Zawgyi Ver
နယ်မြို့လေးက ဘော်ဒါဆောင် ဖြစ်သည့်အတွက် အခန်းအပြင်အဆင်က ကျယ်ကျယ်ပြန့်ပြန့်တော့ သိပ်မရှိဘဲ ဟောခန်းငယ်လေးထဲမှာ တစ်ယောက်စာကုတင်ပေါက်စလေးများနဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတစ်ချို့သာ အစီအရီ ရှိနေသည်။
ဝန်းရံခနဲ့ ဝလ္လာက နောက်ဆုံးမှ အဆောင်ကို ဝင်လာသည်မို့ အခန်းနံရံရဲ့ အတွင်းဘက်အစွန်းဆုံးက ကုတင်လေးတွေမှာ နေရာကိုယ်စီရသည်။
ပစ္စည်းတွေကို နေရာချပြီးတဲ့နောက် စာအုပ်လေးတွေ ကိုယ်စီကိုင်ကာ စာသင်ခန်းရှိရာ အတန်းဘက်သို့ ထွက်လာကြသည်။၉တန်း စာသင်ဆောင်နဲ့ ၁၀တန်းစာသင်ဆောင်က မျက်နှာချင်းဆိုင်ဖြစ်နေပြီး အပေါ်ပိုင်းလေဟာပြင်ကို နံရံတစ်ဝက်လောက်သာ ကာထားပြီး ကြားထဲမှာ ပေ ၅၀ အကျယ်လောက်ရှိတဲ့ မြေကွက်လပ်ကြီး ခြားထားလေသည်။
ကျောင်းမှာလည်း ခင်မင်ပြီး ဘော်ဒါဆောင်ကို အရင်ရောက်နှင့်တဲ့ အတန်းတူ သူငယ်ချင်းများ၏ ပြောကြားချက်အရ ဤမြေကွက်လပ်ကြီးမှာ သာမန်ရိုးရိုးမြေကွက်လပ်မျိုး မဟုတ်ဘဲ ရာဇဝတ်သားတို့ကို စုဝေးကာ အပြစ်ပေးသည့် လူရိုက်ကုန်း မြေကွက်လပ်ကြီးဖြစ်ကြောင်း ကျကျနနရှင်းပြလေသည်။
ထိုသို့ရှင်းပြပြီး များမကြာမှီမှာပင် အရပ်ကမပုမရှည် အသားညိုညို ငချိတ်ရောင်နဲ့ ခပ်ဝဝလူကြီးတစ်ဦးက လက်ထဲမှာ စာရွက်တစ်ချို့ကို ကိုင်ကာ ကွင်းပြင်ကြီးထဲ ထွက်လာပြီး မတ်တပ်ရပ်လို့နေသည်။
မကြာခင်မှာပင် ကျောင်းသားတစ်ဦးက ကြိမ်လုံးတစ်ချောင်းကို ကိုင်လာပြီး ထိုခပ်ဝဝနဲ့ လူကြီးထံ လက်နှစ်ဖက်နဲ့ ကမ်းပေးလိုက်သည်။
မကြာမှီအချိန်အတွင်းမှာပင် အမည်နာမ တစ်ဦးချင်းစီကို ခေါ်ထုတ်ပြီး ရွှေကြိမ်လုံးဆီမှ တရှုန်းရှုန်းမြည်သံနှင့်အတူ ပေ ၅၀ လူရိုက်ကုန်းထဲမှာ ခမ်းခမ်းနားနားဖြင့် အပြစ်ပေးပွဲကြီးကျင်းပနေပါတော့သည်။
ဆရာကြီးရဲ့ ကြိမ်တံတစ်ချက်အလွှဲမှာ ကျောင်းသားတွေခမျာ ကျောကော့အောင် ခံနေရရှာသည်။ဝန်းရံခရဲ့ မျက်လုံးအိမ်ထဲဝယ် ပြာဝေလာကာ သူငယ်အိမ်တောင်ကျယ်သွားရပြီး အရည်ကြည်လေးတွေတောင် လဲ့နေပြီ ဖြစ်သည်။
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...