_Unicode_
အခန်း (၂၅)
မသေဆုံးသေး
တာဝန်ပေးထားသည့်တိုင် ထပ်မံ ရောက်ရှိလာသော ကိုယ်ရံတော်များကိုကြည့်၍ ယွီကျို့ အလိုမကျ ဖြစ်သွားသည်။ မျိုးနွယ်စု အယောင်ဆောင် အဖွဲ့လေးကို ကိုင်တွယ်ရန် လူနည်းနည်းနှင့် အားစိုက်မှုများများ သုံးလိုက်လျှင်ကို ကိစ္စပြတ်သည်။
ကိုယ်ရံတော်များ ရောက်ရှိသွားချိန်၌ ကြီးမြတ်လှသော အရှင် ၁၁ နှင့်သူ၏လူယုံတော်တပ်ဖွဲ့သည် လုပ်ကြံသူများကို ဖိနှိပ်ပြီးသွားပြီဖြစ်ကာ မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေကြပေသည်။
အချက်ပြမီးပန်းကြောင့် ရှန်မေ့လီက လွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။ သို့သော် ထိုအချက်ပြမီးပန်းသည် သူတို့ဘက်မှ မဟုတ်ချေ။
" နန်းတွင်းထဲ အခြေအနေ ဘယ်လိုရှိလဲ "
အဆက်မပြတ် တိုက်ခိုက်ခဲ့ရသည်ကြောင့် ယွီကျို့၏ အသက်ရှူနှုန်းတို့က မြန်ဆန်နေကာ ရင်ဘတ်မှာ သိသာစွာ မြင့်ချည်နိမ့်ချည် ဖြစ်နေသည်။
" မဟာမိတ်တွေ့ဆုံပွဲကို နှောင့်ယှက်မှုမရှိစေဖို့ အင်အား တိုးမြှင့်ထားပြီးသားပါ။ "
" ကြင်ယာတော်ရှန်ဘက်ရော? "
" သခင်မ ဘေးကင်းပါတယ်။ ယန်သခင်လေးကိုတော့ လုပ်ကြံမယ့်သူရှိလာလိမ့်မယ်လို့ ခန့်မှန်းမိတာကြောင့် အချိန်ကိုက် ဖမ်းဆီးစစ်မေးဖို့ သခင်မက ပြင်ဆင်ထားပါတယ် "
ယွီယွမ်သည် ဝါလမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်သည်။ မဟာမိတ်တွေ့ဆုံပွဲ၌ ဝါလမျိုးနွယ်စု၏ ခေါင်းဆောင် ဝါလချီယွိ ကိုယ်တိုင် ရောက်ရှိနေသည်။ ဝါလမျိုးနွယ်စုဝင်ကို ထိခိုက်စေခြင်းက ဝါလတို့ကို စိန်ခေါ်လိုက်သည်နှင့် မခြားပေ။ ထို့အပြင် ယွီယွမ်သည် အရှင် ၁၁ ၏ တန်ဖိုးထားရာ ဖြစ်နေသေးသည်။
ယွီကျို့က နောက်ကွယ်မှ လူနှင့်ပတ်သတ်၍ ဂရုမစိုက်သော်ငြား ရှန်မေ့လီကတော့ ဖော်ထုတ်ရန် စိတ်အားထက်သန်နေပုံရသည်။ သို့သော် ယခုကဲ့သို့ မသေချာသည့် အခြေအနေ၌ ယွီယွမ့်ကို ချောက်ကမ်းပါးအစွန်းတွင် ရပ်နေစေဖို့ ယွီကျို့ ခွင့်မပြုနိုင်ပေ။
YOU ARE READING
Eleventh Lord