_Unicode_
အခန်း (၂၃)
ချစ်ရသူအတွက် အံ့အားသင့်စရာ
" မူးအောင်မသောက်နဲ့ဦး ခဏနေကြရင် ပြစရာရှိတယ် "
ယွီယွမ်က တူကို ကိုင်ထားလျက် ခေါင်းတစ်ညိမ့်ညိမ့်ပြု၏။
နာခံလွယ်သော ကြောင်ပေါက်ကဲ့သို့ ဖြစ်နေခြင်းမှာ ချစ်စဖွယ်အတိ။ ယွီကျို့ တစ်ဖက်လူအား နေရာ၌ပင် နင့်နင့်နဲနဲ နမ်းပစ်ချင်လှပါ၏။
" စားလေ..အစားအသောက်က ငါ့မျက်နှာမှာ မဟုတ်ဘူး "
" ဟုတ်လို့လား? မင်းက ကိုယ်ပဲစားလို့ရတဲ့ တစ်ဦးတည်းသောလေ..မေ့နေပြီလား "
စား..။ကြိယာဖြစ်သည်။အနှီ 'စား' ဆိုသည်မှာ အလွန်ကို အန္တရာယ်များကာ အဓိပ္ပာယ်နှစ်ခွ ထွက်နိုင်ပေသည်။ မော်ဒန်ခေတ် အသိပညာများရှိသည့် အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်ဖြစ်သော ယွီယွမ့်အဖို့ ယွီကျို့၏ ဆိုလိုရင်း အဓိပ္ပာယ်အမှန်အား ဖမ်းဆုပ်နိုင်ရန် သုံးစက္ကန့်ကြာ တွေးတောကြည့်ဖို့ပင်မလို။
ယွီယွမ်မှာ အပျိုဖြန်းလေး မဟုတ်သဖြင့် အများပြည်သူ စုဝေးရာ ဧရိယာကြီးတွင် ထိုကဲ့သို့ ရှေ့မလွတ် နောက်မလွတ် စကားမျိုးနှင့် ကြုံလိုက်ရသည့်အခါ ခပ်တိုးတိုး ဆဲရေးဖို့သာ အသိရှိလေ၏။ မသိစိတ်ထဲတွင်တော့ ကျေနပ်လျက်ရှိသည်။ ယွီကျို့၏ ချောမောလှသော ပြီတီတီ မျက်နှာပေးနှင့် ပေါင်းလိုက်သည့်အခါ အူကလီစာတွေကပင် ခံစားချက်ရှိနေသလို ယွတတ ဖြစ်လာတော့သည်။
ဗျောက်အိုးဖောက်သံများနှင့်အတူ ဆည်းဆာချိန်ကို ဖြတ်သန်းပြီးနောက် အမှောင်ထုက သတိမထားလိုက်မိခင်မှာတင် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံပြီးလျက်သား။
ညဥ့်အချိန်တွင် ပွဲတော်၏တည်ရှိမှုက ပိုလို့ သိသာပေသည်။ ညဈေးတန်းများနှင့် စားသောက်ဆိုင်များဆီမှ မီးအိမ်အလင်းတို့မှာ ထင်းလင်းစွာ ဖြန့်ကျက်လျက်ရှိကာ စည်းကား သိုက်မြိုက်သော လူ့အဖွဲ့အစည်းက လှုပ်ရှားသက်ဝင်နေ၏။
ထူထဲနွေးထွေးသော သားမွေးအနားကွပ်ပါသည့် အနွေးအပေါ်ရုံကို ဆွဲစေ့ကာ ယွီယွမ် နှာချေလိုက်၏။ နှာသီးထိပ်ဖျားလေး နီရဲနေပြီဖြစ်သော ယွီယွမ့်ကိုကြည့်ကာ ယွီကျို့ ကူကယ်ရာမဲ့ဖြစ်သွားသည်။
YOU ARE READING
Eleventh Lord