Chapter 21

195 28 6
                                    

_Unicode_

အခန်း (၂၁)

သေရည်အိုးနှင့်အနမ်းတဒင်္ဂ

ယွီယွမ် အရင်တစ်ခါက ကျောက်တံတားလေးဆီသို့ ရောက်လာခဲ့သည်။ လက်တစ်ဖက်ကမူ တစ်ပွေ့စာ မက်မွန်အရက်အိုးကို သယ်ထားလျက်သား။ သစ်ရွက်စိမ်းများကို ဖြတ်တိုက်လာသည့် လေနံ့သင်းသင်းက ရှုပ်ထွေး နောက်ကျိနေသော အာရုံကို ငြိမ်းချမ်းသွားစေ၏။

ထိုနေရာတွင် တမင် ရည်ရွယ်၍ သေကြောင်းကြံစည်ခဲ့ဖူးသည်။

လေချဉ်တက်မိသွားသဖြင့် ဟက်ခနဲ ရယ်လိုက်ကာ တံတားလက်ရန်းကို ဘေးတစောင်း မှီနေလိုက်သည်။ ပုခုံးပေါ်သို့ ရောက်လာသော အနွေးဓာတ်လေးကြောင့် ယွီယွမ် ရီဝေဝေ မျက်ဝန်းများဖြင့် စောင်းငဲ့ကြည့်လိုက်ချိန် ဖြောင့်စင်းသော နှာတံက ယွီယွမ်၏ ပန်းသွေးခြယ်နေသော ပါးပြင်ထက်သို့ တိုးဝှေ့လာသည်။

ဘယ်လိုဘယ်ပုံ ဘယ်တုန်းကတည်းက ရောက်နေမှန်း မသိသော ယွီကျို့က ယွီယွမ့်ကို ဖက်ထားလေသည်။ ထိုသူနှင့် ပွတ်သီးပွတ်သပ်နေခြင်းက ယွီယွမ့်အဖို့ စိတ်လုံခြုံမှုနှင့် ကြည်နူးမှုကို တစ်ပြိုင်နက်တည်း ခံစားရစေသည်။

" ကိုယ့်ကလေးလေးက ဘယ်ဆီကို လျှောက်လည်နေခဲ့တာတုန်း? "

သိသာစွာ ချိုအီနေသော လေသံက အနှီလူ၏ အရှင် ၁၁ ဆိုသည့် ဘွဲ့တော်နှင့် လုံးဝကို မသက်ဆိုင်ပေ။

ယွီယွမ် ရယ်ချင်နေသည်ကို အောင့်အီးထားရသောကြောင့် တသိမ့်သိမ့်တုန်လာရ၏။ ဒီကြားထဲ အကင်းပါးသော အရှင် ၁၁ က သိဖြစ်အောင် သိသွားသေးသည်။

ရလဒ်မှာတော့ တံတားလက်ရန်းနှင့် ယွီကျို့ကိုယ်အကြား ပိတ်မိလျက် အနမ်းခံလိုက်ရခြင်းပင်။

ယွီယွမ် မေးကို မော့ထားရင်း မက်မွန် အရက်အိုးအား သယ်ပွေ့ထားသည်ကို ပိုလို့ တင်းကြပ်လိုက်သည်။ ယွီကျို့၏ လျှာဖျားလေးက ယွီယွမ့်အရသာကို မြည်းစမ်းလျက်ရှိပြီး နေရာလပ်ဟူသည် မကျန်ခဲ့ပါချေ။ ယွီယွမ် မောဟိုက်နေရင်းမှ တစ်ဖက်လူကို ဖက်ထားချင်သောကြောင့် လက်ထဲရှိ အရက်အိုးကို လွှင့်ပစ်လိုက်ချင်စိတ်ပေါ်လာတိုင်း မိမိဘာသာ ပြန်လည် သတိကပ်ထားရသည်မှာ မလွယ်လှပေ။

Eleventh Lord Where stories live. Discover now