Volume 3 : Chapter 19

242 35 6
                                    

_Unicode_

အတွဲ(၃)

အခန်း (၁၉)

ဒီမှာပဲ

တတိယအကြိမ်မြောက် သေလုနီးပါး အခြေအနေ ဖြစ်ခဲ့ခြင်းပင်။ ယွီယွမ် ထပ်မံ၍ မှတ်ဉာဏ်ရေကာတာကျိုးပေါက်ခြင်းနှင့် ကြုံလိုက်ရသောကြောင့် ထိုသို့ ကောက်ချက်ချနိုင်လိုက်ခြင်းဖြစ်သည်။

သူသည် ခြောက်ကပ်နေသော လည်ချောင်းများနှင့် နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေမှာတင် မှတ်ဉာဏ်ရေစီးကြောင်းများအကြား လူးလွန့်ဖြတ်ကူးနေသည်။ ထိုမှတ်ဉာဏ်များတွင် သူ၏ ကိုယ်ပိုင်အရာများလည်းပါသလို သူနှင့်သက်ဆိုင်နေသော ခန္ဓာကိုယ်၏ အတိတ်ဖြစ်ရပ်များလည်းပါဝင်နေပါ၏။

မှတ်ဉာဏ်များသည် အပေါ်ယံ ပုံရိပ်အဖြစ်မျှသာ ရှိလျက် စာရွက်လှန်လိုက်သကဲ့သို့ တဖြတ်ဖြတ် ခုန်ကျော်သွားခြင်းမျိုး မဟုတ်ပါဘဲ လွန်စွာ အသေးစိတ်ကျလှသည်။ သူသည် သူ၏ မသေဆုံးခင် မူရင်းခန္ဓာကိုယ်အတွင်းသို့ ပြန်ရောက်သွားကာ ကိစ္စများ ဖြစ်ပျက်နေသည်ကို ထိန်းချုပ်နိုင်မှုမဲ့စွာ ပြန်လည် စောင့်ကြည့်နေရသည်နှင့် ဆင်တူပေ၏။ သူနှင့်ရင်းနှီးကျွမ်းဝင်သော မျက်နှာများကို တစ်ဖန် ပြန်လည်တွေ့ရခြင်းက  ကောင်းကင်ဘုံနှင့်ငရဲထံ တစ်လှည့်စီ ခုန်တက် လှိမ့်ဆင်းနေရသည့် ခံစားချက်မျိုး ဖြစ်သည်။

သူ၏မိခင်..ဟွမ်မိသားစုနှင့် သူ့အတွက် မိတ်ဆွေစစ်ဟု ဆိုရ‌လောက်သော  အပေါင်းအသင်းများ။ ကျန်းမာရေး အခြေအနေ မကောင်းသောကြောင့်  အလုပ်နားလိုက်ရ၍ သူမသေဆုံးခင် အချိန်ကာလအထိ တစ်ကြိမ်တစ်ခါမျှတောင် ထပ်မံ မတွေ့ဆုံဖြစ်ခဲ့သည့် မန်နေဂျာလျို့ကုန်း။ လပိုင်းအနည်းငယ်မျှ သူ၏ ကိုယ်‌ရေးကိုယ်တာ လက်ထောက် အဖြစ် ရှိပေးခဲ့သူ အစ်ကိုကျန်းရှန်းနှင့် ၎င်း၏ ညီငယ် ၊ ယွီယွမ်၏ ဂျူနီယာဖြစ်သော ကျန်းပင်းတို့အပြင်  ကျင်းရှီကျားကိုပါ အစ်ကိုကျန်းရှန်းနှင့်အတူ တွဲ၍ မှတ်ဉာဏ် ပုံရိပ်အတွင်း မြင်လိုက်ရပါ၏။

ထိုလူတို့ကို ပြန်မြင်ရခြင်းက တကယ့်ကို နောက်ဆုံးအကြိမ် ဖြစ်နိုင်ပေသည်။ ယွီယွမ် တဖြည်းဖြည်း အလှမ်းဝေးလာသည်ကို သတိထားမိသည်။ သူသည် အတိတ်ရှိ အရာအားလုံးနှင့် ဝေးကွာခဲ့သည်မှာ အမှန်တကယ်ပင် အတော်အတန် ကြာမြင့်ခဲ့ပေပြီ။ သို့ပါသော်ငြား လှစ်ဟာ ဆုံးရှုံးသွားမှုကို မခံစားရသည်မှာ သူ့အတွက် အတိတ်က ဖြစ်တည်မှုတို့သည် လက်တွေ့ အလုပ်သဘောဆန်သော ဖြစ်ရပ် လွှမ်းမိုးထားသည့် ဆက်ဆံရေးများ ဖြစ်သည်ကြောင့်သာ။

Eleventh Lord Where stories live. Discover now