စျေးနားရှိညှပ်နေကျဆံပင်ညှပ်ဆိုင်တွင် သင်္ကြန်နားနီး၍ ဆံပင်အရောင်ဆိုးသူများနှင့်စည်ကားနေသည်။
တိုးတိုး ဆံပင်ညှပ်နေတုန်း ကောင်းခန့်က CD ခွေအရောင်းဆိုင်မှာ သင်္ကြန်သီချင်းခွေသွား၀ယ်မည်ဟုဆိုကာထွက်သွား၏။"ထက်ယံတိုး ဆံပင်အရောင်ဆိုးဦးမလား"
ဆံပင်ညှပ်ဆရာ ကိုသန်းထိုက်ကမေးသည်။ တိုးတိုးကခေါင်းရမ်းလိုက်ပြီး...
"နေပါဗျာ... ခင်ဗျားကလည်း ကျွန်တော်အမေအကြောင်းလည်းသိရဲ့သားနဲ့ အချွန်နဲ့လာမနေတယ်"
တိုးတိုးအပြောကြောင့် ကိုသန်းထိုက်ကရယ်နေသည်။ ဘေးခုံမှ မေမေ့တပည့်တစ်ယောက်က တိုးတိုးအားလှည့်ကြည့်လာပြီး...
"ဆံပင်ဆေးဆိုးစမ်းပါကွ ထက်ယံတိုးရ... အဲ့ဒါမှ ဆရာမဆူရင် ဆရာမသားလည်းဆိုးတာပဲလို့ပြန်ပြောရအောင်လို့... အဟားဟား"
"မင်းဟာမင်းဆိုးချင်ဆိုးပေါ့ကွ... တစ်ခါအဆူခံလိုက်ပြီးတာပဲကို"
"တော်ပါပြီကွာ... ဆရာမဒေါ်ချိုချိုက ဆူရင်တစ်ခါနဲ့ဘယ်တုန်းကပြီးလို့လဲ"
မေမေကိုတော့ သူတပည့်တွေအကုန်လုံးကကြောက်ကြသည်။ ကွယ်ရာ၌ပင်မေမေမကြိုက်တာမလုပ်ရဲကြပေ။ မေမေကလည်း စေတနာကောင်း အသင်ပြကောင်းသောကျောင်းဆရာမတစ်ယောက်အနေဖြင့် မြို့တွင်ဂုဏ်ရှိစွာနာမည်ကောင်းရထားသူဖြစ်သည်။ တိုးတိုးမှာမေမေ့အတွက် အမြဲဂုဏ်ယူရပါ၏။
ဆံပင်ညှပ်ဆိုင်ထဲမှထွက်လာတော့ တိုးတိုး၏ကိုယ်တွင် ဆံပင်ညှပ်စတွေနှင့်ယားယံစပြုလာသည်။ အိမ်ပြန်၍ရေချိုးချင်လှပြီဖြစ်သော်လည်း ကောင်းကောင်းကခုထိရောက်မလာသေး။ ခဏကြာတော့မှ သီချင်းခွေတချို့ဝယ်ပြီး ကိုယ်တော်ချောကပေါ်လာသည်။
"ကြာလိုက်တာကွာ မင်းကလည်း"
တိုးတိုးက စူပုတ်ပုတ်နှင့်ပြောကာ ကောင်းကောင်းဆီမှစက်ဘီးလက်ကိုင်ကိုဆွဲယူပြီးနင်းဖို့လုပ်သည်။
"မင်းပြောတော့ ခြေထောက်နာနေတယ်ဆို"
"ရတယ် ငါရှေ့ကနင်းမယ် အဲ့ဒါမှ ငါ့ဆီကဆံပင်ညှပ်စတွေ မင်းဆီလွင့်လာပြီး မင်းပါယားအောင်လို့"
![](https://img.wattpad.com/cover/285235702-288-k934282.jpg)
YOU ARE READING
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)