_Unicode_
အခန်း (၂၄)
ခန့်မှန်းရခက်လေသော
နူးညံ့လှသော ထိပ်တန်းပိုးချည်လိပ်များ ၊ ကျောက်မျက် အဆင်တန်ဆာများနှင့် မွေးရပ်မြေမှ ပို့ဆောင်လိုက်ပါသော လက်ဆောင်ပဏ္ဏာတို့ထက် အန်းနကွေ့ဖေးအား စိတ်ကျေနပ်စေသည့်အရာမှာ ‘ဝါလမျိုးနွယ်စု၏ ဝံပုလွေနက်စစ်သူကြီး မြို့တော်သို့ ရောက်ရှိလာခဲ့ပြီ’ ဟူသည့် သတင်းစကားဖြစ်ပေ၏။ သွေးသားနှင့်ယှဉ်လာပါက ပကာသနများသည် အခွံဗလာသာဖြစ်သည်။
နန်းမြို့တော်တစ်ခွင် မင်္ဂလာရှိသော အနီရောင်များ ဆောင်ကျဉ်းထားလျက် သချင်နန်းတော်တွင်း၌လည်း အန်းနကွေ့ဖေးအား တွေ့ဆုံချီးမြှောက်ကြမည့် မျိုးရိုးမြင့်များ ၊ မဟာမိတ်များအားလုံး ရောက်ရှိနေကြပေပြီ။
လုံခြုံရေးစောင့်ကြည့်မှုမှာ လွန်စွာ တင်းကြပ်လှပေသည်။ ပင်မနန်းရင်ပြင်သည် နန်းတော်ရာတစ်ခုလုံးရှိ အမှုထမ်း ၊ အရာထမ်းတို့ ပါဝင်ဆင်နွှဲရမည့် အကန့်အသတ် အပိုင်းဖြစ်ပြီး မှူးကြီးမတ်ရာများ ၊ တော်ဝင်မင်းသားများနှင့် သူတို့၏မိသားစုဝင်များ ၊ မဟာမိတ်များကိုမူ ညီလာခံကျင်းပရာ ခန်းမကြီးတွင် ဧကရာဇ်နှင့်အန်းနကွေ့ဖေးမှ လက်ခံတွေ့ဆုံမည်ဖြစ်သည်။
ယွီယွမ်သည် သချင်မင်းဆက်၏ ကျောရိုးထောက် အာဏာပိုင်စိုးသူ အရှင် ၁၁ ၏အလိုအရ မိသားစုဝင် တစ်ဦးအဖြစ် ဝင်ရောက်ခြင်း ဖြစ်သဖြင့် ရှည်လျား ကြာညောင်းလှစွာ စစ်ဆေးခံရခြင်း မရှိပါဘဲ အစောင့်အရှောက်များပင် ခြံရံ လိုက်ပါ ပို့ဆောင်ပေးသေး၏။ ထိုသို့ ဆက်ဆံခံရခြင်း အပေါ် ယွီယွမ် အနည်းငယ် ကသိကအောက် ဖြစ်နေပေသည်။ ဤခံစားချက်သည်ကား ၂၁ ရာစုတွင် ရှင်သန်ခဲ့စဉ်က သူ၏ပတ်ဝန်းကျင်ရှိ လူတစ်ချို့ ခံစားခဲ့ရသည်ထက် မပိုလျှင်တောင် မလျော့နိုင်ချေ။
ပြည့်စုံခြင်း၏အရှိန်အဝါသည် မသက်ဆိုင်သူတို့အား အလိုအလျောက်ပင် သေးနုပ်သွားစေနိုင်သည်။ ထို့အပြင် ယွီယွမ် ရင်ဆိုင်နေရသည်မှာ တော်ဝင်မိသားစု၏ နှစ်ချို့ အရှိန်အဝါ ဖြစ်နေပြန်၏။ ဟွမ်မိသားစု၏ ၂၁ ရာစုမှပိုင်ဆိုင်မှုများမှာ မင်းမျိုးနွယ်တို့၏ ပုံကြီးချဲ့မှုအား ယှဉ်နိုင်ဖွယ်မရှိပေ။
YOU ARE READING
Eleventh Lord