တက် ပြင်ဆင်နေခဲ့၏။

Carol (မြန်မာပြန်)Where stories live. Discover now