Ep 5 (Z)

5.9K 162 0
                                        

မြူနှင်းများဝေ၍ အရိုးထိပင်အေးသော ဒီဇင်ဘာလသို့ရောက်ခဲ့ပြီ။ ဒီနေ့သည် ခရစ္စမတ်နေ့ဖြစ်၏။ ကောင်းခန့်တို့မိသားစုရော တိုးတိုးတို့မိသားစုပါ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ခရစ်စ္စမတ်နေ့ဆိုလျှင်အထူးတလည်ပင်ပျော်ရွှင်နေတတ်ကြသည်။

ကောင်းခန့်တို့လမ်းထဲတွင် ရှားရှားပါးပါးခရစ်ယာန်အိမ်တစ်အိမ်ရှိသည်။ ထိုအိမ်မှဘဘဦးတင်ဦးသည် ခရစ္စမတ်နေ့ရောက်တိုင်း လက်ဆောင်ထုပ်လေးများထုပ်၍ လမ်းထဲရှိကလေးများကို ဝေပေးတတ်သည်။ ညနေစောင်းချိန်အအေးဓာတ်ပိုလာပြီဆိုသည်နှင့် ဘဘဦးတင်ဦးက ခြံရှေ့လမ်းမဘေးတွင်မီးပုံဖိုလိုက်သည်။ ထို့နောက်လမ်းထဲမှကလေးများကိုခေါ်၍ မီးလှုံရင်းပါဆယ်ဂိမ်းများကစားကြရသည်။

မီးပုံအားဝိုင်းပတ်ထိုင်၍ သီချင်းသံနှင့်အတူ ပါဆယ်ထုပ်တစ်ထုပ်ကို လက်ဆင့်ကမ်းသယ်ကြရင်း သီချင်းရပ်သွားချိန်တွင်လက်ထဲသို့ ပါဆယ်ထုပ်ရောက်ရှိနေသူက မဲနှိုက်၍ကျရာဇာတ်ရုပ်တစ်ခုခုကို သရုပ်ဆောင်ပြရသည်။ ထိုသို့ကစားရခြင်းကို ကောင်းခန့်တို့က ပါဆယ်ဂိမ်းဟုခေါ်ကြ၏။ ကောင်းခန့်တို့လမ်းထဲမှကလေးများအားလုံး ခရစ္စမတ်နေ့ရောက်တိုင်း ဘဘဦးတင်ဦးအိမ်ရှေ့တွင် ထိုဂိမ်းကိုမဆော့ဖူးသူဟူ၍မရှိကြပါ။ မြတ်သန္တာအောင်တို့မောင်နှမတွေပင်ဆော့ဖူးကြ၏။

"ကိုလေးရေ... အိငယ်တို့သွားနှင့်မယ်"

အိငယ်က မျက်စောင်းထိုးအိမ်မှစည်သူအောင်လေး၏လက်ကိုဆွဲ၍ ဘဘဦးတင်ဦးအိမ်ရှေ့သို့ပြေးတော့သည်။ ကောင်းခန့်က တိုးတိုးအားအော်ခေါ်၍ နောက်မှလိုက်သွားရ၏။ ကိုညီနှင့် မမကလျာတို့က ကြီးနေပြီဟုဆိုကာ ပါဆယ်ဂိမ်းကစားရာသို့ဝင်မပါကြတော့သော်လည်း ဘေးမှအားပေးရန်လိုက်လာကြသည်။

"စည်သူအောင် နင့်အစ်မရော"

မမကလျာက မြတ်သန္တာအောင်ကိုမတွေ့သဖြင့် စည်သူအောင့်အားလှမ်းမေးသည်။

"မကြီးမြတ်သန္တာက အမေနဲ့လိုက်သွားတယ်"

စည်သူအောင်ကပြန်ဖြေပြီး ကလေးများကြားထဲတွင်တိုးဝှေ့၍ ဝင်ထိုင်၏။ ထိုစဉ် စည်သူအောင်၏ဘေးမှကလေးတစ်ယောက်က စည်သူအောင့်ပုခုံးကိုဆောင့်တွန်းပစ်လိုက်သည်။

The Promise Of SummerWhere stories live. Discover now