သင်္ကြန်ရေဝနေသောလမ်းမပေါ်တွင် ပိတောက်ကြွေများဟိုတစ်စဒီတစနှင့် သင်္ကြန်ပွဲတော်ကြီးလည်း အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီ။
တိုးတိုးနှင့်ကောင်းကောင်းတို့သည်လည်း ၁၀ တန်းစာများကို စတင်လေ့လာကြရတော့သည်။ မေမေက အိမ်မှာပဲ သေချာဂိုက်လုပ်ပေးသောကြောင့် ဘော်ဒါဆောင်သွားနေစရာမလိုပေ။ သင်္ချာဘာသာရပ်တစ်ခုသာ ဆရာကြီးဦးမြကျော်ကျူရှင်တွင် သွားတက်ရသည်။ ဆရာကြီးမှာ သင်္ချာဘာသာရပ်ကို အထူးပင် အသင်အပြကောင်းသောကြောင့် မေမေကိုယ်တိုင်လိုက်အပ်ထားပေးခြင်းဖြစ်၏။
"ကိုညီ... ကောင်းကောင်းရော"
"အိမ်သာထဲမှာနေမှာပေါ့ လိုက်သွားလေ"
"အာ... ကိုညီကလည်းဗျာ"
ကောင်းကောင်းနားအမြဲကပ်နေတတ်သူမို့ တိုးတိုးကို ကိုညီကရွဲ့ပြောသည်။ တိုးတိုးက အိမ်ထဲသို့ဝင်၍တီဗွီရှေ့ကွက်ပျစ်ပေါ်တွင်ထိုင်ရင်း အိမ်မှယူလာသော လေးလေးထွန်း၏ ဂစ်တာကိုတဒင်ဒင်နှင့် လျှောက်တီးနေ၏။
"ကြိုးပြတ်ပြီးမျက်လုံးမှန်မယ်နော် ဟိတ်ကောင်... တီးတတ်တာလည်းမဟုတ်ဘဲနဲ့"
"၁၀တန်းဖြေပြီးရင်သင်မှာ"
တိုးတိုး ရော ကောင်းကောင်းရော ဂစ်တာတီးတတ်ချင်လှပြီ။ လေးလေးထွန်းက ၁၀ တန်းပြီးမှ သင်ပေးမည်ဟု ပြောထားသဖြင့်ငြိမ်နေကြရ၏။ စာမလုပ်ပဲ ဂစ်တာတဒေါင်ဒေါင်တဒင်ဒင်လုပ်နေလျှင် မေမေလည်းကြိုက်မည်မဟုတ်ပေ။
မေမေက အိမ်အောက်ထပ်ခန်းတွင် ကျူရှင်လည်းသင်သောကြောင့် ကျောင်းသားများစာသင်နေချိန်ဆိုလျှင် ဆူညံသည့်အတွက် တိုးတိုးက ကောင်းခန့်တို့အိမ်ဘက်သို့ လာနေလေ့ရှိသည်။ များသောအားဖြင့် တိုးတိုးသည်သာ ဒီအိမ်ဘက်တွင်အနေများ၏။ ဒီအိမ်မှာကကောင်းကောင်းအပြင် ကိုညီလည်းရှိသည်။ မမကလျာဇော် လည်းရှိသည်။ စနောက်အနိုင်ကျင့်စရာ စွာတေးလန်အိငယ်လေးလည်းရှိသည်။
"ကိုတိုး စကားထာဝှက်တိုင်းဆော့ရအောင်"
အိငယ်က အနားသို့ရောက်လာပြီး တိုးတိုးအားအဖော်ညှိသည်။

YOU ARE READING
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)