Chapter 17

251 35 6
                                    

_Unicode_

အခန်း (၁၇)

ရုတ်ခြည်း


ယွီကျို့ စောင့်ကြည့်ခံနေရသည်ကို သိ၏။

ဉာဉ့်လယ်တွင် ရုတ်ခြည်းမြင့်တက်လာသော နှင်းကျနှုန်းကြောင့် တောင်ဖြတ်လမ်းတစ်လျှောက်တွင် နှင်းခဲထုတို့ စုပုံနေသည်။ မြင်းသည် အန္တရာယ်သားရဲအငွေ့အသက်ကို ရမိသည်ကြောင့် ဆက်မသွားဘဲ ရပ်တန့်ကာ နှာမှုတ်လိုက်၏။

ပတ်ဝန်းကျင်သည် အေးစိမ့်လျက်ရှိပြီး ကောင်းကင်တစ်ခွင်လုံးကစတင်၍ အနီရောင်သန်းလာသည်။ အုံ့ဟိန်းသော ဝံပုလွေအူသံက ကင်းလှည့်အစောင့်တပ်သားတို့ကို နောက်ကျောမလုံ ဖြစ်သွားစေသည်။ အသံမှာ ခပ်ဝေးဝေး တောနက်ထဲမှ ဖြစ်သောငြား လှံ ၊ ဓါးတို့ကို အလိုလို ကိုင်ဆွဲလိုက်မိသည်အထိ။

ဝံပုလွေသားမွေးဝတ်ရုံထက်တွင် နှင်းတစ်လွှာ ဖုံးအုပ်နေခြင်းက ထိုလူသည် ဤနေရာတွင် ရပ်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ကြောင်းဖော်ပြ၏။ ကျယ်ပြန့်သော ကျောပြင်တွင် ဆင်စွယ်ရောင် ဆံကျုတ်အသေးစားသုံးကာ စည်းနှောင်ထားသော ကျစ်ဆံမြှီးသုံးချောင်းကို စုချထားသည်။

မိမိအား စက်ကွင်း အလည်ဗဟိုတွင် ရှိနေသည်ဟု ခံစားရစေသော ခြေသံများက ပတ်ပတ်လည်တွင် လှည့်လည်နေသည်။ ဝံပုလွေနက်စစ်သူကြီး၏ တိုက်ပွဲဝင်ဝံပုလွေများ ဖြစ်တန်ရာ၏။

" ဒီအထိ ရောက်လာပေးတာ...စစ်သူကြီး ဒုက္ခများသွားပါပြီ "

ယွီကျို့က လက်ယှက်ကာ လေးစားမှုကို ပြသရင်း ပြောလိုက်၏။ သူ့အသံထွက်လာသည်နှင့် အမှောင်ထဲမှ မာန်ဖီသံတစ်ခု ထွက်ပေါ်လာလေသည်။

" နောက်ဆုတ်စမ်း "

မာန်ဖီသံမှာ တဖြည်းဖြည်း ဝေးကွာသွားသည်။

" မင်းပဲမလား "

ယောကျာ်းပီသသော သန်မာထင်ရှားသည့် မေးရိုးနှင့် ဘေးတိုက်မျက်နှာက အပေါ်တွင် ရေခဲတစ်လွှာ ဖြစ်တည်နေသကဲ့သို့ အေးစက်ထက်ရှနေသည်။

အဖျားခတ် ဟိန်းသံပါသော လေသံဩဩက သားရဲကောင်များကိုပင် ကြောက်ရွံ့ နောက်ဆုတ်သွားစေသည့် လက်နက်ဖြစ်သည်။ ယွီကျို့က  လေးတွဲ့သော မျက်လုံးအကြည့်ဖြင့် ဝံပုလွေနက်စစ်သူကြီး၏ အမျိုးမျိုးသော အရှိန်အဝါလက်နက်များက သူ့အပေါ် မသက်ရောက်ကြောင်း ဆန္ဒပြနေသည်။

Eleventh Lord Where stories live. Discover now